နှစ်ဆယ့်တစ်ရာစုရဲ့ ... ကမ္ဘာမှာ
ဆောင်းယွန်းလ
သြဂုတ် ၁၄၊ ၂၀၁၁
ပုံကို ဒီနေရာက ယူပါသည်။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
ဂါရဝတရားတွေ ကျိုးပဲ့ကြေမွနေခဲ့ကြပြီး
ယုံကြည်ချက်တွေက အပျင်းပြေလေညင်းခံထွက်နေကြတုန်းပါပဲ ...။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
တယောက်ကိုတယောက် လက်ချင်းချိတ်ပြီးလျှောက်ဖို့
နောက်ကျောတွေ မလုံလောက်ခဲ့ကြသေးသလို
တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောဖို့
စိတ်ဓာတ်တွေလည်း အခြေမခိုင်ခဲ့ကြသေးပါဘူး ...။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
လိမ်ညာတဲ့တိမ်ပြာတွေက မရွာတဲ့မိုးကို ဟန်ရေးပြဆေးဆိုးပြီး
စစ်အေးတိုက်ပွဲတွေက မသေမရှင်သဘာဝကို အိပ်မွေ့ချထားတယ် ...။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
မြို့ပြလေညင်းက ရောဂါကင်းရှင်းကြောင်း လက်မှတ်အတုထိုးပြီး
ဗေဒင်ဆရာက ပရိဒေဝမီးတောက်နေသူတွေရဲ့ ငွေကြေးကို ယတြာပေးတယ် ....။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
ဆရာဝန်က လူနာရှင်ရဲ့သောကကို လောဘနဲ့မေ့ဆေးထိုးပြီး
လူသတ်သမားက သေနတ်ကျည်ဆံမှာသာ အပြစ်ရှိကြောင်း လျှောက်လဲချက်ပေးတယ် ....။
၂၁ ရာစုရဲ့ ကမ္ဘာမှာ
အရေအတွက်က အရည်အချင်းကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားပြီး
တရုတ်ထုတ်ကုန်ပစ္စည်းတွေက အရည်အသွေးကို ရေထိုးအလေးခိုးထားတယ် ...။
၂၁ ရာစုရဲ့ကမ္ဘာမှာ
အစိုးမရတဲ့ သူခိုးဓားပြတွေက ရလဒ်မှန်သမျှကို မဲလိမ်ပြီး
စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ဓားပြတိုက်ထားတယ် ....။
၂၁ ရာစုရဲ့ကမ္ဘာမှာ
အကြံအဖန်က အမှန်အကန်ကို ကုလားဖန်ထိုးပြီး
ဘွဲ့လက်မှတ်တွေက အလုပ်အကိုင်တွေကို လေလံတင်ထားတယ် ....။
၂၁ ရာစုရဲ့ကမ္ဘာမှာ
သူတောင်းစားက ဂရုဏာတရားကို အနုကြမ်းစီးပြီး
ရောင်စုံမလေးတချို့က မေတ္တာတရားကို ဒစ်စကောင့်နဲ့ရောင်းစားတယ်....။
၂၁ရာစုရဲ့ ကမ္ဘာမှာ
အပေါစားရုပ်ရှင်ကားက လက်လုပ်လက်စားတွေရဲ့ အိပ်ချိန်ကိုအလစ်သုတ်ပြီး
တကိုယ်ရေကောင်းစားမှုတွေက ဘာသာတရားကို ခါးပိုက်နှိုက်ထားတယ်.....
၂၁ရာစုရဲ့ ကမ္ဘာမှာ
ပရော့ဂျတ်နဲ့ပရိုပိုဇယ်တွေက ရှော့ပင်ထွက်ပြီး
လိင်အလုပ်သမတချို့က အေအိုင်ဒီအက်စ်ကို ကွန်ဒွန်ဖုံးပြီး ချော့သိပ်ကြတယ်..
၂၁ ရာစုရဲ့ကမ္ဘာဟာ
သောင်းထွန်းနေတဲ့ မြစ်တစင်းဖြစ်သလို
မှောင်လွန်းနေတဲ့ စစ်တလင်းတခုလည်းဖြစ်တယ်....။
၂၁ ရာစုရဲ့ကမ္ဘာဟာ
သတင်းစာမဖတ်ရသေးတဲ့ နံနက်ခင်းတခုဖြစ်သလို
မနက်စာမစားရသေးတဲ့ ညနေခင်းတခုလည်းဖြစ်တယ်....။
၂၁ ရာစုရဲ့ကမ္ဘာဟာ
စနတ်တံမဖြုတ်ရသေးတဲ့ ချိန်ကိုက်ဗုံးတလုံးဖြစ်သလို
အကောင်းဆုံးအရှုံးသမားတွေအတွက် မငြိမ်းသေးသော ခေတ်တခေတ်လည်းဖြစ်တယ် ...။
၂၁ ရာစုရဲ့ကမ္ဘာဟာ
ထီပေါက်ပြီး လက်မှတ်ပျောက်နေတဲ့ ခေတ်တခေတ်ဖြစ်သလို
ထီးစုတ်ဖိနပ်ပြတ်ပြီး စိတ်ဓာတ်တွေအိပ်ကပ်ပါးနေတဲ့ ခေတ်တခေတ်ပဲဖြစ်တယ် ...။
၂၁ ရာစုရဲ့ကမ္ဘာမှာ ...
၂၁ ရာစုရဲ့ကမ္ဘာဟာ ... ကိုယ့်တပ်ကိုယ်နင်း ...
၂၁ ရာစုရဲ့ကမ္ဘာဟာ....
အချင်းချင်း ... အပြက်အပြက်နဲ့. .. နှာခေါင်းသွေးထွက်နေတယ် ...။ ။

Comments