Mar Mar Aye – 374

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၇၄)
မဟာဂီတသင်ရိုးနှင့်ပတ်သက်၍
မာမာအေး
ဧပြီ ၃၊ ၂၀၁၁

 (photo - Khin Maung Lay)

BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါး ကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ပြီးခဲ့တဲ့ မာအေးရဲ့ အစီအစဉ်မှာ နာမည်ကျော် ဂီတဆရာကြီး အေဝမ်း ခင်မောင်အကြောင်း အနှောင်းပိုင်း အခြေအနေမှန်ကို ပေါ့ပေါ့ပါးပါး သောတရှင်တို့ ကြားနိုင်အောင်သာ လျော့ပေါ့ ပြောပြတယ်လို့ပဲ ထားလိုက်ပါတော့နော်။ ဆရာအေဝမ်းကြီးရဲ့ တဘဝတာကို နိုင်ငံတကာက ပညာရှင်ကြီးတွေလို တိတိကျကျ အတ္ထုပ္ပတ္တိမျိုး ရေးကြေးပြောကြေးဆိုရင် ဟင် .. ဟုတ်လား! အဲဒီလိုကြီးလား! အဲဒါမျိုး စုပ်တသတ်သတ်နဲ့ အံ့သြနေမှာ သေချာတာပေါ့။

ခုတော့လည်း အနိစ္စသဘောပေပဲ။ ဆရာခင်မောင် သာမက ကိုယ့်ဂီတ မိဘဘိုးဘွား ဂူတော်လေးမှ မကျန်ပါတကား၊ မချန်ထားပါကလား။ တရားရစရာ၊ တရားကျစရာက တဖက်။ အထောက်အထား ဗလာ ပျောက်သွားရှာလိုက်တာ ဂီတရိုးရာ ဦးခိုက်ကိုးကွယ် ကန်တော့စရာ တယောက်မှ မကျန်ခဲ့လို့ ရင်ကနာ ဘဝင်မကျတာက တဖက်မို့ ခုချိန်ထိ နှလုံးသားမှာ တသက်သက် ဖြစ်နေတုန်းပါပဲ။

တခါတလေတော့လဲ မာအေးကို မေမေက လေးငါးဆယ်နှစ်လောက် စောပြီး မွေးခဲ့ရင် အကောင်းသားလို့ မဟုတ်မဟတ် မဖြစ်နိုင်မှန်း သိရဲ့သားနဲ့ တောင့်တလို တောင့်တချင်၊ အတော့်ကို ဂြိုလ်ထိုးတတ်တဲ့ ဥာဉ်ကလေးက ဝင်တယ်ရှင့်။ ဘာလို့လဲဆိုတော့ မာအေးက ကိုယ့်ဂီတဘဝမှာ ကိုယ့်ရှေ့က သက်ကြီးဝါကြီးတွေကို ကျော်ပြီး ဘာမှ မလုပ်ချင်တော့လို့ပါ။

“လူကြီးတွေ အရှိသားနဲ့” “ဘုန်းကြီးရှေ့က ကြွ” ဆိုတာမျိုး မြင်မှာပြောမှာ စိုးရတာကိုး။ ဒါကြောင့်မို့ ကိုယ်ပြောချင်တာမျိုး ပြောမယ့်သူ၊ ကိုယ်မြင်သလို မြင်တတ်တဲ့သူ၊ ကိုယ်နဲ့ ကီးကိုက်တဲ့လူကြီး ရှာလို့ချည်း နေမိတော့တယ်ရှင်။ သက်တူရွယ်မျှ ဆိုမှလဲ ငြင်းရခုန်ရတာ သင့်တော်တယ်ဆိုလား။ ငယ်တဲ့သူက ဝင်ပြောရင် အတွန့်တက်တယ် ထင်ချင်ထင်သေးတာ ခက်တယ်။

ဒါဟာလဲ ဖြစ်ရိုးဖြစ်စဉ်တခုလို့ အောင်းမေ့မိတော့တာပါပဲ။ လူကြီးမိဘများဟာ သူတို့မျက်စိအောက်မှာ တောက်လျှောက်တွေ့လာတဲ့ ကလေးသားမြေး ပုတုကွေးတွေ တဖြည်းဖြည်း အရွယ်ရောက်လာတာကို သတိ မထားမိ ကြတာ များပါတယ်။ သူတို့ရင်ထဲက အစွဲဟာ ကလေးဟာ ကလေးပဲ။ ကလေးကနေ မတက်တော့ဘူး။ တစုံတရာ ကျေနပ်စရာ မတွေ့တာနဲ့ ခြေရာတိုင်းသလေး၊ ပုခုံးချင်း ယှဉ်သလေးနဲ့ ဘေးတီးတာတွေ ခံရပေါင်းများတော့ ကိုယ့်ရှေ့မှာ ‘တမံ’တုတ်ထားမှ ကိုက်မယ်ပေါ့။

လောကတွင်းက လူတို့ရဲ့ သဘောသဘာဝအတိုင်း ဂီတလူတို့မှာလည်း ကြီးသူနဲ့ ငယ်သူ သည်မူမျိုးပါပဲ။ မာအေးဟာ ကလေးဘဝထဲက သဘင်တော ဂီတတော ရုပ်ရှင်တောမှာ ပျော်ပျော်ကြီး နေလာခဲ့တာပါ။ အောင်မြင် လာခဲ့တဲ့ သက်တမ်း နှစ်ခြောက်ဆယ်ကျော်လောက် မှန်းကြည့်လိုက်စမ်းပါလားရှင်။ ဆရာအဆူဆူ စာအမူမူ ဘယ်ခါမှ မပြတ်ခဲ့သူ၊ ကိုယ်ပိုင် ဂီတကျောင်းလည်း ထူထောင်ထားတဲ့သူဆိုတော့ နိုင်ငံနဲ့အမျှ ဂီတဖွံ့ဖြိုး ရိုးရာတိုးစေမယ့် ကိစ္စမျိုးမှာ ဝင်ပါခဲ့ရတာပေါ့နော်။

မဟာဂီတ စည်းဝါးသံကျ ဆန်းစစ်ကြဖို့ တဖွဲ့တခု စုစည်းပေးခဲ့တဲ့အခါ အဆိုအဖွဲ့ အတွင်းရေးမှူးဖြစ်လို့ သင်ရိုး ကြိုးသီချင်း (၁၃)ပုဒ်ကို ကိုယ့်အိမ်ကိုယ့်ကျောင်းမှာ သင်တန်းသားတွေကို သင်ကြားသလိုနည်းမျိုးနဲ့ အသံသွင်း တင်ပြမယ်လို့ စီစဉ်ဖူးခဲ့ပါတယ်။ အကြမ်း ဆိုပြထားတဲ့ ကက်ဆက်ခွေကို အဖွဲ့ရဲ့ နာယကကြီးဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ခင်အုန်း အိမ်ကို သွားပြီး မြည်းစမ်းဖို့ ပို့ပေးခဲ့ပါတယ်။ ဦးခင်အုန်းဟာ အနုပညာများကို ချစ်မြတ်နိုးတတ်တဲ့သူပါ။ ရာမညကိုကိုနိုင် နာမည်နဲ့ စောင်းအကြောင်း လေ့လာရေးသား ထုတ်ဝေတယ်။ ပန်းချီဆွဲ၊ ပန်းပုထုတာလည်း လက်မြောက်သူပဲ။ မာအေးနဲ့ သူတို့မိသားစု ခင်မင်ကြတာက မာအေးရဲ့ သမီးကြီးနဲ့ ဦးခင်အုန်း မမထွေး တို့ရဲ့ သမီးထွေးတို့ လူ့လောက ရောက်လာတော့ ဒပ်ဖရင်အမျိုးသမီးဆေးရုံကြီးမှာ တခန်းထဲကျလို့ပါရှင်။

နာယကကြီး အိမ်အထိ အခွေပို့ရတာက သူကြားဖူးမှာမှ မဟုတ်တဲ့ ဆိုနည်း အသံထွက်တွေ ပါတဲ့အကြောင်း၊ စာပီအောင် အသံကို အတိုးအဆုတ် လုပ်ထားကြောင်း ပြောပြမှ ဖြစ်မှာမို့ တချက်၊ ခရီးထွက်ရမှာမို့ စည်းဝေး တက်နိုင်မှာ မဟုတ်တော့ ခွင့်တောင်းဖို့တချက် ရှိလို့ပါပဲ။ ကက်ဆက်ခွေကို အကြမ်းပဲ ရှိသေးလို့ ရှင်းပြရမှာလည်း ရှိသေးလို့ ကိုယ်တိုင်တက်နိုင်တဲ့ အစည်းအဝေးကျမှ တင်ပြရှင်းပြပါမယ်လို့ ပြောပြီး ခရီးထွက်သွားခဲ့ပါတယ်ရှင်။

