ကျနော့်ရင်ထဲ ပူနွေးနေဆဲ ကျောက်ဖြာရွာ
ငြိမ်းဝေ
စက်တင်ဘာ ၂၁၊ ၂၀၁၁
(၁)
၁၉၉၄ ခု၊ မတ်လ၊ ၁၃
ရက်။
ကျနော်တို့ ပုန်းအောင်းနေသည့်
တောင်ကုန်းကလေးပေါ်ကတဆင့် ကိုက်(၃၀၀) ခန့်အကွာ အောက်ဘက်တွင် ကားလမ်းကို လှမ်းမြင်နေရသည်။
ကျောက်ဖြာရွာအဝင်ထိပ်က သစ်ပင်တောအုပ်ကလေး ကိုလည်း မြင်နေရ၏။
မနက် ၁၀ နာရီထိုးသည့်တိုင်
ကားလမ်းပေါ်တွင် မည်သူမျှ ဖြတ်သန်းသွားလာသည်ကို မတွေ့ရ။ ကျနော်တို့က မနက် ၈ နာရီကတည်းက
တောင်ကုန်းပေါ်ရောက်နေခဲ့ကြပြီး ကားလမ်းတလျှောက် တံမျက်စည်းလှည်းကြမည့် `ကျောက်ဖြာရွာ´သားများကို
လာပြီး စေါင့်ကြည့်နေကြခြင်း ဖြစ်သည်။ ပတ်ဝန်း ကျင်တခုလုံး ကျေးငှက်သံများကိုသာ ကြားနေရသည်။
နအဖ စစ်တပ် စစ်ကားတန်းများ
ဒီကနေ့ ဆင်းလာကြမည်ဟု ကျနော်တို့ သတင်းရထားသည်။ သည်တစ်ခေါက်ကားတန်းအဆင်းမှာ မိုးကျတော့မည်ဖြစ်သဖြင့်
နောက်ဆုံး တစ်ခေါက် ကားတန်းအဆင်းဖြစ်လိမ့်မည်ဟုလည်း ကျနော်တို့သိထားကြ၏။
စစ်ကား တန်းဆင်း သည့်အခါ
ကားလမ်းပေါ်တွင် ကားများမဖြတ်သန်းခင်ကတည်းက ရွာသားများကို ကားလမ်းတလျှောက် တံပျက်စည်းလှည်းခိုင်းကြလိမ့်မည်ဟူသော
သတင်းကြောင့် ကျနော်နှင့် `တပ်ကြပ်ကြီးဖါးတေး´တို့( ထိုစဉ်က တပ်ကြပ်ကြီးဖါးတေးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏
ဗိုလ်အဆင့် ရှိသူဖြစ်သော်လည်း သူ့ကို တပ်ကြပ်ကြီးဟူ၍ပင် ဒေသခံများက ဆက်လက်ခေါ်ဝေါ်ခဲ့ကြ၏။)
ကျောက်ဖြာရွာသား (၂)ဦးနှင့်အတူ သည်တောင်ကုန်းပေါ်သို့ ရောက်နေခဲ့ကြခြင်းဖြစ်သည်။
ကျောက်ဖြာရွာမှာ `အောင်သိဒ္ဒိလမ်းမကြီး´ဟု
လူသိများသော `ကမ္မမောင်း ဖါပွန်´ နွေရာသီ စစ်သုံး ကားလမ်းမကြီးပေါ်တွင်ရှိသော ရွာတစ်ရွာဖြစ်သည်။
ကားလမ်းက ရွာထဲက ဖြတ်သွား၏။ ဖါးအံမြို့နယ် “တလိုင်းကရင်”ရွာနှင့်“ကွေလေရွာ” ကြားတွင်
ရှိသည့်ရွာဖြစ်သည်။ ရွာ၏ မြောက်ဘက်ထိပ်တွင် နအဖစစ်တပ် တပ်မ၉၉ လက်အောက်ခံ၊ ခလရ (၃၀၂)၊
တပ်ခွဲ (၃ ) က စခန်းချတပ်စွဲထား၏။
နောက်ထပ် နာရီဝက်ကျော်ခန့်
ရှိသောအခါ ကျနော်နှင့် ဘေးချင်းပူးကပ်ထိုင်နေသည့် တပ်ကြပ်ကြီးဖါးတေးက လက်ကုပ်ပြီး သတိပေးသဖြင့်
ရွာထိပ်ကို လှမ်းကြည့်သည်။ ပထမတော့ လူသံများကိုသာကြားရသည်။ ထို့နောက် နအဖ စစ်သားနှစ်ယောက်
သေနတ်ကိုယ်စီအသင့်အနေအထားနှင့် ကားလမ်းဘေး ခပ်ခွါခွါမှ ပေါ်လာသည်။ ထို့နောက် ကျနော့်
မျက်စေ့ထဲတွင် လူရိပ်သဏ္ဍာန်များကို တွေ့ရသည်။ လူ (၃၀) ခန့်ကို မယုံကြည်နိုင်လောက်အောင်
တွေ့လာရသည်။
သူတို့တတွေ စကားတပြောပြောနှင့်ပင်
ကျနော်တို့ ပုန်းအောင်းနေရာ တောင်ကုန်းအောက်သို့ ရောက်လာကြသည်။ အသက် ၁၀ နှစ်ကျော်ကျော်ခန့်
ကလေးများ၊ အသက်၅၀ ဝန်းကျင်ရှိမည်ထင်ရသည့် အမျိုးသမီးကြီးများသာဖြစ်သည်။ သူတို့အားလုံး
