Yan Win (Taung Da Gar) – Say Tan Toe

ဆေးတံတို တညှိုလောက်
ရန်ဝင်း (တောင်တံခါး)
ဇွန် ၆၊ ၂၀၁၁


‘ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ ပေး။’
မယ်ခွေ (မြန်မာသက္ကရာဇ် ၁၁၅ဝ-၁၂၁ဝ)

ရှေးခေတ် မြန်မာ့ရိုးရာ ဆေးတံက တထွာ တညှိုသာသာလောက်ပဲ ရှည်ပါတယ်။ ဆေးတံမှာ ဆေးတံအိုး နဲ့ ဆေးတံရိုးရယ်လို့ အစိတ်အပိုင်း နှစ်ခုပါပြီး ဆေးတံအိုးနဲ့ တဆက်ထည်းပါတဲ့ ဆေးတံရိုးက ခပ်တိုတိုပါ။ မြန်မာ့ရိုးရာ ဆေးတံကို ‘ဒန်တို’ လို့လည်း ခေါ်ကြပါတယ်။ ဆေးတံတိုရဲ့ အတိုကောက် ‘တံတို’ ကနေပြီး အသံပြောင်းလဲလာတယ်လို့ ခန့်မှန်းရပါတယ်။ 


‘ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်တခွင် ထွန်ရေးငင်
ရေဝင် ပုဇွန်တွင်းငယ်နှင့်လေး’

လယ်သမားဖွဲ့ တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

မြန်မာ့ဆေးတံကို ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါ သတ္တုအမျိုးမျိုး၊ သစ်သား၊ ဝါးမြစ်၊ ရွှံ့စေး၊ မြေဖြူ ပါမကျန် ပစ္စည်းမျိုးစုံနဲ့ လုပ်ပါတယ်။ ကျေးလက်သုံး ရှေးခေတ် ဆေးတံတွေကတော့ အများအားဖြင့် ရွှံ့စေးကောင်းကောင်းကို ညှပ်ပုံသွင်းပြီး မီးဖုတ်ထားတဲ့ မြေဆေးတံတွေပါပဲ။ မီးဖုတ်မြေဆေးတံတွေမှာ အသေးစိတ် အလှအပ ခြယ်မှုန်းထားတာတွေ ကွာခြားပေမယ့် အခြေခံပုံစံကတော့ ဆင်တူကြတယ်။ 

အတွေ့ရများတဲ့ ရှေးခေတ်မြေဆေးတံ

အများအားဖြင့် တွေ့ရလေ့ရှိတာတွေကတော့ ဆေးအိုးရဲ့ ပတ်ပတ်လည်မှာ ရွဲလုံး၊ ကြာမှောက်၊ ကြာလှန် ပုံစံတွေပါပဲ။ အတွေ့ရနည်းတဲ့ ဆေးတံပုံစံတွေမှာတော့ ချိုးငှက်၊ ကျေးငှက်နဲ့ ပန်းပုံစံတွေ ပါတတ်ပါတယ်။ 

ကြာပွင့်လွှာဖောင်းကြွ ပုံစံတွေနဲ့ ရှေးခေတ် မြေဆေးတံ

ကြာမှောက် ကြာလှန် အတန်းလိုက်ပုံစံနဲ့ ရှေးခေတ် မြေဆေးတံ

ရွဲလုံး၊ ကြာမှောက် နဲ့ ကျေးငှက်ပုံ ရှေးခေတ် မြေဆေးတံ

ကြာဖတ်လွှာပုံစံနဲ့ ရှေးခေတ် မြေဆေးတံ

ရှားရှားပါးပါး တွေ့ရတဲ့ ကျေးငှက်ပုံတွေနဲ့ ရှေးခေတ် မြေဆေးတံ

ရှေးခေတ် ကြေးနီဆေးတံ နဲ့ မြေဆေးတံတွေ

ရှေးခေတ် ကြေးဝါဆေးတံ

ဝါး၊ သစ်သား၊ ငွေ၊ ကြေးနီ၊ ကြေးဝါ၊ ဆင်စွယ်၊ ကနုကမာ တမျိုးမျိုးနဲ့လုပ်ထားတဲ့ စွပ်တံကို ဆေးတံရိုးမှာတပ်လိုက်တဲ့အခါ ပါးစောင်မှာသွင်းလို့ အံသွားနဲ့ ကိုက်ခဲထားနိုင်ပါတော့တယ်။ ဆေးတံရိုး စွပ်တံတွေကို ကြိုက်နှစ်သက်သလို အတို အရှည် အရွယ်အမျိုးစုံ တပ်ဆင်ထားကြပါတယ်။ 

