Aung Tha Nge - 8888

နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့ ...
အောင်သာငယ်
ဇူလိုင် ၃၁၊ ၂၀၁၁


ကိုယ်ပိုင်ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား ... နီးရင် လမ်းလျှောက် ... ဝေးရင် ဘတ်စ်စီး ... သည်လိုနဲ့ပဲ ဘဝခရီးဆက်နေရသပေါ့လေ ... သည်နေ့တော့ ရှေ့လာမယ့် တပတ်စာ အတွက် စားဖို့သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ် ... တော်ပါသေးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာရှိလို့ ... အရင်ကတော့ အလုပ်ကပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ဝယ်ဖြစ်တယ် ... ကြာလာတော့ ခဏခဏ မဝယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ဝယ်မယ်ဆိုပြီး ဝယ်မိပါရော ...

ပြီးတော့မှ ကျွတ်ကျွတ်အိပ်ပေါင်းစုံနဲ့ ကိုးယိုးကားယားကြီးဖြစ်လို့... စိတ်ညစ်သွားတယ် ... ခုတော့ ပစ္စည်းတွေကို အများကြီးလည်း မသယ်နိုင် ... ခဏခဏလည်း မဝယ်နိုင် ... သည်တော့ သည်တပတ်အတွက်ကတော့ သယ်နိုင်သလောက်ဝယ်ပြီး ကျောပိုးအိတ်နဲ့ တချို့ထည့် တချို့ကို လက်ကဆွဲ ... အိမ်ပြန်ရောက်တော့ လျှာထွက်နေပြီ ... အလေးအပင်တွေ မသယ်မပိုးတာကလည်း ၁၅ နှစ်လောက်ရှိပြီဆိုတော့ ... လက်တွေနာ ... ပုခုံးတွေနာနဲ့ ... ခဏထိုင်နားနေရင်း ... ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ... အဲလို လက်တွေနာ ပုခုံးတွေနာခဲ့ဖူးတဲ့ နေ့တရက်ကို ... ပြန်သတိရသွားမှ ... ထခုန်မိမတတ် ဖြစ်သွားတယ် ... 

ကြည့်စမ်း ၂၃ နှစ်တောင် ရှိခဲ့ပါပကောလား ...

ဟုတ်တယ် ...

ရှေ့လ ၈ ရက်ဆို ၂၃ နှစ်ပြည့်ပြီပေါ့ ... နှင်း ... 