ရင်ပေါင်တန်းလျက် လမ်းလုံးပြည့် တံမျက်စည်းကိုယ်စီလှည်းလာနေကြ၏။ ကျနော်က အသက်မရှူနိုင်လောက်အောင်ပင်
မင်သက်မိနေမိသည်။ မတော်တဆ ကားမိုင်းမြှုပ်ထားသည့်အပေါ်
တံမျက်စည်းလှည်းမိပါက….။ သို့သော် သူတို့အားလုံး စကားပြောမပျက် တံမျက်စည်းလှည်းသွားနေကြ၏။
ကျနော်က သူတို့အစား တုန်လှုပ်ခြောက်ခြားဖြစ်နေသည့်တိုင် သူတို့ကတော့ အိနြေ္ဒမပျက် စကားပြောမပျက်
တံမျက်စည်းလှည်းနေကြ၏။ တံမျက်စည်းလှည်းနေသူ လူအုပ်မှာ ကျနော်တို့ မျက်စေ့အောက်မှ မလှမ်းမကမ်း
ကားလမ်းအကွေ့တွင် မြင်ကွင်းမှပျောက်သွား၏။
(နောင်အခါ ကျနော်က
တံမျက်စည်းလှည်းသူများ သေဘေးနှင့်နီးလွန်းသည့်တိုင် ဘာ့ကြောင့် အခုလို စကားပြောမပျက်
တံမျက်စည်းလှည်းသွားနိုင်ကြသည်ကို ဝေခွဲမရသဖြင့် တပ်ကြပ်ကြီးဖါးတေးကို မေးကြည့်သောအခါ
သည်လို လုပ်ရခြင်းမှာ ရိုးနေပြီဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း၊
မလုပ်ပဲနေလို့လည်း မရတဲ့အကြောင်း၊ ဒါ့အပြင် ကိုယ့်ဘက်ကလည်း ရွာသားများ ထိခိုက်မည်ကို
မလိုလားသဖြင့် ရွာနှင့်နီးသည့်နေရာများတွင် ဗုံးမထောင်ပဲထားသည်ကို သိနေကြ၍ဖြစ်ကြောင်း၊
ထို့ပြင် ဒီအလုပ်မှာ ရွာသားမျာအဖို့ မထူးဇာတ်ခင်းရသလိုဖြစ်ကာ အခုလို အပြုံးမပျက် တံမျက်စည်းလှည်းနေကြရခြင်းဖြစ်ကြောင်း
ကျနော့်ကို ရှင်းပြခဲ့ပါသည်။)
တံမျက်စည်းလှည်းသူများ(
လူသားမိုင်းရှာကြိယာအဖြစ် အသုံးချခံရသူများ ) မြင်ကွင်းထဲမှ ပျောက်သွားသည့်တိုင် မကြာမီ
စစ်ကားတန်းများ ဆင်းလာမည်ဖြစ်သဖြင့် စေါင့်ကြည့်လေ့လာရန် ကျနော်တို့က နေရာမရွှေ့သေးပဲ
တောင်ကုန်းပေါ်က သစ်ပင်ခြုံပုတ်များကြားထဲမှာပင် ဆက်ပြီး ထိုင်နေခဲ့ကြ၏။
ထိုစဉ်မှာပင် လူတစ်ယောက်
ရွာပြင်ထွက်လာသည်ကို တွေ့ရ၏။ ရွာစည်းရိုးအပြင်ဘက်ရောက် သည့်အခါ ကျနော်တို့ ပုန်းအောင်းနေရာ
တောင်ကုန်းဆီ မေါ့ကြည့်ပြီး ကျနော်တို့ဆီသို့ပင် တည့်တည့် လျှောက်လာနေသည်ကို တွေ့ရ၏။
ကျနော်က အနည်းငယ်ထိတ်လန့်သွားစဉ် တပ်ကြပ်ကြီးဖါးတေးက ထိုလူမှာ ကျောက်ဖြာရွာသူကြီး `ဦးကျောက်လုံး´ဖြစ်သည်ဟု
ရှင်းပြသဖြင့် ကျနော့်မှာ စိတ်သက်သာရာ ရသွားရ၏။ ကျနော်တို့အနားသို့ရောက်လာသောအခါ စေါင်တစ်ထည်
ခါးတွင်ပတ်လျက်၊ ပုဆိုးအဟောင်းတထည် ခေါင်းတွင်စည်းလျက် ဦးကျောက်လုံးကိုတွေ့ရ၏။
` ဘယ်မလည်းဟေ့ သတင်းထောက်
ကားတန်းဆင်းတာ စေါင့်ကြည့်ချင်တယ်ဆိုတာ ´
` ကျနော်ပဲ သူကြီး၊
ဘာပြုလို့လဲ ´
သူကြီးက ကျနော့်ကို
ခြေဆုံးခေါင်းဆုံး အကဲခတ်သလိုကြည့်သည်။
` ဒီအတိုင်း ဒီမှာ
ထိုင်စေါင့်နေလို့ မဖြစ်ဘူး၊ တော်ကြာကားတန်းဆင်းတော့မယ်၊ ဒီကောင်တွေက စိတ်ချရတာမဟုတ်ဘူး၊
မသကာ ကားတန်းမဆင်းခင် ကင်းအရင်ထိုးချင်ထိုးမှာ၊ ကင်းထိုးလို့ မင်းတို့နဲ့ ပက်ပင်းတိုးရင်
