Quotes in May by Moemaka



မိုးမခ၏ မေလ စာကိုး စကားကိုး
မေ ၂၉၊ ၂၀၁၁



အရင်တုန်းက ဧရာဝတီမြစ်ရေက စိမ်းပြီး ကြည်နေတာ။ အခုကတော့ ရေတွေက နုံးတွေ အနည်တွေနဲ့ ရေတွေက နီနေပြီ။
ဦးစိုးညွန့်၊ မြန်မာနိုင်ငံငှက်ဝါသနာရှင်အသင်း ဥက္ကဋ္ဌ

မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ မေ ၆

ပိတ်ဆို့မှု ဆိုတာက သူပိတ်ဆို့တာလည်း မကောင်းဘူး၊ ကိုယ်ပိတ်ဆို့တာလည်း မကောင်းဘူး။

ဦးဝင်းမြင့်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး
မြန်မာပို့စ် ဂျာနယ်၊ မေ ၎


အကယ်ဒမီ ရပြီး တစ်လအတွင်းမှာ အနုပညာကြေး လျှော့ယူပါတယ်။ ဒါက ရယူမှုအတွက် ကျွန်တော် ပြန်ပေးဆပ်တာပါ။ မိုးညအဖွဲ့သား အားလုံး ကြိုးစားခဲ့လို့ အကယ်ဒမီဆုကို ရတာပေါ့လေ။

နေတိုး၊ သရုပ်ဆောင်
IDEA မဂ္ဂဇင်း၊ မေလ

ခုခေတ်ကလေ အပြင်က မိန်းကလေးတွေက မင်းသမီးတွေထက်တောင်မှ ၀တ်တတ်စားတတ်တာ တွေ့ရတယ်။ အဲ့ဒါ အရမ်း ကောင်းပါတယ်။ --- တစ်ခုပဲ သတိပေးချင်တယ်။ အဲ့ဒါက ၀တ်တော့ ၀တ်ပါ၊ သူ့နေရာနဲ့သူ ၀တ်ကြပါ လို့တော့ ပြောချင်ပါတယ်။ နောက် အပြင်ပိုင်းက လှသလို စိတ်ထားလေးလည်း လှစေချင်တယ်။

ချစ်သုဝေ၊ သရုပ်ဆောင်၊ အဆိုတော်
NOW ဂျာနယ်၊ မေ ၁၆

ကျောင်းအိပ်ကျောင်းစား ပညာသင်ကျောင်းသားအတွက် ၁၀ တန်းကို ၂၅ သိန်း၊ ကိုးတန်းကို သိန်း ၂၀ နဲ့ ၅ တန်းကနေ ၈ တန်းအထိကို ၁၅ သိန်း ကောက်ခံပါတယ်။ (ပုဂ္ဂလိက ကျောင်း ၁၀ ကျောင်းထဲမှာ) အသက်သာဆုံး စီစဉ်ထားပါတယ်။
ဦးကျော်စိုး၊ ရွှေပင်ရွှေသီး ပညာရေးဘော်ဒါဆောင်

စောင့်ကြည့် ဂျာနယ်၊ မေ ၁၈

ရပ်ထဲရွာထဲက စိတ်ဝင်စားစရာ သတင်းကို ဖော်ပြတဲ့ ပုဂ္ဂလိကသတင်းစာ မှေးမှိန်နေချိန်မှာ လူတွေက သူတို့ စိတ်ဝင်စားစွာ သိချင်နေတာတွေကို ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ရှာဖွေ ဖတ်ရှုကြရတာ မဟုတ်လား။
ကြည်လင်အေး၊ စာရေးဆရာ
ပြည်သူ့ခေတ်ဂျာနယ်၊ မေ ၅

မြန်မာမိန်းကလေး အများစုက အရပ် ပုကြတယ်။ အသား ညိုကြတယ်။ ခြေတုတ် ပေါင်ကြီး နဲ့ အနောက်တိုင်းကလို ၀တ်စားလိုက်တော့ ဘယ် ကြည့်လို့ ကောင်းပါတော့မလဲ။

