News & Media

သမ္မတ ဦးသိန်းစိန်အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် လက်မှတ်ထိုးထုတ်ပြန်
ခင်နှင်းလွင်၊ ရန်ကုန်
မေ ၁၇၊ ၂၀၁၁

၂၀၀၉ စက်တင်ဘာအတွင်းက ပြန်လည်လွှတ်ပေးမည့်အကျဉ်းသားများအား လာရောက်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ

သေဒဏ်ကျ အကျဉ်းသားများအား ထောင်ဒဏ်တသက်သို့လည်းကောင်း၊ ကျန်ပြစ်ဒဏ်ကျ အကျဉ်းသားများ အား လျော့ပေါ့ခွင့် တနှစ် ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို သမ္မတသစ် ဦးသိန်းစိန်မှ ယနေ့နေ့စွဲဖြင့် လက်မှတ်ရေးထိုး ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ယနေ့ညနေ ၆ နာရီသတင်းနှင့် ည ၈ နာရီ သတင်းများတွင် မြန်မာနိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် ၂၈/၂၀၁၁ ဟုဖေါ် ပြပါရှိသည်။

နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်း မှ နိုင်ငံရေးအင်အားစုများအားလုံး က မေတ္တာရပ်ခံ တောင်းဆိုနေကြစဉ် ယခုလို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သော် လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူမျိုး စု နိုင်ငံရေးသမားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် ဖမ်းဆီး အကျဉ်းချခံထားရသည့် သံဃာတော်များ ယခုကြေညာချက်အရ ခံစားခွင့်ရပြီး လွတ်မြောက်ရန် အခွင့်အလမ်း မရှိဟု ရန်ကုန်မြို့မှ သတင်းအယ်ဒီတာ တဦးကပြောသည်။

‘‘ဒီနေ့ကြေငြာသွားတဲ့ အထဲမှာ လျော့ပေါ့ရက် တစ်နှစ်ဆိုတာ နိုင်ငံရေး အကျဉ်းသား တွေ ရဖို့မလွယ်ဘူး။ ၂၀၀၇ စက်တင်ဘာက ကာဖျူးထုတ်လျက်နဲ့ ဆန္ဒပြတယ်ဆိုတဲ့ ၁၄၅ ပုဒ်မနဲ့ဖမ်းထား တဲ့ နိုင်ငံရေး အကျဉ်းသားတွေပဲ လွတ်နိုင်တယ်။ အဓိကကတော့ သေ ဒဏ်သမားကို လျော့ပေါ့ပေး ထားတာ ပဲ။ နှစ်ကြီး နိုင်ငံရေးအကျဉ်းသားတွေအတွက်တော့ ချထားတဲ့ပြစ်ဒဏ်နဲ့ဆိုရင် ထောင်မှာ တပတ်ကို တရက်ေ ကျွး တဲ့ အသားစားရက်တောင် မရှိဘူး။’’ ဟုနိုင်ငံရေး အကျဉ်းသားတွေကို ဥပဒေရေးရာ အကြံပေး ကူညီနေသူ ရှေ့နေ ဦးအောင်သိန်းက ပြောပြသည်။

သာမာန် ပြစ်မှုအကျဉ်းသားတွေအနေနဲ့ တစ်နှစ်လျှင် လျှော့ရက် နှစ်လမှ သုံးလအထိ ရနိုင်သော်လည်း နိုင်ငံရေးအကျဉ်းသားမှာ လျှော့ရက်မရှိ ပြစ်ဒဏ်နှစ်အပြည့် နေထိုင်ရသည်။ ထို့ကြောင့် ယခုလို လျှော့ရက် တစ်နှစ်ပေးသော်လဲ သာမာန်အကျဉ်းလောက်ပင် လျော့နည်းကြောင်း သိရသည်။

‘‘သေဒဏ်တွေ တစ်သက်တစ်ကျွန်းလဲရင် အနှစ်နှစ်ဆယ်ကနေ သုံးဆယ်အတွင်းပဲ ပြစ်ဒဏ်ရှိတော့ တယ်။ နိုင်ငံရေးလုပ်တဲ့သူက အဲဒီသေဒဏ်ထက်များနေ တယ်။ နောက်လျော့ရက်ဆိုတာလဲ တခြားအကျဉ်းသား ထက် နည်းတယ်။ လွတ်ရက်နီးတဲ့ နိုင်ငံရေး အကျဉ်း သားတွေပဲ လွတ်လာဖို့ များတယ်’’ လို့ နိုင်ငံရေးအ ကျဉ်းသားဟောင်းတစ်ဦးက ပြောပြသည်။

အစိုးရသစ်တက်ပြီး ပထမဆုံးပေးသော လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သည်။ ယခင် နအဖ အစိုးရလက် ထက် နောက်ဆုံး ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့ တွင်ကြေ ညာခဲ့သည်။ ထိုစဉ်က အကျဉ်းသား စုစုပေါင်း ၇၁၁၄ ယောက် အကျုံးဝင်ခံစားခဲ့ရသည့် အနက် ယုံကြည် ချက်ကြောင့် အကျဉ်းကျခံရသူ ၁၂၀ ၀န်းကျင် ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျင်းပပြီးစီးခဲ့သည့် အာဆီယံ အစည်းအဝေးတွင် အာဆီယံနိုင်ငံ များမှ ခေါင်းဆောင်များကလည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြသလို ၊ မကြာမီရက် ပိုင်း က လာရောက်ခဲ့သည့် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှူး၏ အထူးသံတမန် နမ်ဘီယားက လည်း နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်နှင့် နိုင်ငံရေးတွင် အားလုံးပါဝင် ခွင့်ပြု ရန် မြန်မာအစိုးရ သစ်ကို တိုက်တွန်းခဲ့သည်။

‘‘ဒီလိုလုပ်တာကို အလံတော်လာတယ်၊ လဲတယ်လို့ ခေါ်ကြတယ် အဲလိုအချိန်ဆို သေဒဏ် တို့ နှစ်ကြီး သမား တို့ မျှော်နေကြပေါ့။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့လူတွေကတော့ သိပ်မျှော်လင့်ချက်မရှိဘူး။ အခုတ စ်နှစ် လျော့ပေးရင်တောင် နိုင်ငံရေးမှုဆိုတာ နှစ်ကြီးက များတော့ မလွယ်ဘူး’’ လို့ နိုင်ငံရေး အကျဉ်းသူဟောင်း - တစ်ဦးက ပြောပြခဲ့သည်။

Comments