ပစ်လားခတ်လားဖြစ်အုန်းမယ်၊ တရွာလုံး မီးတင်အရှို့ခံရမှာလည်းသေချာတယ်၊ဒီလိုလုပ်ပါ သတင်းထောက်တစ်ယောက်ထဲ
ရွာထဲလိုက်ခဲ့၊ ကျုပ်တာဝန်ယူတယ်၊ ကားလမ်းနဲ့အနီးဆုံးတဲပေါ် ကျုပ်ထားပေးမယ်၊ ဒီမှာတော့
ဒီလိုစေါင့်နေကြလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူးကွ´
ကျနော်တို့အားလုံး
မည်သို့မျှ စကားပြန် မပြောနိုင်ကြ။ တပ်ကြပ်ကြီးဖါးတေးနှင့် ကျနော် အပြန်အလှန်ကြည့်သည်။
ကျနော်က သည်ဒေသတွင်
အသိအကျွမ်းရှိသူမဟုတ်။ ယုတ်စွအဆုံး အရှေ့အနောက် တောင်မြောက်ကိုပင် ရုတ်တရက် မသိသေးသည့်
ဧည့်သည်သက်သက်။ တပ်ကြပ်ကြီးဖါးတေး၏ တာဝန် ယူမှုဖြင့်သာ ဤဒေသတွင် သတင်းများ စုဆောင်းရယူနေသူ
ဖြစ်သည်။ ထို့ပြင် သည်ဒေတွင်ရှိသည့် ရွာများအားလုံး ကရင်စကားသာပြောသည့် ကရင်ရွာများသာဖြစ်သည်။
ကျနော်ကမူ ကရင်စကားတစ်လုံးမျှပင် တတ်သူမဟုတ်။
` ကဲ ဘယ်လိုလဲဟေ့
အချိန်မရှိဘူး မြန်မြန်ဆုံးဖြတ်ကြကွ ´
သူကြီး ဦးကျောက်လုံးက
စိတ်မရှည်ဟန်ပြောလာသည်။ ကျနော်က တပ်ကြပ်ကြီးဖါးတေးကို အကူအညီတောင်းသလို ကြည့်မိသေးသည်။
သို့သော် ကျနော့်ပါးစပ်က အလိုလို စကားတခွန်း ထွက်လာ၏။
` ဟုတ်ကဲ့ ကျနော်
လိုက်မယ်သူကြီး ´
` ဒါဆို ခင်ဗျားပစ္စည်းတွေ
ကျုပ်ကိုပေး´
ကျနော်က လွယ်ထားသောလွယ်အိပ်ကို
သူကြီးဆီ ယောင်ယောင်အအနှင့် ကမ်းပေးလိုက်သည်။ သူကြီးက သူ့ခါးမှ စေါင်ထဲတွင် ကျနော့်လွယ်အိပ်ကလေးကို
ထည့်ပြီး အဖျားနှစ်ဘက်တွင် အနည်းငယ်လိမ်ကာ ခါးတွင်ပြန်ပတ်လိုက်သည်။ ထို့နောက် စကားတခွန်းမှ
မပြောတော့ပဲ ရှေ့မှ ဦးဆောင်ပြီး ဆင်းသည်။
တောင်ကုန်းကလေးပေါ်မှ
အဆင်းတွင် နောက်ကို လှည့်ကြည့်တော့ တပ်ကြပ်ကြီးဖါးတေးက မျက်နှာငယ်လေးနှင့် ကျနော့်ကိုကြည့်နေသည်ဟု
ထင်လိုက်မိသည်။
(၂)
ကျောက်ဖြာရွာထဲကို
သူကြီးနောက်မှ ဆယ်လှမ်းမျှခွါကာ လိုက်ဝင်ခဲ့သည်။ သူကြီးက လမ်းမကြီးအတိုင်းမသွား။ အိမ်တချို့ဘေးမှ
ဖြတ်ကာကွေ့ကာ သွားနေသည်။ ကျနော်က နဂိုကတည်းက အဝတ်အစား အနွမ်းအကြေဝတ်ကာ ရုပ်ဖျက်ထားပြီးဖြစ်သဖြင့်
ရွာသားများက ရုတ်တရက် ကျနော့်ကို သတိမထားမိဟု ထင်မိသည်။ သို့သော် သူကြီးက တဲပေါ်က လူတချို့ကို
နှုတ်ဆက်သည့်အခါတွင်မူ တဲပေါ်ကလူတွေက သူကြီးနှင့် မလှမ်းမကမ်းတွင် တုတ်ချောင်းတချောင်းကိုင်ပြီး
လျှောက်လာနေသည့် ကျနော့်ကို အကဲခတ်သလို ကြည့်သည်။
တဲတလုံးအလွန်တွင်
ကျနော်တို့ရှေ့မှ နအဖစစ်သားသုံးဦး လျှောက်လာနေသည်ကိုတွေ့သည်။ ရွာထဲမဝင်ခင်က ရွာထဲတွင်
စစ်ကားတန်း ဆင်းမည့်နေ့ဖြစ်သည်မို့ စစ်သားများမှာ ရွာသားထက်ပင် ပိုများမလား ထင်ရလောက်အောင်
ရောက်နေသည်ဟူသော သူကြီးဦးကျောက်လုံး၏ စကားကို ကျနော်ပြန်တွေးမိသည်။ အကယ်၍ စစ်သားများနှင့်
ရွာထဲတွင် တိုးပါက သူကသာ ဦးဆောင်ပြီး စကားပြောမည်၊ နှုတ်မဆက်ပဲနေရန်ပြောထားသဖြင့် ကျနော်က