မိုးယံဇွန်(ဥပဒေ)
8 DAYS A WEEK ဂျာနယ်၊ မေ ၂၀

ကျနော်က ဟောပြောပွဲ သွားတော့ နယ်စုံ ရောက်သွားတဲ့အခါမှာ လယ်သမားတွေနဲ့ တွေ့ပြီး မေးမြန်း စကားပြောဖြစ်တယ်။ လယ်သမားတွေ အများစုဟာ ဆင်းရဲတွင်းနက်အောင် ထွက်ငွေအပိုင်းမှာ တော်တော် အခြေအနေ ဆိုးနေပါတယ်။ နှစ်လုံး၊ သုံးလုံး လောင်းကစားတွေချည်းပဲ။

ဦးထွန်းလွင်၊ မိုးလေဝသ ပညာရှင်

DVB သတင်းဌာန၊ မေ ၂၆

ဝမ်းပျက်ဝမ်းလျှောပဲ ဖြစ်ဖြစ်၊ သွေးလွန်တုပ်ကွေးပဲ ဖြစ်ဖြစ် အဖြစ်များလာနေပြီ ဆိုရင်တော့ အချိန်နဲ့တစ်ပြေးညီ ပြည်သူတွေကို သတင်း ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါမှ ပြည်သူတွေ ဆင်ခြင်လို့ ရမှာပါ။ ကာကွယ်လို့ ရမှာ။
ဦးစိုးဝင်း၊ ပုဇွန်တောင်မြို့နယ်
Envoy ဂျာနယ်၊ မေ ၁၉

တကယ်ကောင်းတဲ့ဇာတ်၊ ကြီးတဲ့ဇာတ် ရှိတော့လည်း အချိန် မပေးနိုင်တော့ဘူး။ ဟိုဘက်မှာက ၄ ရက် ၁ ကား ပြီးနေတာကိုး။ ကျွန်တော် ရိုက်မယ့် ၇ ရက် ၈ ဂျူတီက သူ့အတွက် ၂ ကား ပြီးနိုင်တယ်လေ။ ထုတ်လုပ်သူဖက်ကလည်း ဒရာမာ ဟာသ ဘာကားကို ဘယ်နှစ်ရက်နဲ့ပဲ ရိုက်ရိုက် ဒီမင်းသား ဒီ RC ကြေးပဲ ရတာ ဆိုတော့ မြန်ကောင်း သက်သာ၊ ဈေးကွက်ဝင်၊ ပရိသတ်ကြိုက်ဇာတ်ပဲ ရိုက်ချင်ကြတယ်။ ခုတော့ ဘယ်လို ဖြစ်လာလဲ ဆိုတော့ ၄ ရက်နဲ့ ပြီးနိုင်တဲ့ ဇာတ်ကို ထုတ်လုပ်သူက ရှာလာတဲ့အထိပါပဲ။ 'ဒီဇာတ်လေး ရိုက်လိုက်ပါလား၊ မင်းသားကလည်း ကြိုက်တယ်ပြောတယ်' ဆိုတဲ့အပေါ်မှာ ရပ်တည်နေရတာပါပဲ။ အဲလိုမှ မရိုက်ဘူး ဆိုရင်လည်း ထိုင်နေရပါလိမ့်မယ်။ အဲဒီအတွက် ၄ ရက် ၁ ကားဟာ သင့်ပဲ ရလိမ့်မယ်။ ကောင်း တို့ ကွာလတီ တို့ မရနိုင်ပါဘူး။

ကုသိုလ်၊ ဒါရိုက်တာ၊ သရုပ်ဆောင်

နံနက်ခင်းဂျာနယ်

လ မစေ့ဘဲ မွေးတဲ့ ကလေးတွေကို သာမန်ကလေးတွေလောက်သာ ပြုစုစောင့်ရှောက်မယ် ဆိုရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးမှု နောက်ကျပြီး ဥာဏ်ရည်နိမ့်လူသားတွေ ဖြစ်လာပါလိမ့်မယ်။
အိအိခင် (နည်းပညာတက္ကသိုလ်)
IDEA မဂ္ဂဇင်း၊ မေ

