စည်ပင်သာယာအုပ်ချုပ်သူများ၏ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်နိုင်ခြင်းကြောင့်
၂၀၁၁ ပူလစ်ဇာ စာနယ်ဇင်းဆု အယ်လ်အေတိုင်းမ်စ် သတင်းစာရရှိ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၂၀၊ ၂၀၁၁
၂၀၁၁ ခုနှစ် ပူလစ်ဇာစာနယ်ဇင်းဆု စာရင်းများ ထုတ်ပြန်ရာမှာ လူထုအကျိုးပြုဆု ကဏ္ဍမှာ အမေရိကန်ပြည် အယ်လ်အေက အယ်လ်အေတိုင်းသတင်းစာကြီးက ဆုရသွားပါတယ်။ သတင်းစာဆရာအဖွဲ့ဖြစ်တဲ့ Ruben Vives နဲ့ Jeff Gottlieb တို့တတွေက ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ဘဲလ်မြို့က စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့တခုလုံး မြို့တော်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်၊ လာဘ်စားပြီး သူတို့လစာတွေအဖြစ် မတန်တဆယူနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၁၀ ဇွန်လကတည်းက သတင်းထောက်တွေက သတင်းကို အနံခံဖော်ထုတ်ပြီး လူထုကိုပါ ပညာပေးနိုင်ခဲ့လို့ မဲဆန္ဒရှင်တွေက သူတို့မြို့အုပ်ချူပ်သူတွေကို ချက်ခြင်း ရာထူးတွေက ဖယ်ရှား အရေးယူခဲ့ကြပါတယ်။ အဲသည်က ဘဲလ်မြို့ဆိုတာက အဆင်းရဲဆုံးမြို့ကလေးဖြစ်ပြီး မြို့တော်ဝန်တွေ၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးတွေက အစိုးရလွှဲအပ်ထားတဲ့ ဘဏ္ဍာရေးကနေ လစာကို သိန်းချီပြီး ထုတ်သုံးနေကြတာ ဖြစ်ပါတယ်။
အခုလို ပူလစ်ဇာဆုမကြေညာခင် ၁၀ ရက်လောက်မှာ အဲသည် ဘဲလ်မြို့က စည်ပင်သာယာအုပ်ချူပ်ရေး ရွေးကောက်ပွဲအသစ်တခုကနေ ပြည်သူ့အလိုကျ အုပ်ချူပ်ရေးမှူးတွေ၊ မန်နေဂျာတွေ ရွေးချယ် တင်မြှောက်လိုက်နိုင်ခဲ့ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
ထူးခြားတာကတော့ စည်ပင်သာယာအုပ်ချူပ်ရေးအဖွဲ့က မတရားလာဘ်စားနေတာ၊ ခြစားနေတာတွေကိ ဖော်ထုတ်အရေးယူနိုင်ဖို့အတွက် လက်မှိုင်ချနေကြတဲ့ မြို့ခံပြည်သူတွေကို သတင်းစာဆရာတွေက ဥပဒေဘောင်အတွင်းကနေ မည်သို့ မည်ပုံ အရေးယူနိုင်ရန်၊ တိုက်ပွဲဝင်နိုင်ကြရန် ပညာပေးတာတွေ၊ အင်တာနက်နည်းပညာ၊ ဆက်သွယ်ရေးနည်းစနစ်အသစ်တွေနဲ့ တပ်ဆင်ပေးတာတွေ လုပ်ခဲ့ကြပါတယ်။ တရားရုံးအထိ ဆင့်ခေါ်ပြီးတော့ အများရှေ့မှာ စည်ပင်သာယာမန်နေဂျာတယောက်ရဲ့ လစာကို ထုတ်ဖော်ဝန်ခံခိုင်းတဲ့အထိကို ဖိအားတွေပေး၊ ဥပဒေနည်းတွေနဲ့ လူထုက ဆောင်ရွက်ခဲ့ရပါတယ်။
"အဲသည်လို မေးလိုက်တယ်။ ခင်ဗျားရဲ့ အစိုးရမန်နေဂျာလစာ ဘယ်လောက် ယူထားသလဲ ပြောပါ။ ဒီအခါမှာ အဲသည်လူက ခေါင်းငုံ့ပြီး ဖြေတယ်။ တလကို အမေရိကန် ဒေါ်လာ ၇ သိန်း တဲ့ "
မတရားမှုတွေကို ဖော်ထုတ်ဖို့၊ အမှန်တရားဖက်က ရပ်တည်ဖို့၊ အားနည်းသူ အကာအကွယ်မဲ့တဲ့ ပြည်သူတွေဖက် ထုတ်ဖော်ပြောဆိုဖို့၊ ပြည်သူတွေရဲ့ မျက်စိနဲ့ နားဖြစ်ဖို့ အဲသည်က သတင်းထောက်တွေက ကြိုးစားခဲ့ကြတယ်။ အဲသည်လို ကြိုးစားတဲ့သူတွေ စာနယ်ဇင်းသမားတွေ အများအပြားကို ပူလစ်ဇာစာနယ်ဇင်းဆုက ကဏ္ဍတွေ အမျိုးစုံနဲ့ ယခုနှစ်မှာလည်း ဂုဏ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
http://www.pulitzer.org/node/8501 သည်နေရာမှာ ဖတ်နိုင်ပါပြီ။
Comments