ဘေးဘီကိုသာ ကြည့်သလိုလုပ်ရင်း လျှောက်သည်။ အနားကိုရောက်တော့ ဦးကျောက်လုံးကပင် တပ်ကြပ်လုပ်သူကို
နှုတ်ဆက်သည်။ တပ်ကြပ်က သူတို့ဘေးမှ ဖြတ်လျှောက်သွားသူ ကျနော့်ကို တချက်မျှသာကြည့်သည်။
ကျနော့်မှာ ဒူးများညွှတ်ခွေကျလုမတတ် တုန်လှုပ်နေမိသည်။
ဖင်တလှည့်ခေါင်းတလှည့်
အဆင်ပြေသလို ဆောက်ထားသော တဲတော်တော်များများကို ကျော်လာသောအခါ ဦးကျောက်လုံးက ရှေ့မှဦးဆောင်ကာ
တဲတလုံးပေါ်တက်သည်။ တဲပေါ်တွင် အသက် ၂၀ ခန့်အရွယ် ကရင်မိန်းကလေးတစ်ဦးသာ ရှိသည်။ ဦးကျောက်လုံးက
ကရင်လို တစ်ခွန်းနှစ်ခွန်းပြောသည်။ ပြီးတော့ ကျနော့်ကို ဘာမှ မစိုးရိမ်ဖို့ ကားတန်းဆင်းချိန်တွင်
ကျနော့်ကို သူကိုယ်တိုင် လာခေါ်မည်ဟုဆိုသည်။ ကားတန်းဆင်းကာနီးပြီမို့ သူ့ကို နအဖစစ်သားများက
လိုက်ရှာနေကောင်း နေလိမ့်မည်ဟုဆိုကာ ကျနော့်လွယ်အိပ်ကလေးကို ကြမ်းပြင်ပေါ်ချပေးလိုက်ပြီး
တဲပေါ်က ပြန်ဆင်းသွား၏။ ချက်ချင်းဆိုသလိုပင် တဲရှင်မိန်းကလေးက အိမ်ခန်းထဲသို့ ခြေဟန်လက်ဟန်နှင့်
ကျနော့်ကို ဝင်နေရန်ပြောသည်။ အခန်းထဲတွင် ဖြာတစ်ချပ်ခင်းပေးပြီး သူက တဲပေါ်က ဆင်းသည်။
ခါးစေါင်းခန့်အမြင့် တဲအောက် ကျနော်ထိုင်နေရာ နေရာအောက် တည့်တည့်လောက်တွင် သွားထိုင်သည်။
ပြီးတော့ နှီးဖြာနေလေသည်။
အနည်းငယ်အိပ်ငိုက်မည်ရှိစဉ်မှာပင်
တဲအောက်မှ စကားပြောသံကြားသဖြင့် ကြမ်းကြားမှ ငုံ့ကြည့်တော့ တဲအောက်တွင် နအဖစစ်သား ၂ယောက်က
တဲရှင်မိန်းကလေးဘေးတွင် ထိုင်နေသည်ကို တွေ့ရ၏။ စစ်သားတစ်ယောက်က ကရင်လိုပင်စကားပြောကာ
တဲရှင်မိန်းကလေးကို နောက်ပြောင်နေ၏။ ကျနော်က အကြီးအကျယ်တုန်လှုပ်သွားကာ အသက်ပြင်းပြင်းမရှူရဲလောက်အောင်
ငြိမ်သက်နေမိသည်။ ထို့နောက် တဲရှင်မိန်းကလေးက ဘယ်လိုပြောလိုက်သည်မသိ စစ်သား ၂ယောက်က
ထိုင်ရာမှထကာ ပြန်ထွက်သွားကြလေသည်။
(၃)
နေလည် ၂ နာရီခန့်တွင်
မိုးချိမ်းသံများကို အဝေးမှ ကြားရသလိုရှိသဖြင့် အိပ်ငိုက်စပြုနေသော ကျနော်မှာ မျက်လုံးများ
ပြူးကျယ်လာရ၏။ တဲပေါ်သို့ လူ ၂ ယောက်တက်လာသည်။ လွန်ခဲ့သည့်ညက ကျနော်နှင့်တပ်ကြပ်ကြီးဖါးတေးတို့
ပုန်းအောင်းအိပ်စက်ခဲ့ရာတဲပေါ်တွင် အတူထိုင်ပြီး စည်းဝေးတိုင်ပင်ခဲ့ကြ သည့် ကျောက်ဖြာရွာသား
၂ဦးပင်ဖြစ်သည်။ သူတို့က ကျနော့်ကို အိမ်ရှေ့ခန်းသို့ထွက်လာရန်ပြောသည်။
အိမ်ရှေ့ခန်းသို့ထွက်လာပြီး
သူတို့ဘေးတွင် ဝင်ထိုင်လိုက်စဉ် ကားသံများကို ကြားလာရလေသည်။ ချက်ချင်းဆိုသလိုပင် နအဖ စစ်ကားကြီးများ ရွာထဲသို
့ဝင်လာနေကြ၏။ စေါစေါက မိုးချိမ်းသံများဟု ထင်ခဲ့သည့်အသံများမှာ စစ်ကားကြီးများ မောင်းလာနေသည့်အသံများသာ
ဖြစ်လေသည်။
ထိပ်ဆုံးမှ မောင်းဝင်လာသော
စစ်ကားကြီးက ကျနော်တို့တဲနှင့် တည့်တည့်လောက်တွင် လမ်းဘေးသို့ထိုးပြီး စက်မသပ်ပဲ ရပ်လိုက်၏။
