ကျနော်တို့
အချိန်ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ
ဦးဝင်းတင်နဲ့
မေးခွန်းများ
မိုးမခ၊ စက်တင်ဘာ
၎၊ ၂၀၁၁
ယခင်အပတ်က ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးအပြီးမှာ
အစိုးရသစ်ရဲ့ လွှတ်တော်တွင်း အဆိုတင်သွင်းမှုများ၊ လှုပ်ရှားမှုများ
ဆက်လက်ရှုစားကြရပါတယ်။ သွေးလှူဖို့ စည်းရုံးသူ ကိုနေမျိုးဇင်ကို အစိုးရသစ်က
ထောင် ၁၀ နှစ် ချလိုက်ပါတယ်။ တိုင်းရင်းသားများနဲ့ ဖြစ်ပွားနေတဲ့
ပြည်တွင်းစစ်ကလည်း ရပ်ဆိုင်းသွားတယ် မရှိသေးပါဘူး။ အကျဉ်းကျနေတဲ့
နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများနဲ့ တိုင်းရင်းသားခေါင်းဆောင်များ
လွတ်မြောက်ရေးအတွက် အစိုးရအဖွဲ့က မည်သို့မျှ ထူးခြားတဲ့ တုန့်ပြန်မှု
ထွက်ပေါ်လာခြင်း မတွေ့ရသေးပါဘူး။ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်
ကွင်တာနားကိုယ်တိုင်ကလည်း မြန်မာပြည်မှာ ထူးခြားမှုတွေ သိသာစွာ မတွေ့ရဘူးလို့
အစီရင်ခံစာထဲမှာ ထည့်ပြောလိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ခေါင်းဆောင်
သမတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲနောက်ပိုင်း မြန်မာပြည်တွင်း ရင်ကြားစေ့ရေး၊
တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက် အိပ်မက်တွေ
မက်မိသူတွေဆီက စိုးရိမ်တကြီး တုန့်ပြန်ချက်တွေ ပြန်လည်ထွက်ပေါ်လာပါတယ်။
မြန်မာပြည်စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေက ဒုံရင်း ဒုံရင်းပဲလား။
အချိန်အကန့်အသတ် တခုခုနဲ့ အခုလက်ရှိ အခြေအနေကို စောင့်ကြည့်သင့်သလား။
ဘယ်လိုလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကကော ဘယ်လိုသဘောထားသလဲ ဆိုတဲ့
မေးခွန်းတွေ တက်လာပါတယ်။ အဲသည်အချက်တွေကို ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခိုက်မှာ
မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။
ကဲ … ဆရာရေ။ မေးမြန်းနေတာ၊
စိုးရိမ်နေတာတွေလည်း ကြားမှာပေါ့။ အချိန်က ကြာဦးမှာလား ဆရာ။
လက်ရှိအခြေအနေမှာ အရင်တုန်းက ကျနော်ပြောခဲ့သလိုပေါ့။
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုတွေကို သူ ယုံယုံကြည်ကြည်နဲ့ လုပ်နေတာဖြစ်တယ်လို့
အားလုံးကို ထုတ်ပြောပြီး ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးပါ။ ထောက်ခံပါ သူက
ကျနော်တို့ကို အဲသလို ပြောပြပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း ခင်ဗျားတို့
ပြည်သူတွေ မေးနေ၊ စိုးရိမ်နေတာတွေကို
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် တင်ပြပြီး ဆွေးနွေးဖြစ်ပါတယ်။ သူပြောနေတာကတော့
သူက ပြည်သူကို လိမ်ညာပြီး ပြောနေတာမဟုတ်ဘူး။ သူယုံယုံကြည်ကြည်နဲ့ ဒီကိစ္စကို
လုပ်ဆောင်နေတာဖြစ်တယ်။ နောက် ဒါက တကယ်တမ်း မအောင်မြင်ခဲ့ရင် သူကိုယ်တိုင်က
ဒါကို ဖုံးကွယ်မထားဘဲနဲ့ အားလုံးကို ထုတ်ဖော်ပြောပါ့မယ်လို့ သူက ကျနော်တို့ကို