ကြေးဝါစွပ်တံရှည်နဲ့ မြေဆေးတံအိုး

ငွေစွပ်တံရှည်နဲ့ မြေဆေးတံအိုး

ဆေးတံအိုးရဲ့ပုံစံက မြန်မာ့ရိုးရာ မောင်းထောင်းတဲ့ မောင်းရဲ့ ဆုံခွက်၊ ငရုတ်သီးထောင်းတဲ့ ‘ငရုတ်ဆုံ’ ရဲ့ ဆုံခွက်နဲ့ ဆင်တူပါတယ်။ မြန်မာ့ဇာတိ ဆေးရွက်ပြားကြီး၊ ဂေါ်ရင်ဂျီဆေးရွက်ချွန်း ခေါ် ဘင်္ဂလားဆေးရွက်ကြီး တမျိုးမျိုးနဲ့လုပ်ထားတဲ့ ဆေးတံသောက်ဆေးဖြစ်ဖြစ်၊ သံဗူးနဲ့လာတဲ့ နိုင်ငံခြားဖြစ် ဆေးတံသောက်ဆေးဖြစ်ဖြစ် ဆေးတံအိုးထဲမှာ အပြည့်ဖြည့်ထားရင် ‘ဆေးတအိုး’ လို့ခေါ်တာထက် ‘ဆေးတဆုံ’ လို့ခေါ်တာက ပိုပြီးအသုံးတွင်ကျယ်ပါတယ်။ 

မြေဆေးတံအိုး ဆုံခွက်

‘ဆေးတဆုံ ကို မီးညှိပြီးလျှင်
အငွေ့ချောင်းချောင်းထွက်အောင် ရှူဖွာရင်း
စဉ်းစား စိတ်ကူးလျက်ရှိလေ၏’
စုံထောက် ဦးစံရှား ပေါင်းချုပ်၊ ရွှေဥဒေါင်း

ရွှေဥဒေါင်း (၁၈၈၉-၁၉၈၉)

ရှေးခေတ်မြေဆေးတံတွေကို မြန်မာပြည်အနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် လုပ်ခဲ့ကြပေမယ့် ဆေးတံမီးဖုတ်တဲ့ ရှေးခေတ်မီးဖိုကြီးတွေကိုတော့ ဒီကနေ့ မတွေ့နိုင်ကြတော့ပါ။ အင်းဝမြို့အနားက တံတားဦးမြို့မှာ ဆေးအိုးဖိုဘုရား လို့ ရပ်ရွာကခေါ်ကြတဲ့ ဘုရားတဆူရှိပါတယ်။ ဆေးတံအိုးတွေ မီးဖုတ်တဲ့နေရာမှာ တည်ထားတယ်လို့ ပြောဆိုလေ့ရှိကြတယ်။ ဘုရားပြုပြင်တုန်းကလည်း စေတီထဲမှာ ရှေးခေတ်မြေဆေးတံတွေ အမြောက်အမြားပဲ တွေ့ရဖူးပါသတဲ့။

မြန်မာပြည်အတွင်းမှာ မြေဆေးတံလုပ်ငန်းက မတွင်ကျယ်တော့ပေမယ်လို့ သစ်သားကို ပုံစံထွင်းတဲ့ ဆေးတံလုပ်ငန်းကတော့ မတိမ်ကောသေးပါ။ ဆေးတံပုံစံထွင်းဖို့ ပျဉ်းမ၊ ရင်ခတ်၊ တောရိုင်းကံ့ကော်၊ ဝါးမြစ်ဖု နဲ့ ကျွန်းမြစ်ဖု စတဲ့ သစ်သားအမျိုးစုံကို အသုံးများပါတယ်။