နောက်မှ လိုက်လာသည့်ကားတချို့က ရှေ့ဆက်မောင်းသွားပြီးမှ လမ်းဘေးသို့ဆင်းကာ ရပ်ထားလိုက်ကြ၏။
ကားများအားလုံး တီအီး (၁၁) အမျိုးအစား စစ်ကားကြီးများပင်ဖြစ်သည်။ နောက်မှ တရွတ်ဆွဲလိုက်ပါလာသည့်
ဖုန်လုံးကြီးမှာ ကားများအားလုံး၏ ပတ်ဝန်းကျင်ကို ဖုံးအုပ်လိုက်၏။ လမ်းဘေးသို့ လွတ်အောင်ချပြီး
မရပ်သည့်အတွက်ဟုဆိုကာ နောက်မှ ကပ်လိုက်လာသည့် စစ်ကားပေါ်မှစစ်သားတစ်ဦးက ရှေ့ကားကို
ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွါသည့်အသံကို ကြားနေရ၏။စစ်သားများ ကားပေါ်က ခုန်ဆင်းချလာကြသည်။
ကားတစ်စီးနှင့်တစီး အော်ဟစ်ပြောဆိုနေကြသည်။ စစ်သားတချို့က လမ်းဘေးတဲကလေးတွေဆီ လျှောက်သွားနေကြ၏။
ခွေးတွေက စစ်ကားကြီးများကို သဲသဲမဲမဲ ဟောင်ကြလေသည်။
စတင်ဝင်ရောက်လာသည့်ကားမှစတင်ကာ
ကားစင်းရေကို ကျနော်တို့ မှတ်သားနေကြသည်။ တစ်ယောက်က ကားနံပါတ်များကို တတ်နိုင်သရွေ့လိုက်မှတ်နေသည်။
ကျနော်က ကားစက်သံ
စစ်သားများအော်ဟစ်ပြောဆိုသံများကို အသံဖမ်းစက်ကလေးဖြင့် ဖမ်းယူ သည်။ ကလေးတွေ ရွာသားတွေ
လူ (၂၀) ခန့်မှာ စစ်ကားကြီးများနှင့် ခတ်လှမ်းလှမ်းမှရပ်ကာ ငေးကြည့် နေကြသည်။တချို့က
ကလေးတွဲလောင်းနှင့်။ စစ်သားတွေက ကျနော်တို့တဲကလေးဘေးအထိ ရောက်လာ သည်။ ဖုံတွေနှင့်ဝေးသည့်နေရာအထိ
လျှောက်လာနေကြသည်။
နောက်ထပ်စစ်ကားကြီးများ
အဆက်မပြတ် ဝင်လာနေသည်။ ကားအများစုမှာ စစ်သားလည်းမပါ ပစ္စည်းပစ္စယလည်းမပါပဲ သည်အတိုင်း
အလွတ်မောင်းဝင်လာကြသည်။ ကားတစ်စင်းပေါ်တွင်မှု စည်ပိုင်းများ တင်လာသည်ကိုတွေ့ရသည်။ ကားတစ်စီးပေါ်တွင်
အရာရှိစီးကားဟုထင်ရသည့် အစိမ်းရောင်ကား ကလေးတစ်စီး တင်ထားသည်ကို တွေ့ရသည်။ ကားတစ်စီးတလေပေါ်တွင်သာ
စစ်သားတချို့ ကိုတွေ့ရသည်။ ကားတိုင်းလိုလို ရှေ့ဘက်ခတ်လှမ်းလှမ်းအထိ မောင်းသွားနေကြသည်။
ကားစီးရေ သုံးဆယ်ကျော်ခန့်အရောက်တွင်
တဲပေါ်ကို လူတစ်ယောက်တက်လာလို့ လှည့်ကြည့်တော့ ရွာလူကြီး ဦးကျောက်လုံးကိုတွေ့သည်။ သူက
တဲတံစက်မြိတ်မှငုံကြည့်ကာ ခေါင်းပေါ်က ဖုံများကိုခါချသည်။
`ကဲ ဘယ့်နှယ်လည်း
အဆင်ပြေတယ်မို့လား ကျုပ်တို့ ရွာထဲကပြန်ထွက်ကြမှဖြစ်မယ် ဒီကောင်တွေ ကားတန်းဆင်းတာ အာရုံစိုက်
အလုပ်ရှုပ်နေတုန်း ကျုပ်တို့ထွက်လိုက်တာ အကောင်းဆုံးပဲ´
ကျနော်က မည်သို့မျှပြန်မပြောတော့ပဲ
အသံဖမ်းစက်ကလေးကို လွယ်အိပ်ထဲထည့်သည်။ တဲပေါ်က ဆင်းသည့် ဦးကျောက်လုံးနောက်မှ လိုက်ဆင်းသည်။
တဲအောက်က အိမ်ရှင်မိန်းကလေးကိုပင် နှုတ်မဆက်အားတော့။ ကျနော်တို့နှစ်ယောက် အိမ်ကြိုအိမ်ကြား
လျှောက်လာကြသည်။ အိမ် ဆယ်လုံးခန့် ကျော်အရောက်တွင် ဘယ်နေရာကမှန်းမသိ ကားမိုင်းကွဲသံကြီး
ထွက်ပေါ်လာခဲ့လေသည်။ ကျနော်နှင့် ဦးကျောက်လုံးက နေရာတွင် အလိုလို ဝပ်ချလိုက်မိကြလေသည်။