လာဘ်ပေး လာဘ်ယူကိစ္စဟာ - - ချက်ချင်းကြီး မထူးနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ အခု ကျွန်တော်တို့ သတိပေးနေပါပြီ။ သတိပေးလို့ မရတဲ့သူတွေရဲ့ နေရာကို အစားထိုးနိုင်အောင် အစီအမံတွေ လုပ်နေပါပြီ။
ဦးဥာဏ်ထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်
Venus News ဂျာနယ်၊ မေ ၁၉

စင် ဟူ၍ ဆိုရာ၌ နံရံ စသည်တို့တွင် ပစ္စည်းတင်စရာအဖြစ် တွယ်ထားသော အရာကို ဆိုလိုခြင်း ဖြစ်ပေရာ ပမာအားဖြင့် စကားပြော စင်၊ ဇာတ်စင်၊ ရုပ်သေးစင်၊ ပွဲကြည့်စင်၊ စင်တင်ပြဇာတ်၊ စင်တင်တေးဂီတ၊ အ၀တ်လှန်းစင်၊ ပန်းကန်စင်၊ ဖိနပ်စင်၊ စာအုပ်စင်၊ ငါးခြောက်လှန်းစင်၊ အရက်ပုလင်းစင်၊ ဘူးစင်၊ ကားစင်၊ လူသေအလောင်းစင် စသည်တို့ ဖြစ်ကြ၏။ သည့်အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ထားရာ ကိုးကွယ်ပူဇော်ရာ ဘုရားရှင် စံစားရာကို ဘုရားစင် ဟု သုံးနှုန်းသင့်ပါသလော၊ သံဃာတော်တို့ ခေတ္တ သီတင်းသုံးရာကို သံဃာစင် ဟု ဆိုသင့်ပါသလော။
နန္ဒာမိုးကြယ်၊ စာရေးဆရာ
Monitor ဂျာနယ်၊ မေ ၈

ဘ၀မှာ တန်ဖိုးအရှိဆုံး ကိစ္စကို လုပ်ဖို့ အတွက် ကျန်တာတွေကို စွန့်လွှတ်ဖို့ လိုတယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အိမ်ထောင်ပြုတာကအစ စွန့်လွှတ်လိုက်တယ်။ ဘာသာရေးလုပ်နေသူအတွက် အဲဒီအနှောင်အဖွဲ့တွေ ဘာတွေ ရှိနေရင် မကောင်းဘူး လို့ တွေးမိတယ်။ ကိုယ့်ဟာကိုယ် ရိုးရိုးသားသား လုပ်နေပေမယ့် ဒီအတွက်များ ထောက်ပံ့ဖို့ လုပ်နေသလား ဆိုတဲ့ အမြင်တွေ ရှိမှာ စိုးလို့ပါ။ ပြတ်ပြတ်သားသားနဲ့ ဒါကို ရှင်းခဲ့တယ်။ အရင်တုန်းက ဆိုရင် ဆေးလိပ်၊ ကွမ်း၊ အရက် စားခဲ့သောက်ခဲ့တာကို တစ်ရက်တည်းမှာ တစ်ခါတည်း ဖြစ်လိုက်တယ်။

ဓမ္မစက္ကဦးမောင်မောင်၊ International Dhammacakka Foundation

Messenger ဂျာနယ်၊ မေ

ဓာတ်ပုံများ
ဦးဝင်းမြင့် - မြန်မာပို့စ် ဂျာနယ်
နေတိုး - ကိုဖြိုး

ချစ်သုဝေ - ပေါ်ပြူလာဂျာနယ်
မိုးယံဇွန်(ဥပဒေ) - 8 DAYS A WEEK ဂျာနယ်

ဦးထွန်းလွင် - ဦးထွန်းလွင် ဒေါ့ကွန်
ကုသိုလ် - ပေါ်ပြူလာဂျာနယ်


Comments