အထူး စစ်သင်တန်းတခုကို တက်နေချိန်တုန်းကပါ ... တနေ့တော့ တခြား ရဲဘော်တဦးနဲ့အတူ မနက် ၂ နာရီကနေ ၄ နာရီ ကင်းရှည် တာဝန်ကျတယ် ... အိပ်လို့ကောင်းနေတုန်း အချိန်ကြီး ... မနက် ၁ နာရီ ၄၀ လောက်မှာ ... ကင်းမှူးက လာနှိုးပြီး ကင်းချိန်းဖို့ လွှတ်လိုက်တယ် ... သင်တန်းကလည်း တက်နေတုန်းဆိုတော့ ... မနက် ၅ နာရီကနေ ညနေ ၆ နာရီ တန်းဖြုတ်ချိန်ထိ ... တနေကုန် ပြေးလွှားလှုပ်ရှားထားတဲ့ ခန္ဓာကိုယ်ဟာ ... ဘယ်လိုနေမလဲ၊ စဉ်းစားသာကြည့် ... အိပ်ရေးကလည်း မဝ ... ခန္ဓာကိုယ်တခုလုံးကလည်း လေးလံနာကျင်ကိုက်ခဲ ... ကင်းထိုင်တဲ့ ကတုတ်ကျင်းထဲရောက်တော့ ဇန်နဝါရီနှင်းတွေကလည်း သည်းလို့ ... ဘာပြောကောင်းမလဲ ... ကင်းအတူကျတဲ့ ရဲဘော်နဲ့ ... ၂ ယောက် အတူ စက်တော်ခေါ်ပစ်လိုက်ကြတာ ... နောက်ကင်းချိန်းနဲ့လိုက်လာတဲ့ ကင်းမှူး အတင်းလှုပ်နှိုးမှ မျက်စေ့ ပွင့်ကြတော့တယ် ... စဉ်းစားသာ ကြည့်ပေတော့... မနက်မိုးလင်း ကင်းရှည်ဟာ ... စစ်ရေးမှာ အရေးအကြီးဆုံး ... ရန်သူသာဆိုရင် ကိုယ်တို့ ၂ ယောက်ကို နှာခေါင်းညှစ်ပြီး သတ်သွားလောက်ပြီ ... ကင်းမှူးကတော့ ပြစ်ဒဏ်ကျ စာရင်းထဲ ထည့်လိုက်တယ် ... ညနေ တန်းဖြုတ်မှ ပြစ်ဒဏ်ခံရမယ်ဆိုတော့ တော်ပါသေးရဲ့လို့ တွေးနေမိတယ် ... ကင်းလဲတော့ မနက် ၄ နာရီတန်းစီချိန်က မနက် ၅ နာရီဆိုတော့ ... ပြန်အိပ်လို့ကလည်း မဖြစ်တော့ဘူးဆိုပြီး စစ်ရေးပြကွင်းနားမှာ ဆေးလိပ်ထိုင်သောက် ... ထုံးစံအတိုင်း ပေါက်ကရ ရီစရာတွေ ပြော ... ဟော ... နောက်တော့ ... မနက် ၅ နာရီတန်းစီ ... ပီတီ ပြေး... စစ်ရေးပြ ... လက်နက်ငယ် ... လက်နက်ကြီး ... ဖောက်ခွဲရေး ... မြေပုံ ... မဟာဗျူဟာ ... နည်းဗျူဟာ ... တောတွင်း ရှင်သန်ရေး ... အရေးပေါ်သူနာပြု ... အို ... စုံတကာ့ကို စုံလို့ ... ညနေ ၆ နာရီ တန်းဖြုတ်ချိန် ကုန်တော့ ... မနက်က ကင်းအိပ်တဲ့ ကိုယ်တို့ ၂ ယောက်ကို ... ကင်းမှူးက တာဝန်မှူးလက်ထဲ အပ်လိုက်ပါတယ် ... (နေရောင် တောင်စွယ်မှာကွယ်ပြီလေ ... ကိုယ်တို့ ၂ ယောက် အားငယ်နေကြပုံများ ... ညည်းကို ပြချင်တယ် ... နှင်း ...)