မာအေး ပြန်လာတဲ့အခါ အခွေကလေးတောင် ဘယ်သူ့ လိုက်တောင်းရမှန်း မသိ ဖြစ်ရပါတယ်။ နာယကကြီးက မာအေးရဲ့ သီချင်းဆိုနည်းနဲ့ စာပီတဲ့နည်းတွေ ကြားလိုက်ရတာကြောင့် အဖွဲ့ကို မြည်းခိုင်း လိုက်တာတဲ့ရှင်။ ဒါပေမယ့် အဖွဲ့ဝင် ဂီတပညာရှင်ကြီးတဦးက တပုဒ်ပဲ နားထောင်ပြီးသေးတဲ့ အချိန်မှာ ကက်ဆက် ခွေကို စက်ထဲက ထုတ်ယူ လွှင့်ပစ်လိုက်ပါသတဲ့။ အကြမ်းအသံသွင်းထားတုန်းမို့ ကော်ပီမှတောင် ကူးမထားလိုက် ရတော့ သွားပေါ့ … သွားရောပေါ့။

အဲဒီလိုပဲ၊ လူကြီးတွေက ဘာကြောင့် ဘယ်လိုလုပ်ပါတယ်လို့တောင် အပြောမခံဘူး။ အနိုင်ကျင့် တာပေါ့လေ။ နောက်မှ တပုဒ် နှစ်ပုဒ်လောက်တော့ ချစ်ဆွေတို့ သဘောပေါက်အောင် ပြောပြဆိုပြဦးမှာပါ။

နောက်တမျိုးက ရိုးရိုးလေး မသိမသာ ရှောင်ကြတာ၊ နေလိုက်ကြတာနဲ့ ပွဲသာသိမ်းရော အဟောသိကံ ဖြစ်တတ်ပြန်သေးတယ် သောတရှင်တို့ရဲ့။ ရှေ့မှာ ပြောခဲ့သလို ဂီတမိဘဆွေမျိုးများရဲ့ အမှတ်တရ အုတ်ဂူတည်ထားတာတွေ ဖျက်မိန့် ပေးထားချိန်မှာ အနန္တဂိုဏ်းဝင် ဂီတသမားတို့ ဆရာသခင်အဖြစ် ပူဇော်ထိုက် ကန်တော့ထိုက်တဲ့ စံနဲ့ ပြည့်စုံတဲ့ ဂီတမိခင်ဖခင်ကြီးတွေရဲ့ အရိုးကောက် ပြာချ၊ လက်ငင်းတာဝန်ရှိနေတဲ့ ဂီတ အစည်းအရုံးဝင်းထဲမှာ လွမ်းသူ့ကျောက်တိုင် ဆိုတာမျိုး ကဗည်းထိုးထားရရင် မကောင်းဘူးလား။ ကုန်ကျတဲ့ စရိတ်လည်း စိုက်ဆို စိုက်ပါ့မယ်လို့ နီးစပ်ရာ ဂီတလူကြီး ညီအကိုတွေကို ဦးစီးဆောင်ရွက်ပေးဖို့ တွန်းအားပေး ခဲ့ပေမယ့် စကားပြန် မရ။ နွားရှေ့ကထွန် ကိုယ်သာ အလွန် နှုတ်ကျွံခဲ့တာ၊ မအောင်မြင်ပါဘူးရှင်။ သမုဒယသစ္စာ သူလည်း မမြဲပါကလား။

× ×× (သံသရာခရီးသည်မှ) ဖြစ်လွယ်ပျက်လွယ် သဘောရယ်၊ လောကဝယ် ပြောလို့ မဆုံးဘွယ်၊ သင်္ခါရ အတောမသတ်လို့ မတည်မြဲလေတယ်။ ယသော အယသော လာဘော အလာဘော နိနံ္တပဿနံ္တ သုခံ ဒုက္ခံ လောကဓံ တရားမြတ်ရယ် × လောကီဘုံအလယ် ဆုံလာကြတဲ့ ပုထုဇဉ်လည်း မလွဲပါတယ် (သံသရာခရီးသည်)၃ ×××



Comments