Min Thu Nya - Saffron Revolution 4 Years On


ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျသာသနာ့အာဇာနည်များ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဘလောက်ကကူးယူဖော်ပြပါတယ်
စက်တင်ဘာ ၁၅၊ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်လိုက်လဲဆိုရင် အော် ငါနဲ့အတူတူသွား      အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေ ဆင်နွဲခဲ့ကြတဲ့သူငယ်ချင်းရဟန်းသံဃာတွေ  ကြံ့ဖွတ်စစ်  အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံ အကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင်ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။
မြတ်စွာဘုရားရှင်၏ မေတ္တာသုတ်ပရိတ် တရားတော်များကို မေတ္တာပို့ရွတ်ဆိုကာ ငြိမ်းချမ်းစွာလမ်းလျှောက် ရုံဖြင့် ၀ါးရင်းဒုတ်နှင့်အရိုက်ခံကြရ၊သေနတ်နှင့်အပစ်ခံကြရ၊ကျောင်းတိုက်များကို ညစဉ် သူပုန်စခန်းစီးသလို ၀င်ရောက်ရိုက်နက် သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရှည်ထောင်ဒဏ်တွေချပစ်ကြတယ်။ အလုပ်ကြမ်းနှင့် ရဲဘက်စခန်းတွေကို ပို့ပစ်ကြတယ်။  ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို  ချိတ်ပိတ်ပစ်ကြတယ်။
ရဟန်းသံဃာအဖြစ်နဲ့ ငယ်စဉ်ကလေးဘ၀ကတည်း နေလာခဲ့ကြတာ အလုပ်ကြမ်းလည်း မလုပ်ဖူးဘူး၊  မြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်တွေကို သင်ယူပို့ချ ဟောပြော ဆုံးမပြီးနေခဲ့ကြတာ၊ အခုသူတို့ဘ၀တွေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကျ တစ်ချို့ထောင်ထဲမှာ ပျံလွန်တော်မူကြရတယ်။

ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃)နှစ်
သူငယ်ချင်းဖြစ်သူ ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃) နှစ်နှင့် သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဆိုရင် ထောင်ဒဏ် (၃၅)ကျခံနေရတယ်။
 ဦးခေမိန္ဒဟာ စာရေးသူတို့ထက်ဝါကြီးပါတယ်။ မန္တလေးမြို့ ၁၉၉၀ ပြည့် ဆွမ်းလောင်းပွဲကြီးမှာ အေးဆေးစွာ ဆွမ်းခံကြွနေတဲ့ သံဃာတော်တွေကို စစ်အစိုးရက သေနတ်နှင့်ပစ် စစ်ဖိနပ်နဲ့ကန်ကျောက် ထောင်ထဲပို့ခဲ့တာမို့ ဒီလောက်ကြမ်းကြုတ် စော်ကားတဲ့ စစ်အစိုးရကို မြတ်စွာဘုရားရှင် ဓမ္မစက်နဲ့ဆုံးမမှသာလျှင်ရမယ်ဆိုပြီး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်၍ ပတ္တနိက္ကုဇ္ဖန ကမ္မ၀ါရွတ်ဆိုကာ စစ်အစိုးရကို မည်သည့်သံဃာမှ အပေါင်းဖေါ်မပြုရ  ပစ္စည်းလေးပါး အလှူမခံရ စသည်ဖြင့်အမိန့်ထုတ်ကာ ရဲရဲရင့်ရင့် သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီလိုသပိတ်မှောက်ထားတဲ့အတွက်  စစ်အစိုးရ အုပ်စုတွေဘက်က ဆွမ်းစား သာရေး နာရေးပင့်တဲ့အခါ မည်သည့်သံဃာမှ မလိုက်ကြပါ။အလှူမခံကြပါ။ဒီပြင်းထန်မှုဟာ တနိုင်ငံလုံးထိ ပျံ့နံ့လာပါတယ်။ ဒါကို အင်မတန်ကြောက်သွားတဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ မ ဟ န ဆရာတော်ကြီးများကို သေနတ်နဲ့ထောက် အမိန့်ထုတ်ခိုင်းကာ သံဃာဖမ်းပွဲစတင်ကျင်းပပါတော့တယ်။ သံဃာဖမ်းပွဲမှာ တနိုင်ငံလုံးက လေးစား၇သော သံဃာအပါးတစ်ထောင်ကျော်ကို စာချပေးနေတဲ့ နာယက ဆရာတော်ကြီးတွေ ၊တိပိဋ္ဋကဓရဆရာတော်ကြီးတွေ ၊ သကျသီဟ ဓမ္မာစရိယဘွဲ့ရ ဘိဝံသ ဆရာတော်ကြီးတွေမြောက်များစွာ ထောင်ကျခံ နှိပ်စက်ခံခဲ့ကြရပါတယ်။  တချို့ဆရာတော်ကြီးတွေ ထောင်ထဲမှာ ပျံလွန်တော်မူကြပါတယ်။ တချို့ဆရာတော်ကြီးများ ထောင်ကလွတ်ပြီး မကြာမီမှာ ထောင်ထဲက ဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ကြရပါတယ်။
ဦးခေမိန္ဒ (ထောင်ဒဏ် ၃၅ နှစ်)

၁၉၉၀ ပြည့်သပိတ်မှာ   ရှေ့တန်းကေ နမားမားမတ်မတ်ပါဝင်ခဲ့လို့ထောင်ကျသွားတဲ့အထဲမှာ အခု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ထပ်မံထောင်ဒဏ် (၃၅)နှစ် အကျခံရတဲ့ သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဟာ တစ်ပါး အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဦးခေမိန္ဒဟာ အင်မတန်သတ္တိပြောင်မြောက်သူတစ်ပါးဖြစ်ပါတယ်။
စာရေးသူတို့ မန္တလေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂီ ကိုပြန်လည် ဖွဲ့စည်းတော့ ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင်ပါဝင်ခဲ့ပါတယ်။ သံဃာသမဂ္ဂီအသင်းဖွဲ့စဉ်မှာ သူပြောသွားတဲ့စကားလေးကို ယနေ့ထက်ထိ ကြားယောင်နေမိပါတယ်။
"ဒို့တတွေ သတ္တိရှိရမယ်။ ဒို့နိုင်ငံသူနိုင်ငံသားတွေအတွက် ဒို့ဘ၀ကို စတေးရမယ် အရင်ကလည်း စတေးခဲ့တယ်။ အခုလည်းပဲ စတေးအုံးမယ် …" တဲ့’။
သူပြောတဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ  ၂ ရက်နေ့မှာ ဦးဂမ္ဘီရ မန္တလေးကို ရောက်လာတော့ ဦးခေမိန္ဒ၊ ဦးပညာသီရိ၊ ဦးလင်း အပါအ၀င် သံဃာတော် ၁၀ ပါးနှင့် စာရေးသူတို့ ထပ်မံ အစည်းအဝေးလုပ်ကြပါတယ်။ ဦးဂမ္ဘီရ ရန်ကုန်မှ ပါလာသော သံဃာတော်များပန်ကြားလွှာ နှင့် စာရေးသူတို့ ထုတ်ဝေထားသော သံဃာတော်များသို့ ပန်ကြားလွှာများကို ဆက်လက်ဖြန့်ဝေရေးများကို ညှိနိုင်းတိုင်ပင်ကြပါတယ်။
၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော် ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်စဉ် စစ်အုပ်စုမှ သံဃာတော်များကို တိရစ္ဆာန်များ ဖမ်းသလို ကြိုးကွင်းနဲ့ ပစ်ဖမ်း ဓါတ်တိုင်မှာ ကြိုးနဲ့တုတ် သေနတ်ဒင်နဲ့ထု စစ်ဖိနပ်နဲ့ကန်ကျောက် လုပ်ခဲ့တဲ့အတွက် သံဃာနဲ့ န အ ဖ ကြား ပြင်းထန်မှု ဖြစ်ခဲ့ပါတယ်။ ဒီသတင်းကြားကြားချင်း နောက်တစ်နေ့မှာ စာရေးသူ၊ ဦးဂမ္ဘီရ၊ ဦးခေမိန္ဒ၊ ဦးလင်း နဲ့ အခြား သူငယ်ချင်းများ ပခုက္ကူအရေးအခင်းနှင့် ပတ်သတ်ပြီး အစည်းအဝေးထိုင်ခဲ့ကြပါတယ်။
အရှင်ဣဿရိယနှင့်သူငယ်ချင်းများ

အစည်းအဝေးသဘောတူညီချက်အရ   ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ကြသော သံဃာတော်များကို စစ်အုပ်စုမှ ယခုလိုအကြမ်းဖက်စော်ကားသည့်အတွက် သံဃာတော်များကို ပြန်လည်တောင်းပန်ရန်၊ တောင်းပန်ခြင်းမပြုပါက မန္တလေးသံဃသမ္မဂ္ဂီအသင်းကြီးမှ ဦးဆောင်ကာ သပိတ်မှောက်ပါမည်ဆိုတဲ့ စတိတ်မင့်တစ်စောင်ကို စာရေးသူကိုယ်တိုင် ရေးသားခဲ့ပါတယ်။
ဒီစတိတ်မင့်ကီု ဦးခေမိန္ဒမှ ဘီဘီစီသတင်းဌာနသို့ အင်တာဗျူးကာ အသံလွင့် ဖတ်ကြားခဲ့ပါတယ်။ စာရေးသူနဲ့ ဦးဂမ္ဘီရက အီးမေးများမှတဆင့် သူငယ်ချင်းများဆီသို့ ဖြန့်ဝေပေးပါတယ်။ ထိုစတိတ်မင့်များကို ကော်ပီဆွဲကာ စာရေးသူရဲ့ တပည့်များနှင့် သူငယ်ချင်းများမှ ကျောင်းတိုက်များသို့လိုက်လံဖြန့်ဝေပေးခြင်း ၊နံရံများတွင် လိုက်လံကပ်ခြင်းများကို ပြုခဲ့ကြပါတယ်။
မန္တလေးမှာ စတိတ်မင့်စာရွက်ပျံ့နှံလာမှုကြောင့် တချို့အင်ဖေါ်မာများက စာရေးသူကို သံသယဖြစ်ကာ နောက်ယောင်ခံ လိုက်လာကြပါတယ်။ စာရေးသူက မန်းမှာ စာကြည့်တိုက်နှင့် ဘာသာဗေဒသင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်ထားသည့်အတွက် စာရေးသူကို သံသယရှိကြပါတယ်။ စာရေးသူမှ သူငယ်ချင်းများကို ရှင်းပြကာ ရန်ကုန်ကိုသွားမည် ရန်ကုန်မှာလည်း အရေးကြီးသည်။ ဒီစတိတ်မင့်စာရွက်များကို ရန်ကုန်မှာ သွားဖြန့်ဝေပေးပါမည်။ အကြောင်းရှိက ဖုန်း၊ အင်တာနက်၊ မက်ဆင်ဂျာ များဖြင့် ဆက်သွယ်ပါမည်။ အကယ်၍ အဆက်အသွယ်မရဘဲ ဆုံးဖြတ်စရာများ ရှိပါက မန္တလေးအဖွဲ့က လုပ်တာကို ရန်ကုန်က သဘောတူပါသည်။ ရန်ကုန်က လုပ်တာကို မန္တလေးကလည်း သဘောတူပါဟု ပြောဆို ညှိနှိုင်းကြကာ စာရေးသူ ရန်ကုန်ကို ဆင်းသွားပြီး စတိတ်မင့်စာရွက်များ မိတ္တူကူးကာ သူငယ်ချင်းများနှင့် တိုင်ပင်လျက် ကျောင်းတိုက်များအသီးသီးသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြပါသည်။
မန္တလေးမှ ဦးပညာသီရီ ရန်ကုန်သို့ လိုက်လာပါသည်။ ရန်ကုန်မှာ စတိတ်မင့်စာရွက်များကို သူ၏မိတ်ဆွေများနှင့် တိုင်ပင်ကာ ၀ိုင်းဝန်းဖြန့်ဝေပေးခဲ့ပါသည်။ မန္တလေးမှ ဦးဂမ္ဘီရက ဖုန်းဆက်ခေါ်သဖြင့် ဦးပညာသီရီ မန္တလေးသို့ ပြန်ကြွသွားရသည်။