“လာခဲ့ကြ... ကာလနဂါးကြီးများ ...” ဆိုတဲ့ တာဝန်မှူးကြီးရဲ့စကားကို ကိုယ်တို့ ၂ ယောက်က စပ်ဖြီးဖြီးကြီးတွေ ရယ်မိကြပါတယ် ... “မင်းတို့ ၂ ကောင်ကို ... ဒဏ်မပေးပါဘူး ... စစ်ကြောင်းက လက်ဆောင် ၃ ခုစီပဲ ပေးမှာပါ ... ဒါပေမယ့် ခု ငါ့ လက်ဆောင်လေးတခုတော့ ပေးပါရစေဦး ...” ဆိုတာနဲ့ “ဟုတ် ... ဗိုလ်ကြီး ...” ပါပေါ့။ ၂ ယောက်ပြိုင်တူ အော်နေတုန်း ... ဗြုန်းဆို တယောက်တချက်စီ အလစ် ဇက်ပိုးအုပ်တာ ခံလိုက်ရတယ် ... လူတွေလည်း ပူထူသွား ... “ခု ဇက်ပိုးအုပ်လိုက်သလိုပဲ ... စစ်မှာ အလစ်အငိုက်ဆိုတာ ရှိတယ် ... မင်းတို့ထိုင်တဲ့ကင်းရှည်ဟာ စစ်မှာ လက်ဦးမှုယူပြီး အလစ်အငိုက် တိုက်တဲ့အချိန် ... ဒါဟာ သင်တန်းပေမယ့် လက်တွေ့စစ်မြေပြင်လို လေးလေးနက်နက် တာဝန်ယူအောင် လေ့ကျင့်ပေးနေတာ ... စစ်မြေပြင်မှာ မင်းတို့ ကင်းအိပ်နေလို့ရှိရင် ရန်သူက အလွယ်တကူ သတ်သွားမယ် ... ထိုးထားတဲ့ ကင်းရှည်ကို ရန်သူက ရှင်းပြီးမှတော့ စစ်ကြောင်းတကြောင်းလုံးကို အလစ်အငိုက် ရသွားပြီဆိုတော့ မင်းတို့ရဲ့ ကင်းအိပ်မှုဟာ တာဝန် ဘယ်လောက်ပေါ့လျော့သလဲဆိုတာ စဉ်းစားကြည့်ကြစမ်း ...” ဆိုတဲ့ သူ့စကားနောက်မှာ ... “ဟုတ်.... ဗိုလ်ကြီး ...” လို့ပြောတဲ့ ကိုယ်တို့ ၂ ယောက်ကို ကျောပိုးအိတ်တလုံး ... လက်ဆွဲသံသေတ္တာ ၂ လုံးစီ ပေးပါတယ် ... ပြစ်ဒဏ်က သိပ် မခက်ပါဘူး ... အဲသည် ကျောပိုးအိတ်ကလေးကို လွယ် ... သံသေတ္တာလေး ၂ လုံးကိုဆွဲပြီး စစ်ရေးပြကွင်း ကို ၁၅ မိနစ် ပတ်ပြေးရမှာပါ ...

ဒါနဲ့ ကျောပိုးအိတ်ကလေးကို ကောက်မလိုက်တော့ ... ဒင်းက တော်ရုံနဲ့ကြွပါမလာဘူး ... ဒါနဲ့ ကျောပိုးအိတ်အဖုံးလေး အသာလှပ်ကြည့်လိုက်တော့ အထဲမှာ သဲတွေအပြည့်ဗျား ... 

တတ်နိုင်ဘူးလေ ... ကင်းအိပ်ထားမိမှတော့ လွယ်ရတော့မှာပေါ့ဆိုပြီး အတွင်းအား အကုန်သုံးပြီး မလို့ လွှဲလွယ်ပစ်လိုက်တော့ ကျောပေါ်ရောက်သွားတယ် ... ပုခုံး ၂ ဖက်ကတော့ အိခနဲ ကျသွားလေရဲ့ ...

ဒါနဲ့ နောက် သံပုံးလေးတခုကို အသာမကြည့်တော့ အဲသည့် ဘသားချောကလည်း မကြွဘူး ... ဒါနဲ့ အဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ ၇.၆၂ မမ စက်လတ်ကျည်တွဲက သေတ္တာအပြည့် ... အဲ ကျည်တွဲလေးတွေ သံသေတ္တာထဲ ယှဉ်တွဲအိပ်နေကြပုံက မိခင်နဲ့ကလေး ဆေးရုံမှာ မွေးကာစ ကလေးလေးတွေ တန်းစီ အိပ်နေကြသလိုမျိုးလေး ... သူတို့ ဘာမှ အပြစ်မရှိသလိုလို ... သူတို့က မပေါက်ကွဲတတ်သလိုလို ... လူမသတ်တတ်သလိုလို ... (ကြုံတုန်း ကဗျာဆန်ဆန်တွေးကြည့်မိရင်း ...) 

အင်း ... ငါတော့ ဘဝပျက်ပြီလို့ ... စိတ်ထဲ စဉ်းစားပြီး ကိုယ့်ကိုယ်ကို သနားလိုက်မိတာ အော်တောင် ငိုချင်တယ် ...