မွန်ပြည်နယ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့နယ်က အိမ်ခြေ တထောင်ကျော်ရှိတဲ့ ရွာလွတ်ရွာမှာ ဆေးတံလုပ်ငန်း လုပ်ကြတဲ့ မိသားစုတွေရှိခဲ့ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဆေးတံတွေက ခေတ်မီပုံစံတွေနဲ့ အင်မတန်မှ အရည်အသွေးနဲ့ လက်ရာ ကောင်းမွန်လှတာကြောင့် မြန်မာ့ဆေးတံ နဲ့ ရွာလွတ်၊ ရွာလွတ် နဲ့ မြန်မာ့ဆေးတံကို ခွခြားလို့မရနိုင်အောင် နာမည်ကျော်ကြားပါတယ်။ 

နာမည်ကျော် ရွာလွတ်ဆေးတံတွေ

အရည်အသွေးကောင်းတဲ့ ရွာလွတ်မြန်မာ့ဆေးတံတွေကို ပြည်တွင်းမှာတွင်မကဘဲ နိုင်ငံခြားကိုပါ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တင်ပို့ရောင်းချနိုင်ခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ၁၉၉ဝ ခုနှစ်ပိုင်းကစပြီး ရွာလွတ်ဆေးတံလုပ်ငန်းက တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။ ၂ဝဝ၇ ခုနှစ်လောက် အထိ ရွာလွတ်မှာ ဆေးတံလုပ်ငန်းလုပ်တဲ့ အိမ်ထောင်စုပေါင်း ၂ဝ လောက် ရှိနေသေးပေမယ့် ၂ဝဝ၉ ခုနှစ်မှာတော့ ၃ စုပဲ ရှိပါတော့တယ်။ အဲဒီ ဆေးတံလုပ်တဲ့ပညာရပ် ကျွမ်းကျင်သူတွေကလည်း အိမ်နီးချင်းနိုင်ငံမှာ ပြောင်းရွှေ့လုပ်သားတွေအဖြစ် အလုပ်လုပ်နေကြပါပြီ။

မြန်မာ့တိုင်းသား လူမျိုးစုတွေမှာ ကျား၊ မ မရွေး ဆေးတံသောက်ကြပါတယ်။ အရပ်ဒေသကို လိုက်ပြီးတော့ ဆေးတံပုံစံကွဲပြားတာတွေကလည်း အမျိုးစုံလှပါတယ်။ ဆေးတံသောက်ဆေး ဆေးစပ်ကလည်း အမျိုးမျိုးပါပဲ။ 

 
ပလိုင်း နဲ့ ဆေးတံ
ခမောက် နဲ့ ဆေးတံ

ပရဲ နဲ့ ဆေးတံ

ငုံဆေး၊ ကွမ်းယာဆေး၊ ဆေးတံသောက်ဆေး၊ ထန်းဖူးဖက်၊ ကွမ်းသီးဖက်၊ ပြည့်စင်ဖက်၊ ဘန့်ပွေးဖက်၊ ပြောင်းဖူးဖက်၊ သနပ်ဖက် ဖက်မျိုးစုံနဲ့လိပ်တဲ့ ဆေးပေါ့လိပ်၊ ပွတ်ချွန်းလိပ်၊ ဆေးပြင်းလိပ် နဲ့ စီးကရက်တွေမှာသုံးဖို့ ဆေးရွက်ကြီးကို ချင်းတွင်းမြစ် ဝဲယာတလျောက်နဲ့ ချင်းတွင်း၊ ဧရာဝတီမြစ်နှစ်သွယ်ကြားက အရပ်တွေမှာ အဓိကထားပြီး စိုက်ကြတယ်။ 

မတ္တရာနယ်က မြွေရွာတွေ၊ စစ်ကိုင်း၊ မြင်းခြံ၊ သရက်၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ကျောက်ဖြူ အရပ်ဒေသတွေမှာ ဆေးရွက်ကြီး စိုက်ခင်းကြီးတွေရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်း မောက်မယ်၊ လင်းခေး၊ မန္တလေးနားက ရှမ်းကလေးကျွန်း၊ ပျော်ဘွယ်၊ တောင်တွင်းကြီး အရပ်တွေမှာလည်း ဗာဂျီးနီးယား ဆေးမျိုးကို စိုက်ကြတယ်။

