ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်တွေ မကြာခင်စတင်မည်
အာရ်အက်အေရေဒီယို ကောက်နုတ်ချက်
မိုးမခ၊ မေ ၁၃၊ ၂၀၀၁
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
“ဒီတခါ အကျယ်ချုပ်ကလွတ်ပြီးတဲ့အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့များပြားလှတဲ့ အလုပ်တာဝန် တွေနဲ့ပဲ ပိနေပါတယ်၊ ရုံးနဲ့အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ပဲ ရန်ကုန်တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီးတော့လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် …”
RFAက အပတ်စဉ်ထုတ်လွှင့်နေတဲ့ `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်အတွက် ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလအတွင်း NLDပါတီက ထုတ်ပယ်ခံထားရသူတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဆရာတော်တပါးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာတော့ ဒီမိုကရေစီကျင်းစဉ်တွေကို တန်ဖိုးထား လိုက်နာသူတွေကို ပြည်လည်လက်တွဲမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
“တပည့်တော်မကိုယ်တိုင်က ပါတီကအထုတ်ပယ်ခံခဲ့ရဖူးပါတယ် ဘုရား၊ ဒါပေမယ့်လဲ အဖွဲ့ချုပ်ပေါ်မှာ သစ္စာစောင့်စည်းခဲ့ပြီး အကျယ်ချုပ်က ၁၉၉၅ခုနှစ်မှာလွတ်လာတော့ အဖွဲ့ချုပ်ကတာဝန်တွေကို ပြန်ပြီးထမ်းဆောင်ခဲ့ပါတယ်ဘုရာ့၊ ဒါ့ကြောင့် တပည့်တော်မတို့က ဒီမိုကရေစီစံနှုန်းထားတွေနဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို တန်ဖိုးထားပြီး လုပ်ဆောင်တဲ့သူတွေကို ပြန်လည်လက်တွဲ ပူးပေါင်းဖို့ ၀န်မလေးပါဘူး ဘုရား …”
အပြည့်အစုံကိုတော့ RFAက ဒီကနေ့ညထုတ်လွှင့်မယ့် `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ စောင့်မျှော်နားဆင် နိုင်ပါတယ် ။
Comments