ထူးဟန်နဲ့
မွန်းတို့က စစ်တပ်၏ပါးကွက်သားများအဖြစ် လုပ်ကြံဖန်တီးပြီး
ယူအန်၏
အိုင်စီစီလုပ်ငန်းစဉ် အားနည်းချက်ကို ထင်ရှားအောင် သက်သေပြခြင်းဖြစ်
မိုးမခအထောက်တော် ၀၀၈၊
စက်တင်ဘာ ၈၊ ၂၀၁၁
လွန်ခဲ့တဲ့
ဇူလိုင်က မြန်မာပြည်က နိုင်ငံရေးဒုက္ခသည်၊ သြစတြေးလျနိုင်ငံသား ထူးထူးဟန်နဲ့
အပေါင်းအပါ ၂ ဦးက သူတို့တတွေက မြန်မာစစ်အာဏာရှင်ရဲ့ ပါးကွက်သားတွေဖြစ်တယ်၊
မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ဖော်
ပြောဆိုပြီး ကုလရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ အစစ်ဆေးခံလိုကြောင်း
တင်ပြခဲ့ကြပါတယ်။
သြစတြေးလျသတင်းစာများသာမက
ပြည်ပက မီဒီယာနဲ့ မြန်မာအသိုင်းအ၀ိုင်းများမှာ အများကြီး ဂယက်ရိုက်ခဲ့ပြီး ယခု
၂ လအကြာမှာတော့ ဒါတွေဟာ အမှန်မဟုတ်ဘူး၊
သူတို့တတွေ လုပ်ကြံသတင်းဖြန့်လိုက်တာဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။
သတင်းကို သူတို့နိုင်ငံထုတ် ကိုရီယာမီးလ်သတင်းဝက်ဆိုက်မှာ ရေးထားပါတယ်။
သူတို့နဲ့
အပေါင်းအပါများရဲ့ သဘောထားကတော့ ကုလသမဂ္ဂရဲ့ အိုင်စီစီလို့ခေါ်တဲ့
နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ အမှန်တရားကို ဖော်ထုတ်
အရေးယူနိုင်ခြင်း မရှိဘဲ အားနည်းချက်တွေရှိတဲ့စနစ်ဖြစ်တယ်ဆိုတာကို
သက်သေပြဖို့အတွက် သည်လိုမျိုး လုပ်ဇာတ်ခင်းရတာ ဖြစ်တယ်လို့ သတင်းစာကို
ဖြေရှင်းထားပါတယ်။ သူတို့ဝန်ခံချက်ကို မီဒီယာအများအပြားမှာ ဖော်ပြခဲ့ကြပေမယ့်
ကုလအဖွဲ့ကြီးနဲ့ အိုင်စီစီက တိုက်ရိုက် စုံစမ်းခြင်း၊ ထုတ်ပြန်ခြင်း၊ ဘာမျှ
ထူးထူးခြားခြား တုန့်ပြန်ခြင်း မရှိခဲ့ဘူးလို့ သူတို့က ထောက်ပြပါတယ်။
ကုလအဖွဲ့ချူပ်ကြီးဟာ
ပြက်လုံးသက်သက်သာဖြစ်တယ်၊ ပြည်သူလူထု အားနည်းသူအများစုအတွက် ဘာမျှ
ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တာ မရှိဘူး၊ နိုင်ငံအများစုကို ညီမျှတဲ့
ကိုယ်စားပြုမှု မရှိဘူး၊ နိုင်ငံ ၅ ခုလောက်ရဲ့ မဲဆွယ် ၀ါဒဖြန့်မှုအောက်မှာပဲ
ရှိနေတယ်။ တကယ်တမ်းဆို အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း စသည်ဖြင့်
သီးခြား တောင်ပန်ဖြန့်
ရပ်တည်ခွင့်တွေ ရှိရမယ်။ ယခုထက်ထိ မြန်မာပြည်က အနည်းဆုံး ၁
ဦးကိုတောင်မှ စစ်ရာဇ၀တ်ခုံရုံး တင်နိုင်ခြင်း မရှိသေးဘူး စသည်ဖြင့် ထူးဟန်နဲ့
မိတ်ဆွေတွေက ဝေဖန်ထားကြတယ်လို့ သတင်းစာက ရေးသားထားပါတယ်။
သူတို့ရဲ့
လုပ်ကြံဇာတ်ဝန်ခံချိန်က စက်တင်ဘာကုလအထွေထွေညီလာခံ ကျင်းပချိန်နဲ့
တိုက်ဆိုင်နေပါတယ်။ သူတို့ရဲ့ သတင်းထုတ်ပြန်မှုကြောင့် တဖက်မှာ ကုလအိုင်စီစီ
အဖွဲ့ကြီးရဲ့ စွမ်းဆောင်နိုင်မှုကို မေးခွန်းထုတ်ကြတာနဲ့ ရင်ဆိုင်နိုင်ရသလို၊
အခြားတဖက်မှာလည်း မတရားလုပ်သူတွေ၊ မတရားအလုပ်ခံရသူတွေရဲ့ အပြန်အလှန်စွတ်စွဲ
ပြောဆိုမှု၊ အရေးယူရေး တောင်းဆိုမှုတွေအတွက် ကွန်မြူနီတီနဲ့ အာဏာပိုင်တွေရဲ့
ဝင်ရောက်စွက်ဖက်မှုကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။
- http://moemaka.com/index.php?option=com_content&task=view&id=9575&Itemid=83 (ထူးထူးဟန် တပည့် ၂ ယောက် ရသွားပြီ)
- http://moemaka.com/index.php?option=com_content&task=view&id=9502&Itemid=83 (နောက်တယောက်ကလည်း ထူးထူးဟန်လိုပဲ ၀န်ခံပြီ)
- http://moemaka.com/index.php?option=com_content&task=view&id=9450&Itemid=83 (ထူးထူးဟန်က ကုလစစ်ဆေးရေးကော်မရှင်တက်မည်)

Comments