(၄)
` အဲဒါ သူတို့ဖါသာသူတို့
မိုင်းပြန်ထောင်ထားတာပဲ ဖြစ်မယ် ´
တကယ်တော့ တပ်ကြပ်ကြီးဖါးတေးရဲ့
ယူဆချက်အပေါ် ကျနော့်မှာ ဘဝင်မကျနိုင်ပါ။
သူ့ရဲ့ အကြောင်းပြချက်များက
နည်းနည်းတော့ သတိထားစဉ်းစားရမည့် အချက်များဖြစ်နေသည် ကိုလည်း ကျနော် တွေးမိသည်။
ကျောက်ဖြာရွာထိပ်တွင်
ကားမိုင်းကွဲသွားစဉ်က ရွာတွင် အထိုင်ချထားသည့် စစ်သားများက အဘယ်ကြောင့် ပစ်လားခတ်လား
မလုပ်ခဲ့သနည်း။ ဖြစ်ရိုးဖြစ်စဉ်အရဆိုလျင် မိုင်းကွဲသည်နှင့်တပြိုင်နက် နအဖ စစ်သားများက
မဲမဲမြင်ရာ ခွေးရောလူရော မည်သူ့ကိုမျှမရှောင် သေနတ်နှင့်ပစ်လေ့ရှိသည်။ မသကာၤဟုဆိုကာ
ရွာသားတချို့ကို ဖမ်းဆီးနှိပ်စက်သည်။ အခုတခါ ကားမိုင်းကွဲသည့်နေရာမှာ ရွာနှင့်မဝေးပဲ
ရွာထိပ်တွင်ပင် ဖြစ်သည့်တိုင် သေနတ်များနှင့် ပစ်လားခတ်လား လုံးဝမလုပ်။ ဘယ် ရွာသားကိုမျှလည်း
ဖမ်းဆီးစစ်ဆေးခြင်း မရှိ။ ကားမိုင်းကွဲစဉ်က ရွာထဲတွင်ပင် ရှိနေသေးသည့် ကျနော်သည်လည်း
သေနတ်သံများ မကြာခဲ့ရ။ ခွေးဟောင်သံများ လူတွေ ခလေးတွေ ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားကြသည်ကိုသာ
တွေ့ခဲ့ရ၏။
ကားမိုင်းကွဲခဲ့စဉ်တုန်းက
ဦးကျောက်လုံးက ကျနော့်ကို ဘုန်းတော်ကြီးကျောင်းအတွင်း ခဏထားခဲ့ကာ စစ်သားများက သူ့ကို
မလွဲမသွေလိုက်ရှာနေတော့မည်ဟုဆိုကာ မိုင်းကွဲမည်ထင်သည့်ဘက်သို့ထွက်သွားခဲ့၏။ မကြာခင်
ရွာသားတစ်ဦးရောက်လာကာ ကျနော့်ကို `ကျုံထော်ရွာ´သို့ လိုက်ပို့ခဲ့၏။ ကျုံထော်ရွာရောက်တော့
တပ်ကြပ်ကြီးဖါးတေးက ကျနော့်ကို အသင့်စေါင့်နေသည်ကို တွေ့ရ၏။
ကျုံထော်ရွာတွင် ခေတ္တခိုအောင်းနားနေစဉ်
ကားမိုင်းကွဲသည့် နောက်ဆက်တွဲသတင်းများကို ကျနော် ရခဲ့၏။ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့်
နအဖစစ်တပ် စခန်းတာဝန်ရှိသူတွေ၏ နံမည်များကိုပင် ကျနော် ရခဲ့၏။ စခန်းမှူး ဗိုလ်ကြီးစိန်တင်၊
တပ်ခွဲမှူး ဗိုလ်အေးကို၊ ဒုခွဲမှူး ဗိုလ်မြင့်ဇော်တို့ ဖြစ်ကြ၏။ ကားမိုင်းကွဲသည့်အတွက်
ကားမောင်းသမားစစ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ မိုင်းခွဲခံရသည့် ကားနံပါတ်မှာ
န-၇၈၃၄ ဖြစ်သည်။ ထိုနေ့က စစ်ကားစီးရေ (၁၀၀)ကျော် ဆင်းချသွားခဲ့၏။
ကားမိုင်းကွဲသည့်
နောက်ဆက်တွဲသတင်းများ ရောက်လာနေစဉ် တပ်ကြပ်ကြီးဖါးတေးက
ကားမိုင်းခွဲသည့်တရားခံမှာ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ စစ်တပ် တပ်ခွဲသာဖြစ်သည်ဟု
သူ့အမြင်ကို တချိန်လုံး ပြောနေခဲ့၏။
မိုင်းကွဲပြီးနောက်
(၂)ရက်အကြာတွင် ပျက်စီးသွားသော ကားဘိုးငွေ ပေးဆောင်ရမည်ဟူသော အမိန့်စာတစ်စေါင်က ရွာသူကြီးများထံ
ရောက်လာခဲ့သည်။ (၃)ရက်အတွင်း ပေးဆောင်ရမည်ဖြစ်သည်။ တောင်းသည့်ငွေကမူ သိပ်မများ။ `ငွေတစ်သိန်း´သာဖြစ်သည်။