ပထမစတိတ်မင့်မှာ စက်တင်ဘာ ၁၁ ရက်နေ့ထိ အချိန်ပေးခဲ့သည်မှာ အချိန်နည်းနေသေးသဖြင့် နောက်စတိတ်မင့်တွင် ၁၇ ရက်နေ့ထိ နောက်ဆုံးထားတောင်းပန်ရန် ရက်ရွေ့ပေးခဲ့ပါသည်။ သို့ပါသော်လည်း စစ်အစိုးရမှ လုံးဝမတောင်းပန်သဖြင့် ဦးဂမ္ဘီရမှ စာရေးသူထံ ပတ္တနိက္ကူဇ္ဖနကမ္မ၀ါစာကို အီးမေးဖြင့် ပို့ပေးခဲ့ပါသည်။ စာရေးသူသည် အီးမေးမှ စတစ်ဖြင့် ကူးလာကာ ပရင့်ထုတ်၍ ဦးသြဘာသကိုလည်း ၀ိုင်းဖြန့်ဝေပေးပါရန် ပြောခဲ့ပါသည်။ စာရေးသူတို့လည်း ကျောင်းတိုက်များသို့ ကမ္မ၀ါစာ ရွတ်ဖတ်နိုင်ရန် လိုက်လံဝေပေးခဲ့ကြပါသည်။
၁၈ရက် စက်တင်ဘာ ၂၀၀၇ နံနက်၉ နာရီအချိန်တွင် သံဃာတော် ၁၅ ပါး ရွှေတိဂုံဘုရားအနီးရှိ သူငယ်ချင်းရဲ့ဆရာတော်ကြီးကျောင်းတွင် ကမ္မ၀ါ စုပေါင်းရွတ်ဖတ်ကြပါသည်။ ထိုအသံဖမ်းထားသောဖိုင်ကို သူငယ်ချင်းဖြစ်သူ ဦးသောပါက(ဂျာမဏီ) ထံသို့ မီဒီယာများမှတဆင့် ဖြန့်ဝေပေးပါရန် အီးမေးမှတဆင့် ပို့ပေးခဲ့ပါသည်။ အခြားကျောင်းတိုက် တော်တော်များများတွင်လည်း ကမ္မ၀ါစာများ ရွတ်ဖတ်ကြပါသည်။ ထိုနေ့မှစတင်ကာ သံဃာတော်များ မေတ္တာပို့ရင်း လမ်းလျှောက်ပွဲများ ဆင်နွဲခဲ့ကြပါသည်။
သံဃာတော်များ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသည် တနေ့ထက်တနေ့ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားပြည်သူများ ပူးပေါင်းပါဝင်လာမှုမှာ များသည် ထက်များ လာပါသည်။ သံဃာထုနှင့် လူထုအားမှာ သိန်းချီ များပြားလာပါသည်။ မြို့နယ်တိုင်းမှာ သံဃာတော်များ ပြည်သူလူထုများ လမ်းလျှောက်ဆန္ဒပြလာကြပါသည်။ 
(မြန်မာနိုင်ငံလုံးဆိုင်ရာသံဃသမ္မဂ္ဂီအဖွဲ့(မန္တလေး) - အရှင်ဣဿရိယ၊ အရှင်သြဘာသ၊ အရှင်ခေမိန္ဒ၊ အရှင်ပညာသီရီ၊)
ဒါကိုကြောက်တဲ့ န အ ဖ စစ်အုပ်စုဟာ သူအာဏာမစွန့်ရရေး အတွက် တနိုင်ငံလုံး ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များကိုပင် ၂၆ ရက် စက်တင်ဘာမှ စတင်ကာ ၀ါးရင်းတုတ်နှင့်ရိုက် သေနတ်နှင့်ပတ်သတ် ဖမ်းဆီးထောင်ချခြင်းများကို စတင်ပြုလုပ်လာပါတော့ သည်။ ညစဉ် ကျောင်းတိုက်များသို့ သူပုန်စခန်းစီးသလို ၀င်စီးကာ သေနတ်နှင့်ပစ်သတ် ကားပေါ်ပစ်တင် ထောင်ထဲ ပို့ပါတော့သည်။ သံဃာတော်ကြီးများကိုလည်း မိမိကျောင်းတိုက်မှ သံဃာတော်များကို ရွာပြန်ပို့ရန် အမိန့်ထုတ်ခဲ့ပါသည်။ ပြန်မပို့သော ကျောင်းတိုက်များကို ညစဉ်သူပုန်စခန်းစီးသလို ၀င်စီးကာ ဖမ်းဆီးခေါ်ဆောင်သွားကာ ထောင်ထဲကို ပို့ခဲ့ကြပါသည်။ ထောင်ထဲမှာ အနှိပ်စက်ခံအညှင်းပန်း ခံနေကြရပါသည်။
ဒါကို စာရေးသူရဲ့ သူငယ်ချင်း ထောင်ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ ဦးပညာသီရီ ပြောပြလို့သိခဲ့ရပါသည်။ စာရေးသူက သူငယ်ချင်းကို မေးပါတယ်။
