ပြည်တွင်း သတင်းသမားများလည်း နိုင်ငံရေး အကျဉ်းသားများအတွက် ငွေလှူ
ခင်နှင်းလွင် ၊ ရန်ကုန်
ဧပြီ ၂၈၊ ၂၀၁၁
ပြည်တွင်းသတင်းသမားများက နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအတွက် ကူညီထောက်ပံ့ငွေ ကျပ် ၂ သိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့်လှူဒါန်းခဲ့သည်။
ပြည်တွင်းသတင်းသမားများ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား စိတ်ဓါတ်ရေးအရ ထောက်ခံအားပေးခြင်း၊ ခံစားနေရသည့် ဒုက္ခများအား ဝေမျှစေလိုသည့် ဆန္ဒဖြင့် မိမိတို့ တတ်နိုင်သရွေ့ ထည့်ဝင်ကြပြီး ပေးလှူခဲ့ကြခြင်းဖြစ်သည်ဟု သွားရောက်လှူဒါန်းသည့်အထဲ ပါဝင်သူ ကိုမြင့်ကျော်က ပြောသည်။
အရပ်သားအစိုးရဟု ပြည်တွင်းနိုင်ငံရေးပါတီအချို့နှင့် ကမ္ဘာ့နိုင်ငံအချို့က လက်ခံထားကြသည့် ဦးသိန်းစိန်ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရသစ် တာဝန်ယူပြီး သီတင်းပတ်အနည်းငယ်အကြာတွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုမှုများ ပိုမိုတွေ့မြင်လာခဲ့ပြီး ယခုလို အကျဉ်းသားကူညီရေး လုပ်ဆောင်မှုများပါ ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေသေးသည့် အတွက် အကျဉ်းကျခံနိုင်ငံရေးသမားများအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုပွဲကိုပြုလုပ်လျက် ရှိသည်။
ယနေ့သွားရောက်လှူဒါန်းသည့် ပြည်တွင်းသတင်း သမားများအနေနဲ့ ၀င်ရောက်လက်မှတ်ထိုး ဆန္ဒပြုခဲ့သူ ခုနှစ်ဦးခန့်ရှိခဲ့သည်ဟု သိရသည်။
“ကိုယ်တိုင် အကျဉ်းမကျခံရဘူးပေမဲ့ ဒီလို အကျဉ်းကျခံနေရတဲ့ လူတွေကို စာနာမိတယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဒီခေတ်ကြီးထဲ မရှိသင့်တော့ပါဘူး။ သတင်းထောက်ဆိုတာ သတင်းယူရုံတင် မဟုတ်ပါဘူး ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေဒုက္ခကို မျှဝေခံစားတတ်ကြောင်းလဲ ပြချင်လို့ ဒီမှာလက်မှတ်ရေးထိုးတာပါ။ ”လို့ သွားရောက်ငွေလှူဒါန်းခဲ့သူ သတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။
မြန်မာပြည်ပရောက် မြန်မာများကလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပြုလုပ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
Comments