Kyaw Thu - FFSS Yangon Activity (19th April 2011)

 
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဧပြီ ၁၉၊ ၂၀၁၁

ကက်ကင်းကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း ၁၇၅ ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုဟ်ပေးခဲ့သည်။ 

သင်္ကြန်အတက်နေ့ည ၁၂း၀၀ နာရီအချိန်ထိ ကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်း ကာလတွင် နာရေးကူညီမှုများ ထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ဝင်/ထွက် သွားလာရာ၌ အခက်အခဲရှိခြင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီမှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏ လူသားချင်းစာနာ စိတ်ဓာတ်ကြောင့် ဝိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအား ဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများ ချောမွေ့စေခဲ့သည်။

 
 
 
 
သင်္ကြန်တွင်းကာလအတွင်း အများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဝန်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကို စွန့်လွှတ်ကာ အများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက် ရှိကြသည်။ သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူ တဦးချင်း (သို့) အဖွဲ့လိုက် စုပေါင်း၍ စတုဒီသာ အကျွေးအမွေးအဖြစ် နံနက်စာ၊ နေ့လည်စာ၊ အချိုပွဲ၊ ညနေစာ စသည်တို့ကို ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကုသိုလ်ဖြစ် ကျွေးမွေးဒါနပြုခဲ့ကြသည်။ 
 
 
 
နှစ်ဆန်းတရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ မိသားစုလိုက်၊ တဦးချင်း၊ မိတ်ဆွေ သူငယ်ချင်းများအဖွဲ့လိုက် လာရောက်၍ အလှူငွေလှူဒါန်းခြင်းများ မထင်မှတ်လောက်အောင် များပြားလှသည်။ ထိုနေ့ည ၇း၀၀ နာရီအချိန်တွင် ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး ဦးဆောင်၍ သံဃာတော် ၅ ပါးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာသို့ ပင့်ဆောင်ကာ ဆရာတော်ကြီးမှ ပရိတ်တရားတော်ချီးမြှင့်ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမ်းဆောင်ပေးဆပ်ခဲ့သော ကုသိုလ်ကောင်းမှုများအား အမိအဖ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ စသဖြင့် ၃၁ ဘုံ ကျင်လည်ကြကုန်သော မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေငှခဲ့သည်။

 
 
 
သင်္ကြန်အကြိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးအသစ်ရှိ ဥက္ကဋ္ဌ ဦးကျော်သူ၏ အခန်းရှေ့သို့ ပျံသန်းနေသော ငှက်တစ်ကောင် ပြုတ်ကျလာခဲ့သည်။ ယင်းငှက်ငယ်အား နွေးထွေးစွာ ယူငင်ကြည့်သောအခါ သိမ်းငှက်ပေါက်တကောင်ဖြစ်နေကြောင်း သိခဲ့ရသည်။ ၎င်းသိမ်းငှက်ငယ်လေးအား ကျွေးမွေးပြုစုခဲ့ပြီးနောက် နှစ်ဆန်းတရက်နေ့တွင် ဘေးလွတ်ရာသို့ အချုပ်အနှောင် လွတ်ငြိမ်းရာသို့ ပြန်လည်၍ လွတ်ပေးခဲ့သည်။

ဘဘ ဦးသုခ ပြောကြားခဲ့သောစကားအား ပြန်လည်အမှတ်ရစေခဲ့တော့သည်။ “မောင်ကျော်သူ မင်းနဲ့ ဘဘက ကက်ကင်း” တဲ့။
 
 
ဟုတ်ပါသည်။ ကျော်သူ - သုခ၊ ကျော်သူ - သင်္ချိုင်း၊ ကျော်သူ - သင်္ကြန်၊ ကျော်သူ - သိမ်းငှက် အားလုံးတို့သည် ကက်ကင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း လုပ်ဆောင်ပေးခဲ့သော ကုသိုလ်ကောင်းမှုများအား ကက်ကင်းကုသိုလ်ကောင်းမှုဟု ဆိုလိုက်ပါတော့သည်။