ဆေးရွက်ကြီးထွက်တဲ့အရပ်ကို နာမည်တပ်ပြီး ရွှေကျင်ဆေး၊ သစ်ထောင့်ဆေး၊ ငမြာကြီးဆေး စသဖြင့်ခေါ်ကြသလိုပဲ ကုန်းပေါ်မှာစိုက်တဲ့ ‘ကုန်းဆေး’ နဲ့ မြစ်ဝှမ်း နုန်းမြေနုကျွန်းပေါ်မှာစိုက်တဲ့ ‘ကျွန်းဆေး’ ဆိုပြီး ဆေးရွက်ကြီး နှစ်မျိုးနှစ်စားလည်း ရှိပါတယ်။ 

ကုန်းဆေး က ပြင်းပြီး ကျွန်းဆေး က ချိုတယ်လို့ ပြောလေ့ရှိကြတယ်။ ကျွန်းဆေးကို ကွမ်းယာမှာလည်း အသုံးများပါတယ်။ လူဦးမင်း ရဲ့ ဒွေးချိုးထဲမှာပါတဲ့ ‘ငါန်းမြာ က ဆေး’ ဆိုတာ ငါန်းမြာ အရပ်က ကျွန်းဆေး ဖြစ်ပါတယ်။

‘တံတားဦးက ကွမ်းနုဝါ
ငါန်းမြာ က ဆေး။
ကိုင်း ထုံးဖြူ ပြည် ရှားနဲ့
သာဝါးလို့ထွေး။’
လူဦးမင်း (မြန်မာသက္ကရာဇ် ၁၁၆၂-၁၂၃၃)

ရသာ၊ ဖရင်း၊ မီးတောင်၊ နတ်ကြီး၊ သရက်ချိုပင်၊ တဲကြီး စတဲ့အရပ်တွေက ‘ကုန်းဆေး’ ကို စိုက်ကြတယ်။ ငါန်းမြာ၊ ပခုက္ကူ၊ မြောင်၊ မရိုးကုန်း၊ ငနန်း၊ မြစ်ခြေ စတဲ့ အရပ်တွေက ‘ကျွန်းဆေး’ ကို စိုက်ကြတယ်။ 

‘ကိုကြီးကျော် ပလီလွန်းတယ်
မောင်ကြီးကျော် ပလီလွန်းတယ်
ဆေးစိုက်တဲ့ ကျွန်း’
ပခန်း ကိုကြီးကျော် ရှေးနတ်ချင်း

မြန်မာ့ရိုးရာဓလေ့မှာ ‘ကွမ်း၊ ဆေး၊ လက်ဖက်’ သုံးမျိုးကို နေ့စဉ်တဓူဝ အသုံးအဆောင် အဖြစ်တင်မကဘဲ အိမ်အလည်လာတဲ့ ဧည့်သည် စောင်သည်တွေကိုလည်း ဧည့်ဝတ်ပြု ဧည့်ခံကြတယ်။ သုမင်္ဂလ၊ ဒုမင်္ဂလ အခန်းအနားတွေက ကန်တော့ပွဲအမျိုးမျိုးမှာလည်း အဓိကပစ္စည်းတွေအနေနဲ့ ထည့်သွင်းကြရပါတယ်။

ဆေးလိပ် ဆေးတံသောက်တာနဲ့ ဆေးငုံခြင်းကရလာတဲ့ အကျိုးအပြစ်တွေကို ရှေးခေတ်အခါတုန်း ကတော့ ခွဲခွဲခြားခြား မရေးခဲ့ကြပါ။ ‘ခံတွင်း သွားအံ ပုပ်ညှီနံ၊ ဆေးတံ ကွပ်တုံမင်း’ လို့ ဆေးတံသောက်ခြင်းကရတဲ့ အကျိုးတရပ်ကိုတောင် မှတ်မှတ်သားသား ရေးထားခဲ့ဖူးပါသေးတယ်။ 