"သူငယ်ချင်း မင်းထောင်က ထွက်ပြေးလွတ်မြောက်ပြီး နယူးဒေလီမြို့ အိန္ဒိယနိုင်ငံကို ရောက်တော့ နေ့တိုင်း တပည့်တော်ဆီကို အီးမေးပို့တယ်။ သူငယ်ချင်းအထဲမှာ မနေနဲ့တော့ အပြင်ကို ထွက်တော့နဲ့။  ဘာဖြစ်လို့ အဲဒီလို ပို့တာလဲ"
မေးတော့
"အရှင်ဘုရား ထောင်အကြောင်း မသိဘူး …" တဲ့။
" ထောင်ထဲမှာ နေတိုင်း တပည့်တော်ကို နည်းမျိုးစုံ နှိပ်စက်ပြီးမေးတယ်။ ဦးဂမ္ဘီရဘယ်မှာလဲ၊ အရှင်ဘုရား (မင်းသုည) ဘယ်မှာလဲ။ ဦးလင်း ဘယ်မှာလဲ နဲ့ …။ အမြဲတမ်း ရိုက်ပြီး မေးတယ်ဘုရား။ စစ်ဖိနပ်နဲ့ ရင်ဘက်ကိုဆောင့်ကန်တယ်။ နားရင်းရိုက်တယ်။ ပါးရိုက်တယ်။ နည်းမျိုးစုံ နှိပ်စက်တယ် ဘုရား။ နောက်ဆုံး မခံနိုင်တော့လို့ သေတာက ကောင်းသေးတယ်ဆိုပြီး   တပည်တော် အုတ်နံရံကို             ခေါင်းနဲ့ပြေးဆောင့်တာ ရဲတစ်ယောက်က လှမ်းဖမ်းဆွဲတာ မြန်လိုက်လို့ဘုရား။ ဒါမှမဟုတ်ရင် တပည့်တော်သေပြီဘုရား။ တပည့်တော် အနှိပ်စက်ခံရတာတွေ များတော့ စိတ်တွေလည်း ပုံမှန်မဖြစ်ဘူးဘုရား။ တပည်တော် အပြင်ရောက်လို့ ကြည့်လိုက်တော့ အရှင်ဘုရားကို အင်တာနက်မှာ တွေ့လိုက်တော့ အရှင်ဘုရားက ရန်ကုန်မှာ နိုင်ငံရေးဆက်လုပ်နေတုန်းဆိုတာကို သိရတော့၊ တပည့်တော် အရမ်းစိုးရိမ်သွားတာနဲ့ အမြဲ အီးမေးပို့ပေးတာပါ …"
လို့ဖြေခဲ့ပါတယ်။ တချို့သံဃာတွေလည်း အလုပ်ကြမ်းဒဏ်ကို မခံနိုင်လို့ ထောင်ထဲမှာ ပျံလွန်တော်မူသွားတာတွေရှိတယ်လို့ ပြောပြခဲ့ပါတယ်။
ဒါကြောင့် ယနေ့ ရွှေဝါရောင်တော်လှန်ရေးဟာ (၄) နှစ်ပြည့်ခဲ့သလို ရွှေဝါရောင်တော်လှန်ရေးမှာ အသက်စွန့်ကာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တွေ ထောင်ကျခံ၊ အနှိပ်စက်ခံနေရတာလည်း (၄) ပြည့်ပါပြီ။ မိမိတို့ နိုင်ငံသူ နိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အကျဉ်းကျခံ၊ အနှိပ်စက်ခံနေကြတဲ့ သာသနာ့အာဇာနည်များလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မှာရှိကြတဲ့ မြန်မာပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်။ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ လွတ်မြောက်ရေးသည် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းပေါ်ထွက် ဆန္ဒပြကာ တောင်းဆိုမှသာလျှင် လွတ်မြောက်နိုင်ပေမည်။ ဒီတာဝန်ကို အားလုံး တက်ညီလက်ညီ တာဝန်သိသိ သစ္စာရှိရှိဖြင့် ထမ်းဆောင်ပေးကြပါဟု တိုက်တွန်း နိုးဆော်လိုက်ပါသည်။ 
မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဘလောက်ကကူးယူဖော်ပြပါတယ်

Comments