ကားဘိုးအတောင်းခံရသည့်
ရွာသုံးရွာ(ကျောက်ဖြာ၊ကွေလေ၊ကျုံထော်) က အိမ်ခြေများသည့် ရွာကြီးများမဟုတ်သည့်တိုင်
သည်ငွေလောက်ကိုတော့ သတ်မှတ်ထားသည့်ရက်အတွင်း ပြည့်မီအောင် ပေးနိုင်သည်။
သူကြီးဦးကျောက်လုံးက
ကားဘိုးငွေများကို စုဆောင်းကောက်ယူကာ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖစစ်တပ် ခလရ(၃၂)၊တပ်ခွဲ(၃)
တပ်ခွဲမှူးထံ သွားရောက်အပ်နှံလိုက်ရ၏။ အပ်နှံပြီး (၃)ရက်အကြာတွင် ယင်းတပ်ခွဲမှာ တာဝန်ချိန်ပြီးဆုံးသဖြင့်
တပ်ပြန်ရုပ်သွားခဲ့သည်။ အကယ်၍ ကားဘိုးငွေ များများတောင်းလျင်မူ သတ်မှတ်ထားသည့်ရက်အတွင်း
ကားဘိုးငွေ စုဆောင်းရယူဖို့ရန် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ ထို့ကြောင့် အချိန်တိုအတွင်း
အဆင်ပြေအောင် ငွေတစ်သိန်းသာတောင်းခြင်းဖြစ်သည်ဟု တပ်ကြပ်ကြီးဖါးတေးက ယူဆသည်။
ကျောက်ဖြာရွာ အထိုင်တပ်ဖြစ်သည့်
နအဖ တပ်ခွဲအနေနှင့် နောက်တန်းပြန်ကာနီးသည့်အချိန် သည်လိုနည်းနှင့် စီးပွါးရှာသွားခြင်းသာ
ဖြစ်သည်ဟု တွက်သည်။ (မှတ်ချက်။ ။ ထိုစဉ်က
ဒေသပေါက်ဈေးအရ ဆီ တစ်ပိဿာ ကျပ်-၂၀၀ သာ ရှိပါသည်။)
တပ်ကြပ်ကြီးဖါးတေး၏
အပြောအရ ထိုနေ့က တံမျက်စည်းလှည်းသည့်လူအုပ်ကို ကားမိုင်းကွဲသည့် ရွာထိပ်တွင် မလှည်းစေပဲ
ရွာထိပ်ကျော်ကာမှ တံမျက်စည်း စတင်လှည်းစေခဲ့သည်ဆိုသောအချက်မှာ တကယ့်ကို မသကာင်္စရာအချက်
ဖြစ်စေခဲ့ပြန်သည်ဟု ဆိုလေသည်။ ပြီးတော့ စစ်ကားတန်းများ ဆင်းကာနီးအချိန်ဆိုလျင် ဘယ်ရွာသားမျှ
ကားလမ်းပေါ် မတက်ရဲကြ။ ကားလမ်းပေါ်တက်ခွင့်လည်း မရှိကြ။ ထိုအချိန်အတွင်း ကားလမ်းအနီး
ရပ်နေလျင်ပင် မသင်္ကာဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်တတ်ကြသည်ဟု ကျနော့်ကို ရှင်းပြ၏။
`ဦးကသေးဖိုး ခင်ဗျားများ
ထောင်ထားတာလား´
` ဟာဗျာ ဘယ်ကလာ ကျုပ်
ထောင်ရမှာလည်း၊ ကျောက်ဖြာက ကျုပ်ရွာပဲဟာ၊ အခုလို ရွာထိပ်မပြောနဲ့ ရွာနဲ့တော်တော်ဝေးဝေးမှာ
မိုင်းကွဲရင်တောင် အနီးဆုံးရွာတွေကို ကားဘိုးငွေ
လေးငါးဆယ်သိန်းတောင်းပြီး မထင်ရင်မထင်သလို နီးစပ်ရာရွာကို ဒုက္ခပေးတတ်တာပဲဟာ ´
ဦးကသေးဖိုးရဲ့စကားကလည်း
အကြောင်းအကျိုးခိုင်သည်။ သူက သည်ဒေသတွင် မိုင်းထောင်ဝိဇာ ဖြစ်သည်။ သူကလွဲပြီး သည်ဒေသတဝိုက်
မိုင်းထောင်တတ်သူ ဘယ်သူမျှမရှိ။ ထို့ပြင် ကျောက်ဖြာရွာ ကားတန်းမဆင်းခင် (၂)ရက်က သူသည်
ကျနော်တို့နှင့်အတူ တောထဲက သူ၏ လျှို့ဝှက်တဲကလေးထဲတွင် တချိန်လုံး ရှိနေခဲ့သည်။
` ဒီစစ်သားတွေက သူတို့လူတွေ
ပြန်ပြီးထိခိုက်မယ့် ဒီလိုအလုပ်မျိုး လုပ်ပါ့မလား ´
ကျနော့်စကားကို ငြိမ်ပြီးစဉ်းစား
နားထောင်နေသည့် တပ်ကြပ်ကြီးဖါးတေးက သူ့ထင်မြင်ချက်ကို ဆက်ပြောသည်။
