88 Generation and all Democracy Families will call for retrial of the prisons terms

၈၈မျိုးဆက်နှင့် ဒီမိုကရေစီလှုပ်ရှားမှုမျိုးဆက် အားလုံး၏ နိုင်ငံရေးအကျဉ်းသားအမှုများအားလုံးကို ပြန်လည်စစ်ဆေးရန် မိသားစုတို့ တောင်းဆိုမည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၂၊ ၂၀၁၁
(88 Generation Student - Toe Kyaw Hlaing) 
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ ဘလော့ဂါ နေဖုန်းလတ်ရဲ့ ဖခင်ဖြစ်သူက ယခုအစိုးရသစ် တက်လာပြီးနောက်မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများရဲ့ အမှုများကို ပြန်လည်စစ်ဆေးပေးဖို့ လျှောက်ထားမယ်လို့ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားမိသားစုများ လစဉ်တွေ့ဆုံပြီး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးဖို့ရာ နည်းလမ်းများ စဉ်းစားတိုင်ပင်ကြဖို့၊ မိသားစုများရဲ့ အခက်အခဲများ အတွေ့အကြုံများ ဖလှယ်ဖို့၊ အချင်းချင်း အကူအညီပေးကြဖို့ ရည်ရွယ်ချက်နဲ့ တစ်လတကြိမ်တွေ့ဆုံကြဖို့ ဆုံးဖြတ်ကြပြီး ယနေ့ နိုင်ငံရေး အကျဉ်းသား ကိုပန္ဒိတ်ထွန်းရဲ့ မိခင်ဖြစ်သူနေအိမ်မှာ ဆုံတွေ့ခဲ့ကြပါတယ်။ 
 
(U Thein Tun, Father of Ko Ne Phone Latt)
ဘလော့ဂါ နေဖုန်းလတ်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းထွန်းက နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လွတ်အောင် ဥပဒေကြောင်းအရ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုလွှာတင်ဖို့ ကျန်မိသားစုဝင်များကို ရှင်းပြခဲ့ပါတယ်။
၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေးတွေကို ဖယ်ရှားပြီးနောက် အစိုးရက ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ ထိုစဉ်က ပြန်လွှတ်စဉ်မှာ ထောက်လှမ်းရေး လက်ထက်က မှားယွင်း အပြစ်ပေးခဲ့တဲ့ သူတွေကို ပြန်လည်လွှတ်ပေးတာလို့ ဖေါ်ပြခဲ့တာကြောင့် ယခုလို သမတ ဦးသိန်းစိန် လက်ထက်မှာလည်း ယခင်က ဖမ်းဆီးအပြစ်ပေးထားတဲ့ နိုင်ငံရေး အကျဉ်းသား တဦးစီရဲ့ အမှုတွေကို ပြန်စစ်ဆေးပေးဖို့ ဥပဒေကြောင်းအရ လျှောက်ထားမယ် လို့ပြောပါတယ်။
သူကပဲ “ ဒီလိုလုပ်တာဟာ အောက်ကျခံတာမဟုတ်ပါဘူး၊ အစိုးရ ဒီလိုအပြစ်ပေးထားတာ မှားတယ်ဆိုတာကို ကျွန်တော်တို့က ပြောတဲ့သဘောပါ” ဟုပြောပါတယ်။  
(Mother of Ko Panake Tun)
ကိုပန္ဒိတ်ထွန်း အမေကလည်း ဒါက အသနားခံတာလည်း မဟုတ်သလို အောက်ကျို့တာလည်း မဟုတ်ကြောင်း ပြောဆိုပါတယ်။
ဒီပွဲကို မကြာမီကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားအချို့နဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် စုစုပေါင်း ၃၀ ကျော်လာရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။ အဆိုပါ တွေ့ဆုံပွဲမှာ မကြာခင်ကမှ လွတ်လာသူတွေက မေလ ၁၆ ရက်နေ့ ကြေညာခဲ့တဲ့ တစ်နှစ်သာလျော့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြားသိရစဉ် ထောင်တွင်းမှ နိုင်ငံရေး အကျဉ်းသားမည်သို့ ခံစားတုံ့ပြန်ခဲ့ကြပုံ၊ ယခုအစိုးရသစ် နှင့်ပတ်သက်ပြီး အတွင်းမှ နိုင်ငံရေးအကျဉ်းသားများရဲ့ သုံးသပ်ချက်တွေကို ပြန်ပြောပြခဲ့ကြပါတယ်။
ယနေ့ တွေ့ဆုံပွဲမှာ ထောင်သက် စုစုပေါင်း ၂၅ နှစ်ရှိပြီး နောက်ဆုံးအဖမ်းခံရချိန် ၈၉ ခုနှစ်မှ ယခုထိ ၁၉ နှစ်ကြာနေပြီး မလွတ်မြောက်သေးတဲ့ ဦးစိုးမြင့်ရဲ့ တဦးတည်းသော သမီးဖြစ်သူ ကလည်း သူ့အဖေ အမြန်ဆုံး ပြန်လွတ်စေချင်တဲ့အကြောင်း၊ ဖေဖေနဲ့ အမြန်ဆုံး ပြန်တွေ့ချင်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ သူ ၁၁ လသမီးအရွယ်မှာ သူ့ဖခင် ဖြစ်သူ ကိုဖမ်းဆီးသွားတာ ယခု သူ အသက် ၂၁ နှစ်ရှိတဲ့အချိန်ထိ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

Comments