Suu met with US-Yong on Burma Issues



အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၉၊ ၂၀၁၁
မြန်မာ့ ဒီမိုကရေစီ အရေး နှစ်နိုင်ငံ အစိုးရများအကြား ဆွေးနွေးအမြင်ချင်း ဖလှယ်ရန်နှင့် မြန်မာနိုင်ငံရေး ခေါင်းဆောင်များအား တွေ့ဆုံရန်အတွက် ယမန်နေ့က ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန ပစိဖိတ်နှင့် အရှေ့အာရှရေးရာ ဒုလက်ထောက် ၀န်ကြီး ဂျိုးဆက်ယွန် ယနေ့ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် အသစ်တက်လာသည့် ကြံ့ဖွံ့ကြီးစိုးသည့် အစိုးရသစ်အပေါ် အမြင်၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။  ဆွေးနွေးပွဲမှာ စုစုပေါင်း ၂ နာရီနီးပါး ကြာမြင့်ပြီး ရှေးဦးစွာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးကြပြီး တနာရီကျော်အကြာတွင် ပြီးဆုံးပြီးနောက် စီအာပီပီ အဖွဲ့ဝင်များ၊ အန်အယ်ဒီ ဗဟိုကော်မီတီဝင်များနှင့် ဆက်လက်ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
ညနေ ၆ နာရီ ဆွေးနွေးပွဲပြီးဆုံးသည့် နောက် ဒေါ်အောင်ဆန်းစုကြည် နှင့်သူ့ အိမ်အ၀င်ဝတွင်  သတင်းထောက်များ တွေ့ဆုံမေးမြန်းခွင့်ရသည့်အခါ အမေရိကန် အစိုးရ၏ ထိတွေ့ဆက်ဆံမှုပေါ်လစီ ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စ၊ ယခုပတ်တွင် ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်စသည့် ကိစ္စများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို မေးမြန်းခဲ့ကြသည်။
သူမက ယခုကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် သည် လွတ်ငြိမ်းချမ်းသာခွင့် ဟုခေါ်ဆိုရန် ခက်ပြီး ပြစ်ဒဏ်လျော့ပေါ့မှု တစ်ရပ်အဖြစ်သာ ပြောနိုင်မည်ဟု ဆိုသည်။ သူမအနေနှင့်လည်း ထိတွေ့ဆက်ဆံမှုကို ယုံကြည်သည်ဟုလည်း ပြောဆိုသည်။ ထိတွေ့ဆက်ဆံမှုရှိမှသာ သဘောထားချင်း မတူသည့် သူတွေအကြား တူညီသည့်သဘောထား ရရှိမည်ဖြစ်သည်ဟုလည်း ပြောသည်။
အမေရိကန် အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု မရှိဟု ယူဆ၍ ဖြစ်မည်ဟု သူ့အနေနှင့် ထင်မြင်ကြောင်း၊ ရုပ်သိမ်းခြင်း မရုပ်သိမ်းခြင်းမှာ အဆိုပါအချက်အလက်များ အပေါ်အခြေခံသည်ဟု သူယုံကြည်ကြောင်းလည်း ပြောဆိုသည်။
လွှတ်တော် ပြင်ပနိုင်ငံရေး လုပ်ဆောင်နေသည့် အန်အယ်ဒီအနေဖြင့် လွတ်တော်ပြင်ပ နိုင်ငံရေး တွင် အခြား ပါတီများ နှင့်လည်း ပူးပေါင်းလုပ်ဆောင်ဖို့ ရှိသည်ဟု ပြောဆိုပြီး သဘောထားချင်း တူသည့်လုပ်ငန်းများတွင် အတူပူပေါင်း ဆောင်ရွက်မည်ဟု လည်း ပြောဆိုခဲ့သည်။

Comments