ပြောပါတယ်။
နောက်တခုက စောင့်ကြည့်ဖို့ အချိန်ကလည်း
သိပ်မရှိဘူးလို့ ပြောလို့ရမလားဆရာ။
ဟုတ်ပါတယ်။ စက်တင်ဘာထဲမှာတင် ယူအင်အစည်းအဝေးတွေ
ညီလာခံတွေ ရှိနေတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ လာတော့မယ်။ ပြီးရင်
ကုလလူ့အခွင့်အရေးကောင်စီ ညီလာခံရှိတယ်။
အောက်တိုဘာမှာ အာဆီယံထိပ်သီးတွေ ဆွေးနွေးတာ ရှိမယ်။ နိုဝင်ဘာထဲမှာ IMF
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေက မြန်မာပြည်အကြောင်း ဆွေးနွေးဖို့ ရှိတယ်။
မြန်မာပြည်က အစိုးရအဖွဲ့ဖက်က ဘာမှ ထူးထူးခြားခြား မရှိရင် အဲသည်ညီလာခံတွေ
ဆွေးနွေးပွဲတွေမှာလည်း မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘာမှ ရလဒ်ကောင်းတွေ ထွက်လာမှာ
မဟုတ်ဘူး။
ဒါဆိုရင် တလကျော်လောက်ဆိုရင်ကို လက်ရှိ
အစိုးရအဖွဲ့က နိုင်ငံတကာမျက်မှောက်မှာ ပြောစရာ ပြစရာတွေတော့ ပြနိုင်
ပြောနိုင်အောင် လုပ်မယ်လို့ စောင့်ကြည့်ရမှာပေါ့။
အင်း၊ အဲလိုပဲ ပြောရမလားမသိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
အခုအချိန်မှာ သူ့ဖက်က ကြိုးစားပြီး ဆောင်ရွက်နေတယ်။ သူ့ဖက်က Fail ဖြစ်သွားပြီ၊
မအောင်မြင်ခဲ့ဘူး ဆိုရင် ကျမ ၀န်ခံမယ်၊ ကျမကို အပြစ်တင်လည်း ခံပါ့မယ်။ သို့သော်
အချိန်ပေးပါ ဒါမျိုး ပြောတာ ဖြစ်ပါတယ်။ အချိန်ပေးပါ လို့ ပြောတယ်ဆိုတာကလည်း
ဟိုဖက်မှာက အစိုးရအဖွဲ့ဆိုတာ ရှိနေတာအပြင် စစ်တပ်၊ လွှတ်တော်၊
ကြံ့ဖွံ့ပါတီဆိုတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း အချိန်ပေးဖို့
အတိုင်းအတာရှိတယ်လို့ ဆိုတယ် ထင်ပါတယ်။ ကျနော်တို့ဖက်မှာလည်းပဲ အင်န်အယ်ဒီပါတီ
ရပ်တည်ရေးပါတယ်၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ရှိတယ်။ တိုင်းရင်းသားအရေးတွေ
ပါဝင်တယ်။ ဒီကိစ္စတွေအားလုံးကလည်း ကျနော်တို့ဖက်မှာလည်း အချိန်
အတိုင်းအတာနဲ့အမျှ အရေးကြီးနေတယ်လို့ ပြောရင် ရမယ် ထင်တယ်။
အဲသည်တော့ ခုချိန်မှာ
ဒေါ်စုကမေတ္တာရပ်ခံသလိုမျိုးပေါ့လေ။ သူ့ကို ထောက်ခံပါ၊ အချိန်ပေးပါ
ဆိုတာမျိုးကို လက်ခံတဲ့ အာဘော်တွေ၊ သဘောထားထုတ်ပြန်တာမျိုးတွေ ကြားမိသလောက်
ဘယ်သူတွေက ပြောပြ၊ တုန့်ပြန်ကြသလဲ ဆရာ။
ကျနော်တို့ အင်န်အယ်ဒီပါတီက မိတ္ထီလာ ၅ မြို့နယ်
ဆွေးနွေးပွဲလုပ်တဲ့ဆီမှာ၊ လွန်ခဲ့တဲ့ နေ့ကလုပ်တဲ့ ဆွေးနွေးပွဲပေါ့လေ။ အဲသည်မှာ
ဘာပြောကြသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လက်ခံတယ်ဆိုရင်
နံပါတ်တစ် ဒေါ်စုကို အချိန်ပေးပါ။ နံပါတ်နှစ်က အဲသည်ကာလမှာ အငြင်းပွားစရာ၊
သံသယဖြစ်စရာကိစ္စတွေ၊ စကားတွေကို သည်အချိန်အတွင်းမှာ မပြောဘဲနဲ့ စောင့်ကြည့်ပါ
ဆိုတဲ့ သဘောထားကို တင်ပြ ဆွေးနွေးပါတယ်။ အဲသည်လိုမျိုး ထူးခြားမှုဖြစ်ပေါ်လာမလားဆိုတာကို
စောင့်ကြည့်ကြမှာဖြစ်တယ်။
ဟုတ်ကဲ့။ ဒါဆိုရင်
စောင့်ကြည့်နေတဲ့ကာလထဲမှာတင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က