ဒီကနေ့မှာတော့ နည်းပညာနဲ့ ဆေးပညာရပ်တွေ တိုးတက် ထွန်းကားလာတာနဲ့အမျှ ဆေးငုံတာနဲ့ ဆေးလိပ် ဆေးတံသောက်ရှူတဲ့ အလေ့အထမှာ ကျန်းမာရေးအရ ကောင်းကျိုးထက်စာရင် ဆိုးကျိုး အပြစ်တွေကို ပိုပြီးအတွေ့ရများလာပါတယ်။ ဆိုးကျိုးအပြစ်တွေကို အတန်တန်ပြပြီး တားမြစ်ချက်တွေ အများအပြား ထုတ်ပြန်ထားကြပေမယ့် ဆေးလိပ် ဆေးတံ ထုပ်လုပ်မှုက ကမ္ဘာအနှံ့အပြားမှာ အင်အားကောင်းနေဆဲပါ။ ဆေးလိပ် ဆေးတံကို ကြိုက်နှစ်သက်တဲ့သူတွေကလည်း စွဲစွဲမြဲမြဲ သောက်နေကြဆဲ၊ ဆေးလိပ် ဆေးတံ သောက်တဲ့အကျင့်ကို စွန့်လွှတ်ကြဖို့ စည်းရုံးသူတွေကလည်း စည်းရုံးနေကြဆဲပါပဲ။

မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်မှာ နန်းတက်တဲ့ ဘိုးတော်ဘုရားလက်ထက်က စာဆိုတော် မယ်ခွေ ရေးခဲ့တဲ့ ‘ဆေးတံတို တညှိုလောက်’ အစချီ ဒွေးချိုးတပုဒ်ရှိပါတယ်။ ကိုယ့်ကို ချစ်ခင် မေတ္တာရှိသူတဦးက ပေးလာတဲ့ ဆေးတံတိုကို ယူလိုက်ရမလား၊ ငြင်းလိုက်ရမလားလို့ အဆုံးဖြတ်ရခက်နေလေတော့ သောက်စေချင်တယ်ဆိုရင်ဖြင့် ကုတင်မှာသာ ထောင်ထားခဲ့ပါတော့လို့ပဲ ပြောလိုက်ပါတော့တယ်။ ဆေးတံကို သူ ယူပြီးသောက်တယ်၊ မသောက်ဘူးလို့ မပြောပါ။ စာဆိုရှင်က စာဖတ်သူကို တွေးစရာကလေးပေးထားခဲ့တယ်။

‘ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ ပေး။
မယူလိုက်က မိုက်လို့ထင်
ယူလိုက်ပြန်က ကြိုက်လို့ထင်
သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး။’
ဆေးတံတို ဒွေးချိုး
မယ်ခွေ (မြန်မာသက္ကရာဇ် ၁၁၅ဝ-၁၂၁ဝ)

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) မဟာကဗျာကျမ်း၊ မြန်မာသြဘာစာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂) မင်းနှစ်မင်းတို့၏ စာပေကဗျာပေါင်းချုပ်၊ စိန်ပန်းမြိုင်စာပေတိုက်၊ ဒီဇင်ဘာလ၊ ၁၉၇၁
(၃) စုံထောက်ဦးစံရှားပေါင်းချုပ်၊ ရွှေဥဒေါင်း၊ ပုဂံစာအုပ်တိုက်၊ အောက်တိုဘာလ၊ ၁၉၇၄
(၄) ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ၊ လူထုဒေါ်အမာ၊ ကြီးပွားရေးပုံနှိပ်တိုက်၊ နိုဝင်ဘာလ၊ ၂ဝဝ၂
(၅) ကျွန်မတို့ငယ်ငယ်က၊ လူထုဒေါ်အမာ၊ ကြီးပွားရေးပုံနှိပ်တိုက်၊ နိုဝင်ဘာလ၊ ၁၉၉၄
(၆) Once a village of Craftmen, Ywa Lut Struggles On: Hein Zaw: The Irrawaddy: Wednesday, October 28, 2009:
(၇) Developing Cottage Industries in Chaungzon Township: MRTV_3
(၈) ရွှေဥဒေါင်း၊ ပန်းချီပုံ mayaonlinemagazine.blogspot.com
(၉) ဆေးတံဓာတ်ပုံများ၊ အင်တာနက်
0