‘အိုး ... ပျက်လက်စနဲ့တော့ မထူးပါဘူး ...’ လို့တွေးပြီး နောက် သံသေတ္တာတလုံးကို ဖွင့်ကြည့်တော့ ... အထဲမှာ နာနတ်သီးတွေရော ... ပန်းသီးတွေရော ... မင်းဂွတ်သီးတွေရော ... သံပုရာသီးတွေရော ... စုံတကာ့ကို နှံ့လို့ ... Produce Department တွေက လုပ်တတ်တဲ့ ... Fruit Medley တွေ ကျနေတာပဲ ... (စားဖို့ သစ်သီးတွေ မဟုတ်ဘူးနော် ... လက်ပစ်ဗုံးတွေ ... အရွယ်စုံ ... အမျိုးအစားစုံ ... ) ကဲ ... သေရောဗျာ ... သည်တခါမှ ကိုယ်မသေရင် နောက် ဘယ်တော့မှ သေဖြစ်မှာ မဟုတ်ဘူး ...

ကင်းအတူအိပ်တဲ့ ရဲဘော်ကိုကြည့်လိုက်တော့လည်း မျက်နှာလေးရှုံ့မဲ့လို့ ... သူ့ပုံးထဲမလဲ ကိုယ်နဲ့ သိပ်ကွာပုံမရပါဘူး ...

ကဲ ... ဝီစီသံ စကြားတာနဲ့ ကျောပိုးအိတ်တနင့်တပိုးကြီးကို လွယ်ထားတဲ့ ကိုယ်ခန္ဓာက လက်နှစ်ဖက်နဲ့ သံပုံး ၂ ပုံးကို စမလိုက်တာနဲ့ လူတကိုယ်လုံးက ကိုင်းညွှတ်ကျသွားတော့တာ ... ဟိုအကောင်တွေနဲ့တောင် တူသွားမယ်ထင်တယ် ... (လမ်းလျှောက်ရင် ခြေထောက်နဲ့ လျှောက်ပေမယ့် ... ကိုယ်ခန္ဓာက ကိုင်းကိုင်း ... အကောင်က မဲမဲ ... လက် ၂ ဖက်ကလည်း မြေကြီးကို လက်ခုံနဲ့ ထောက်ထောက်ထားတတ်တဲ့ အကောင်ကွာ ... ကိုယ် မေ့နေလို့ ... သူ့နာမည်က ... ချန်ပီယံ ဆိုလား ဘာလား ...

ထားပါတော့ ... အဲသလိုနဲ့ ၂ ယောက်သား ပြေးကြရတော့တာပဲ ... တာဝန်မှူးကလည်း တချိန်လုံး ဝီစီ တရွှီးရွှီးမှုတ်ပြီး အားပေးနေသေးတယ် ... 

အမှန်က ကိုယ်တွေက ပြေးနေတာမဟုတ်ဘူး ... စစ်ရေးပြကွင်းက သဲတွေကို ခြေထောက် ၂ ချောင်းနဲ့ ယက်ထုတ်ပြီး ရှေ့ကိုသွားနေရတာ ... ယက်ကန်ယက်ကန်နဲ့ ပြေးသလိုဖြစ်နေရတာ ... ၁၅ မိနစ်ပြည့်သွားတော့ ... မျက်လုံးတွေလည်း ပြာနေပြီ ... လက်တွေလည်း နာနေပြီ ... ခန္ဓာကိုယ်ထဲမှာလည်း အသက်က ရှိနေရုံလေးပဲ ရှိတော့တယ် ... အလံတိုင်နားမှာ ၂ ယောက်သား ပစ်လဲလို့ ...

အို ... အဲသည်ညကတော့ ထမင်းစားလို့ ကောင်းသလားတော့ မေးမနေနဲ့ ... နှင်းရေ့ ...

(ကင်းအတူ အိပ်ခဲ့ဖူးသော ရဲဘော်ဇော်ဝင်း သို့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက် အမှတ်တရ)


Comments