စုံစမ်းရေးကော်မီတီတွေ ဖွဲ့ဖို့ ဆိုတာတွေကလည်း ရှေ့ တလ၊ ၂လမှာ
ပေါ်လာမလားကိုလည်း စောင့်ကြည့်ရမှာပေါ့လေ။ ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့နော်၊
တခုက ဒီသြဂုတ်လအတွင်းမှာတင် နိုင်ငံတကာနဲ့ လစ်ဗျားပြည်သူတွေ စုပေါင်းပြီး
အုံကြွဆန့်ကျင် တိုက်ထုတ်နေတဲ့ လစ်ဗျားအာဏာရှင် ကဒါဖီလည်း
မြို့တော်ထရီပိုလီကို စွန့်လွှတ်ပြီး ထွက်ပြေးရတဲ့ အချိန်ဖြစ်နေတယ်။ အာရပ်ကမ္ဘာနဲ့
အာဖရိကက အာဏာရှင်တွေ ကျဆုံးနေတာကို တွေ့နေရတယ်။ လစ်ဗျားမှာ ပြည်သူတွေ
အောင်ပွဲခံနေပေမယ့် ဆီးရီးယားလို တိုင်းပြည်မှာတော့ ပြည်သူတွေဟာ အစိုးရရဲ့
အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံနေရဆဲပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ဘာပြောချင်တာ
ရှိသလဲ။
ကျနော့်သဘောကတော့ လောလောဆယ်မှာ နိုင်ငံတကာကော၊
ပြည်တွင်းက ပြည်သူတွေက ၀ိုင်းဝန်းတွန်းလှန်ကြလို့ လစ်ဗျားမှာ အာဏာရှင်
ပြိုကွဲရတယ်ပေါ့လေ။ ဆီးရီးယားမှာတော့ ပြည်သူတွေကို သတ်ဖြတ်နေပေမယ့် အပြင်က
နိုင်ငံတကာက သိသိသာသာကြီး ၀င်ရောက် ကာကွယ်ပေးတာတွေ မမြင်ရသေးဘူး။ တားမြစ်တာ၊
ပိတ်ဆို့တာမျိုး သိပ်မဖြစ်လာသေးဘူး။ ခေါင်းဆောင်လုပ်တဲ့ အာဆဒ်က ကဒါဖီနဲ့
မတူတာကတော့ သူက ကဒါဖီလိုမျိုး ရှေ့ကနေထွက်ပြီး ရန်စတာ၊ ပြောတာ ဆိုတာတွေ
မလုပ်ဘူး။ နောက်ကနေ ကြိုးကိုင်ပြီးတော့ အောက်ခြေက လက်နက်ကိုင် စစ်တပ်တွေကို
လွှတ်ပြီး ပြည်သူတွေကို သတ်ဖြတ် နှိမ်နှင်းတာလုပ်နေတယ်။ အဲသည် ကွာခြားချက်
ရှိတယ်လို့ ပြောချင်တယ်။ လစ်ဗျားက ၆ လ အတွင်း စခန်းသိမ်းပေးမယ့် ဆီးရီးယားက
သည်လိုပုံမျိုးနဲ့ဆိုရင် ပြည်သူတွေမှာ သည်ထက်ပို အချိန်ကြာမြင့်စွာ
ခံစားနေကြရမလားတောင် မသိဘူး ဖြစ်နေတယ် ထင်တယ်။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာပြည်ကို
ကြည့်လိုက်လို့ရှိရင် အရင်က သန်းရွှေအစိုးရတို့က နောက်ဆုတ်သွားပြီးတော့
နောက်အစိုးရအသစ်တခု တက်လာတယ်။ ပြီးတော့ သူတို့က ဒေါ်စုတို့နဲ့
စကားပြောဆိုတာတွေ လုပ်ပြလာတယ်။ ဒီမိုကရေစီအစိုးရလိုလို လုပ်လာတယ်။
ထောင်ကျတွေကို လွှတ်ပေးတယ်။ လွှတ်တော်ထဲမှာ အဓိပ္ဗါယ် ရှိတာ မရှိတာ ဟုတ်တာ မဟုတ်တာ
အပထား၊ ပြောကြ ဆိုကြတာမျိုးတွေ လုပ်တယ်။ ဒါမျိုးတွေနဲ့ဆိုတော့
မြန်မာပြည်အရေးကိစ္စဟာ ရေရှည်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ။ ကြိုတင်တွေ့းကြည့်သင့်တယ်
ထင်တယ်လေ။
ဟုတ်ကဲ့ပါဆရာ။ ကမ္ဘာမှာ လစ်ဗျားလိုမျိုး
အာကျယ်တဲ့ အာဏာရှင်တွေ ကျဆုံးကုန်တာ မြင်နေကြရပြီ၊ ဆက်လက်ပြီး စောင့်ကြည့်စရာ
အာဏာရှင်နိုင်ငံတွေလည်း ရှိနေတယ်။ အာရပ်နဲ့ အာဖရိကပြီးရင်တော့ အာရှနွေဦးပဲလို့
ပြောသူတွေကလည်း ပြောနေကြတယ်။ အာမကျယ်သော်လည်း နောက်ကွယ်ကနေ လက်သံပြောင်တဲ့
အာဏာရှင်တွေ ပရိယာယ်ကြွယ်တဲ့ အာဏာရှင်တွေကလည်း နေမ၀င်သေးဘူးဆိုတာကလည်း
ထည့်သွင်းစဉ်းစားရမယ့် အချက်ပေါ့လေ။ ကျေးဇူးတင်ပါတယ် ဆရာ။
ဟုတ်ပါပြီ။
Comments