လက်ခုပ်ထဲကရေ

ယာဉ်မောင်းသူတို့ ဆင်ခြင်ရန်၊ ယာဉ်မောင်းသူတို့ သတိရှိရန်၊ ယာဉ်မောင်းသူတို့ စည်းကမ်းရှိရန် သတိပေးချက်များတွင် ‘မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့’ ‘သင့်လက်ထဲတွင် ခရီးသည်တို့၏ အသက်ရှိသည်’ ‘ဇနီးသားသမီးများက သင်ဘေးမသီရန်မခ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည်ကို သတိပြု’ ဟူသော ဆောင်ပုဒ်များ ရှိလင့်ကစား မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် မဟာသင်္ကြန် အကြိုနေ့ ၁၃.၄.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ဦးထွန်းအေး အသက် ၄၇ နှစ်၊ သား မောင်မြင့်မြတ်သူ အသက် ၃ နှစ် ၂ လ တို့ သားအဖနှစ်ဦးတို့သည် မိဘဆွေမျိုးများရှိရာ ပဲခူးမြို့ဘက်သို့သွားရောက်ပြီး ရန်ကုန်နေအိမ်သို့ TAXI အငှားယာဉ်ဖြင့် ပြန်အလာ ညနေ ၆း၃၀ နာရီခန့်က မင်္ဂလာဒုံ ရေကြည်အိုင်ရှေ့တွင် ရန်ကုန်ဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော မှော်ဘီ - ရန်ကုန် (ဟိုင်းလတ်) ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိတော့သည်။ သားအဖ နှစ်ဦးစလုံး ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကုသခဲ့သော်လည်း ၁၆.၄.၂၀၁၁ စနေနေ့တွင် ဘဝတပါးသို့ ပြောင်းသွားကြရှာသည်။

 
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သွားသူတို့နှင့် ကျန်ရစ်သူမိသားစုများအတွက် အဆင်ပြေရန် ကူညီဖေးမ ပေးဆပ်မှုလုပ်ငန်းဖြစ်သော နာရေးပို့ဆောင်မှုကို ၁၆.၄.၂၀၁၁ နေ့လည် ၂း၀၀ နာရီ သင်္ကြန်အတက်နေ့ဖြစ်၍ အများသူငှာ ပျော်ပါးစွာ ရေကစားကခုန်နေကြစဉ် ရင်ထဲနင့်နေရအောင် မီးသင်္ဂြိုဟ်ပေးခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်ဆေးရုံကြီး အအေးခန်းသို့ နိဗ္ဗာန်မော်တော်ယာဉ်နှစ်စီး ပြိုင်တူသွားကြပြီး ရုပ်အလောင်းတို့အားကြည့်ရှုစဉ် ဖခင်ဖြစ်သူ ဦးထွန်းအေး၏ ဦးခေါင်းနံဘေးတွင်ထားရှိသော ယွန်းဘူးငယ် (စိပ်ပုတီးထည့်ထားဟန် တူ၏) ကလေးငယ် မောင်မြင့်မြတ်သူ၏ ရုပ်အလောင်းဘေးတွင် ဦးထုပ်ငယ်၊ ရေကစားသေနတ်၊ ဂီတာငယ်လေးတလုံးနှင့် အတူ မောင်မြင့်မြတ်သူလေး အိပ်စက်နေသည့်အလား တွေ့မြင်ရတော့သည်။ ကလေးငယ်၏ လက်ခြေဦးခေါင်း၊ ဖခင်၏ လက်ခြေတို့တွင် သွေးခြောက်များကပ်တွယ် ငြိနေသည်ကိုလည်း မြင်တွေ့ရသည်။ သားငယ်လေး မောင်မြင့်မြတ်သူကို ကလေးနိဗ္ဗာန်ယာဉ် (Baby Only)၊ ဖခင် ဦးထွန်းအေးအား လူကြီးနိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဦးတိုက်၍ ရေဝေးသုဿန်ရှိရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုဿန်တွင် ဈာပနလိုက်ပါ ပို့ဆောင်သူများနှင့် စည်ကားပြည့်နှက်နေသည်။ အများသူငှာတို့ ပျော်ပါးနေသည့်အချိန် ရေကစားနေကြသည့်အချိန်၊ ကခုန်နေကြသည့်အချိန်တွင် ဈာပနပို့ဆောင်ကြသူ ဆွေမျိုးသားချင်းများ၏ နှလုံးသားထဲတွင်သာမက ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများ၏ နေ့စဉ်ကြုံတွေ့နေရသော ဈာပန ဖြစ်စဉ်များ၊ အသုဘကမ္မဋ္ဌာန်းများ စသည့် မရဏာနုဿတိကိုပင် တဒင်္ဂကလေး မေ့လျော့ကာ ရင်ထဲနင့်နေအောင် ခံစားမိတော့သည်။
 
 
အဆုံးသတ်သော် မော်တော်ယာဉ်မောင်းသူတို့၏ လက်ခုပ်ထဲမှရေဖြစ်သော ခရီးသွားများ၏ တန်ဖိုးရှိလှသော အသက်ဝိဉာဏ်တို့အား မဖိတ်မစင်ရအောင် ယာဉ်မောင်းသူတို့၏ တာဝန်၊ စည်းကမ်း၊ သတိ တို့သည် လွန်စွာမှအရေးကြီးလှပါကြောင်း . . . ။

(ယင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မှော်ဘီ - ရန်ကုန် အဝေးပြေးယာဉ်မောင်းကား အဝေးသို့ ထွက်ပြေး လွတ်မြောက် ရှောင်တိမ်းနေဆဲပင်)

Comments