အောင်ဒင်
ဇူလိုင် ၂၁၊ ၂၀၁၁
သူ့ကို ရရှိခဲ့လို့
မြန်မာပြည်ဟာ ကံအကောင်းဆုံးဖြစ်ခဲ့ရသလို
သူ့ကို ဆုံးရှုံးခဲ့ရလို့
မြန်မာပြည်ဟာ ကံအဆိုးဆုံးလဲ ဖြစ်ခဲ့တယ်။
သူ့လို မမြင့်မြတ်တဲ့ ခေါင်းဆောင်တွေကြောင့်
မြန်မာပြည်သူတွေ နာကျင်ခံစားနေကြရသလို
သူ့သမိုင်းကို ချိုးဖျက်ချင်တဲ့ အဓမ္မသမားတွေကြောင့်
မြန်မာပြည်သူတွေ နာကျည်းခံပြင်းကြရတယ်။
သူ့လို မဟုတ်ပဲ
အာဏာရှင်ကို အလုပ်အကျွေးပြုတဲ့ သူ့သားကြီးကြောင့်
မြန်မာပြည်သူတွေ ဝမ်းနည်းကြေကွဲကြရသလို
သူ့လိုမျိုး
လူထုဘက်က ထာဝရရပ်တည်တဲ့ သူ့သမီးကြောင့်
မြန်မာပြည်သူတွေ ဂုဏ်တက်ရပြန်တယ်။
သူရှိတုန်းကတော့
သူတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ
ပြည်သူသာ အမိ၊ ပြည်သူသာ အဘ
တပ်နဲ့ ပြည်သူ တသားတည်းကျနေခဲ့။
သူမရှိတဲ့နောက်
တပ်မတော်သာ အမိ၊ တပ်မတော်သာ အဘ
ပြည်သူဆိုတာ
စစ်ဖိနပ်များအောက်က အနင်းခံသဲမှုံကလေးများသာ။
ရှိတုန်းကလဲ
တန်ဘိုးအကြီးမားဆုံး
မရှိတော့တဲ့အခါမှာလဲ
တန်ဘိုးအကြီးမားဆုံးဖြစ်နေဆဲ
"တစ်နှစ်အတွင်း ဒီမိုကရေစီရဖို့"
"ရရင်ရ မရရင်ချဖို့"
ကျနော်တို့ဆီ ပြန်လာခဲ့ပါလား ဗိုလ်ချုပ်ရယ်
လွမ်းတယ်ဗျ …။ ။
(ပန်းချီ ထိန်လင်း ရဲ့ General Aung San ၊ Acrylic အား အသုံးပြုထားပါသည်။
Comments