နေ့စွဲ - ၂၀၁၁ ခုနှစ် မေလ ၂ ရက်
(ပြည်သူ့ဂုဏ်ရည်ဝက်ဆိုက်က ကူးယူဖော်ပြပါတယ်)
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများ တင်သွင်းခြင်းကို ဧပြီလ ၁၅ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၄ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။ ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက မေလ ၁ ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း)
၂။ ဒေါ်ဖြူဖြူသင်း (တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ)
၃။ ဒေါ်ရှု (အကျဉ်းကျ သံဃာတော်များအား စောင့်ရှောက်နေသူ)
၎။ ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
၅။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆ ၃၈၃ ၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀ ၄၀၂ ၇၇၇၉
Comments