Burmese Signature Campaign joined by oversea Burmese

ဒေါ်စုနှင့်အတူ ပြည်သူ့ပြန်ကြားလွှာ လက်မှတ်ထိုးမှု တယောက်တလက် ၀ိုင်းဝန်းလျက်ရှိ
ဆန်ဖရန်၊ အိုရီဂွန်၊ နယူးယောက်၊ တက္ကဆပ် နဲ့ ထိုင်းနိုင်ငံက မြန်မာတို့က တိုက်တွန်း
မိုးမခ၊ မေ ၁၃၊ ၂၀၁၁
မြန်မာပြည်ပတွင် ရောက်ရှိနေကြသူ မြန်မာများနှင့် မြန်မာ့အရေးစိတ်ဝင်စားသူတို့က ကြံ့ဖွံ့အစိုးရသစ် ခေါင်းဆောင် သိန်းစိန်ထံ ပြည်သူ့ပန်ကြားလွှာပေးပို့ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လက်မှတ်ထိုးတောင်းဆိုလျက်ရှိရာ ကမ္ဘာနိုင်ငံအသီးသီးရောက် မြန်မာတို့၏ လက်မှတ်များ ၁ ထောင်နီးပါး မိုးမခမီဒီယာကတဆင့် စုဆောင်းရရှိနေပြီ ဖြစ်သည်။
ဆန်ဖရန်ဘေးဧရိယာရှိ မြို့နယ်အသီးသီးက မြန်မာမိသားစုများ၏ လက်မှတ်များလည်း သီးခြား လိုက်လံစုဆောင်းလျက်ရှိရာ ထိုလက်မှတ်များကိုပါ တပူးတည်း တင်သွင်းမည်ဖြစ်သည်။ အမေရိကန်အရှေ့ခြမ်း နယူးယောက်မြို့တော်တွင် လည်း စုဆောင်းကောက်ခံမှုများ ရှိနေသည်ဟု စာရေးဆရာ မောင်စွမ်းရည်က ပြောသည်။
       အမေရိကန်အနောက်ခြမ်း၊ အိုရီဂွန်ပြည်နယ်က မြို့နယ်များတွင်လည်း လိုက်လံစုဆောင်းမည်ဟု အဆိုပါပြည်နယ်က ကွန်မြူနီတီစည်းရုံးသူတဦးဖြစ်သူ ကိုထွန်းထွန်းက မိုးမခသို့ ပြောသည်။
ထို့အတွက် အမေရိကန်ပြည်အလယ်၊ တက္ကဆပ်ပြည်နယ်၊ ဟွန်စတွန်မြို့နယ်တ၀ိုက်ရှိ တိုင်းရင်းသားများ၊ မြန်မာ့အရေး စိတ်ဝင်စားသူများထံက လက်မှတ်များ စုဆောင်းနေကြောင်းကိုလည်း အေအေပီပီအဖွဲ့ဝင်တဦးဖြစ်သူ၊ ကွန်မြူနီတီစည်းရုံးလှုံဆော်သူ John Glenn က ပြောကြားသည်။
“မြန်မာနိုင်ငံရေးဒုက္ခသည်တွေ စုဝေးရာဖြစ်တဲ့ RCEA ဆိုတဲ့ Refugee Community Empowerment Association အနေနဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုကို လုပ်နေကြပါတယ်”
ဟု သူက မိုးမခသို့ ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာမိသားစုများ၊ စာပေ အနုပညာရှင်များကလည်း ပြည်သူ့လူထုနှင့် အတူ ပန်ကြားလွှာကို လက်မှတ်ထိုးလျက်ရှိသည်ဟု ဆိုသည်။ ကိုဇာဂနာ၏ အနုပညာတပည့်ကျော်များဖြစ်သော သီးလေးသီးအဖွဲ့ဝင်များအနက် ပန်းသီး၊ ကြယ်သီး နှင့် ဇီးသီးတို့ကလည်း အွန်လိုင်းမှတဆင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ကလည်း မိမိတို့၏ ထမင်းရှင် ပရိသတ်ကြီးအားလုံးကို လက်မှတ်ထိုး ပန်ကြားကြရန် တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာပြည်သားများ၏ တခဲနက် ပန်ကြားချက်အဖြစ် ၀ိုင်းဝန်း ရပ်တည် လက်တွဲကြပါစို့ ဟု မိမိတို့ကလည်း ရိုသေစွာ နှိုးဆော်လိုက်ပါကြောင်း မိုးမခသို့ ပြောကြားသည်။
 

Comments