` အေးလေ သူတို့လူတွေထိခိုက်မယ့်အလုပ်မျိုး
လုပ်မှလုပ်ပါ့မလားဆိုတာ ထည့်တော့စဉ်းစားရမှာပေါ့၊ ဒါပေမယ့် ဒီလူတွေ အရမ်းရက်စက်တာတော့အမှန်ပဲဗျ၊
လူကို လူလိုသဘောမထားပဲ ထင်သလို သတ်ဖြတ်နှိပ်စက်တတ်တာတော့ လူတိုင်းအသိပဲ၊ ရွာထဲဝင်လာရင်
တချို့ ကြက်လောက်ဝက်လောက် တင်မကဘူး ငါးပိတပိသာနဲ့လည်း ဖမ်းဆွဲနှိပ်စက်ပြီး ခြိမ်းခြောက်တောင်းတတ်တာပဲဟာ၊
ဆရာလေးလည်း လက်တွေ့ပ၊ဲ ကျုံစိန်ရွာမှာ ဝက်သား ၂ ပိသာ အချိန်မီလာမပို့ရပါ့မလားဆိုပြီး
ရွာထဲ လက်နက်ကြီးနဲ့ပစ်တာ ဆရာလေး ကိုယ်တိုင်ကြုံခဲ့တာပဲလေ သူတို့စစ်တပ်တချို့ကစိတ်ဓါတ်ပျက်စီးနေတာ
ကြာပြီပဲဟာ၊ပြီးတော့ ကားမိုင်းကွဲပြီး နောက်တနေ့မှာပဲ ကျနော် ပြောခဲ့သေးတာပဲမို့လား
မယုံရင်ကြည့်နေ ဒီကောင်တွေ ကားမိုင်းဘိုး ချက်ချင်း တောင်းချင်တောင်းလာလိမ့်မယ်လို့
အဲဒါ ကျနော် အဲဒီကတည်းက တွေးမိထားလို့ပြောတာပေါ့ ´
တပ်ကြပ်ကြီး ဖါးတေးက
သူ့အမြင်ကို အခိုင်အမာ သက်သေသက်ကာယနှင့် ရှင်းပြနေသည့်တိုင် ကျနော့်မှာမူ ကျောက်ဖြာရွာ
ကားမိုင်းခွဲသည့်တရားခံကို သူပြောသလို လက်ခံဖို့ရာ ဝန်လေးနေခဲ့၏။
တခါတလေတော့လည်း တချိန်က
တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ဗိုလ်ချုပ်ကြီး `ငုယင်ကောင်ကီး´လက်ထက် တောင်ဗီယက်နမ်တပ်များ
စိတ်ဓါတ်ပျက်ပြားခဲ့ပုံများကို သွားပြီးစဉ်းစားမိသည်။ ထိုစဉ်က ခြေလျင်တပ်က အမြောက်တပ်နှင့်
လေတပ်ကို ဆက်ကြေးပေးခဲ့ရသည်များပင် ရှိခဲ့သည်ဟု ကြားဖူးသည်။ ဆက်ကြေး မပေးပါက အမြောက်တပ်နှင့်လေတပ်က
ခြေလျင်တပ်များတက်သိမ်းရမည့် တောင်ကုန်းကို တည့်မှန်အောင် ပစ်ခတ်ဗုံးကြဲခြင်း မပြုပဲ
ထားတတ်၏။ အထိမနာရလေအောင် ခြေလျင်တပ်များက သူတို့၏လစာထဲမှ ခွဲကာ လေတပ်နှင့် အမြောက်တပ်ကို
လပ်ထိုးရတော့သည်။ ကိုယ့်ရဲဘော်များ၏ အသက်ကို ခုတုန်းလုပ်ကာ လေတပ်နှင့် အမြောက်တပ်ကာ
စီးပွါးရှာခြင်းဖြစ်သည်။ ခြေလျင်တပ်များမှာ ရှေ့တန်းတွင် လူထုထံမှ လုယူခြင်းဖြင့် စီးပွါးရှာလို့ရသည်။
လေတပ်နှင့် အမြောက်တပ်အဖို့မူ ထိုအခွင့်အရေးမျိုး မရနိုင်။ ထို့ကြောင့် လေတပ်နှင့်အမြောက်တပ်က
ဘေးပေါက်ဝင်ငွေကို သည်လိုနည်းနှင့် ရှာခဲ့သည်ဟု ကြားဖူးသည်။
သည်လို မီးခိုးကြွက်လျှောက်
လိုက်ပြီးစဉ်းစားသည့်အခါ ကျနော့်မှာ ကျောက်ဖြာရွာ ကားမိုင်းခွဲသည့်တရားခံအစစ်မှာ တပ်ကြပ်ကြီးဖါးတေးပြောသလို
နအဖ စစ်တပ်ပင် ဖြစ်ကောင်းဖြစ်နေလေမလားဆိုသည့်စိတ်ကြောင့် တုန်လှုပ်ခြောက်ခြား ဖြစ်ခဲ့ရ၏။
ဤ အဖြစ်အပျက်မှာ ကြာတော့ ကြာခဲ့ပါပြီ။ သို့သော်
ကျနော့် စိတ်ထဲတွင်မတော့ မနေ့ တနေ့ ကဖြစ်ခဲ့သည့်အဖြစ်အပျက်တခုအနေနှင့်ပင် နှလုံးသားထဲ၌
စွဲထင်နေဆဲပင်ဖြစ်သည်။ ။
(Photo - File, Internet, Burmese Soldiers in mine-training)
Comments