“ဦးလေးရေ ... ဦးလေး”
“သြော် ... ငါ့တူပါလား၊ ဘာများတုန်းကွ၊ ရေးကြီးသုတ်ပြာနဲ့။ ဘာတွေများ အရေးကြီးလာပြန်တာတုန်း။”
“လွှတ်တော်မှာ ... လျှို့ဝှက်မဲပေးတဲ့ ခလုတ်တွေ ပျက်နေလို့ မတ်တပ်ရပ်ပြီး ဗြောင် ထောက်ခံတာ၊ ကန့်ကွက်တာတွေ လုပ်နေသတဲ့ ဦးလေးရေ...”
“သြော် ... ဒါလား။ ဦးလေးလည်း ကြားပြီးပါပြီကွာ။ အေး ... အဲဒီအကြောင်းတွေ အချိန်ကုန်ခံပြီး လေကုန်ခံပြီး ပြောနေရရင် ... မင်းတို့ ငါတို့တတွေ ဒေသတွေ ထွက်၊ အသက် တရက် ထပ်တိုမှာမို့ ... တခြားအကြောင်း ပြောရရင် မကောင်းဘူးလား။”
“ဦးလေးကတော့ လုပ်တော့မယ်။ ကဲ ... ဒါဆိုရင် ကျနော့်ကို အာစီယံတံဆိပ်ခေါင်းတွေအကြောင်း ပြောပြ၊ ဟုတ်ပြီလား”
“အေး... အဲဒါကောင်းတယ်ကွ။ နေဦး ... ဘယ်က စပြောရမလဲ ဆိုရင် ... လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက တံဆိပ်ခေါင်း ၁၀ လုံးတွဲ ထုတ်တာ ငါ့တူ မှတ်မိတယ် မဟုတ်လား”
“ဟုတ်ကဲ့ ... မှတ်မိပါတယ် ဦးလေး။ ရန်ကုန်စာတိုက်ကြီးပုံတောင် ပါသေးတယ်လေ”
“အေး ... ဟုတ်တယ်ကွ။ အဲဒီ ၁၀ လုံးက ထူးခြားတယ်ကွ။ အာဆီယံ တည်ထောင်တဲ့ အနှစ် ၄၀ မြောက် အထိမ်းအမှတ်အနေနဲ့ ထုတ်ခဲ့ကြတာ။ အဖွဲ့ဝင် ၁၀ နိုင်ငံက ထင်ရှားတဲ့ အထိမ်းအမှတ် အဆောက်အဦ ၁၀ လုံးကို ဒီဇိုင်းပုံစံ တမျိုးထဲနဲ့ ၁၀ နိုင်ငံစလုံးမှာ တနှစ်ထဲ ထုတ်ခဲ့ကြတာ၊ ဟောဒီမှာ စာရင်း အပြည့်အစုံနဲ့ ဦးလေး ပြမယ်”
(၁) မလေးရှား - (မီးရထားရုံးချုပ်အဆောက်အဦ)
(၂) စင်္ကာပူ - (အမျိုးသားပြတိုက်)
(၃) အင်ဒိုနီးရှား - (သမိုင်းပြတိုက်)
(၄)ဖိလစ်ပိုင် - (မလကာနန် နန်းတော်)
(၅) ယိုးဒယား - (ကျွန်းသစ်နန်းတော်)
ဒါတွေက ၁၉၆၇ မှာ အာဆီယံ တည်ထောင်ခဲ့တဲ့ မူလ ၅ နိုင်ငံ။
နောက်တိုးတဲ့ ၅ နိုင်ငံကတော့ အစဉ်အတိုင်း ပြောရမယ် ဆိုရင် ...
(၆) ဘရူနိုင်း ၁၉၈၄ (၀န်ကြီးများရုံး)
(၇) ဗီယက်နမ် ၁၉၉၅ (သမ္မတနန်းတော်)
(၈) လာအို ၁၉၉၇ (ရိုးရာအိမ်)
(၉) မြန်မာ ၁၉၉၇ (ရန်ကုန်စာတိုက်ကြီး)
(၁၀) ကမ္ဘောဒီးယား ၁၉၉၉ (အမျိုးသားပြတိုက်)
“စောစောက ဦးလေး ပြောတာ ၁၉၆၇ မှာ စဖွဲ့တာ ဆိုတော့ ၂၀၀၇ မှာ နှစ် ၄၀ ပြည့်ပြီး အဖွဲ့ဝင်နိုင်ငံကလဲ ၁၀ နိုင်ငံ ရှိနေပြီပေါ့နော်”
“အေး ... ဟုတ်တယ်ကွ။ တို့နိုင်ငံကတော့ ၁၉၉၇ မှာ ၀င်ခဲ့တယ်လေ။ တံဆိပ်ခေါင်း ၂ လုံးတောင် ထုတ်ခဲ့သေးတယ်။ ဒီမှာ ကြည့်ကွ”
A First Day Postcard
“အမယ်... သပ်သပ်ရပ်ရပ်ကလေးပါလား။”
“ဒါပေမယ့် အဲဒီတံဆိပ်ခေါင်းထုတ်တော့ အာဆီယံဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို အင်္ဂလိပ်လိုကော ဗမာလိုကော ရေးပြထားတာတွေက တလွဲကြီးကွ”
“ဘယ်လို တလွဲကြီးလဲ ဦးလေးရ”
“ဟောဒီမှာ ဖတ်ကြည့်လေ၊ ဦးလေး အနီရောင်လိုင်း တားထားတာတွေ။ ဘာတဲ့ ... To defend the region against penetration of rivalry and domination of big natins တဲ့”
“အာဆီယံ ဖွဲ့စည်းရသော ရည်ရွယ်ချက်” တဲ့။ တကယ် တရားဝင် ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ရဲ့ ရည်ရွယ်ချက် ၇ ချက်ထဲမှာ အဲဒီလို ရေးမထားပါဘူးကွာ။ လူထုအပေါ် နှစ်ပေါက်တပေါက် ရိုက်ထားတာ ကွ။ မင်းက အင်တာနက်ထဲမှာ ဟိုဝင်ဒီထွက် နှိုက်နေတဲ့ကောင် ဆိုတော့ အာဆီယံရဲ့ ၀က်ဆိုက်ထဲ ၀င်ကြည့်ရင် တွေ့ပါလိမ့်မယ်ကွာ၊ အထင်းသားကြီး”
“ဒါဆိုရင် လိမ်ဆင်ကြီးပေါ့နော်။ ရောင်တော်ပြန်နဲ့ ရောလွှတ်တာလို့ ပြောရမှာပေါ့”
“အမယ် ... ငါ့တူက ဗမာစာ အသုံးအနှုန်းတွေ တော်တော် တိုးတက်နေပါလား။ အမှန်ပဲကွ။ ၀င်ခွင့်ရပြီး နောက်ပိုင်းတော့ အားလုံးက ကြိုမြင်ထားတဲ့အတိုင်းပါဘဲကွာ။ ခုထက်ထိ 'ဆီပေး ဆားပေး အဆင့်'က မတက်ပါဘူး။ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မရသေးပါဘူး။ ပြောမရ ဆိုမရ၊ ချော့မရ ခြောက်မရတဲ့ သတ္တ၀ါ တကောင် အိမ်ပေါ်ခင်တင်ထားမိသလို ဖြစ်နေတော့တာပေါ့။”
“နောက်ပြီး ... ပစ်ရမှာကလည်း အဆီတ၀င်းဝင်း၊ စားရမှာကလည်း သဲ တရှပ်ရှပ် ဖြစ်နေတာ မဟုတ်လား”
“မတွေ့ရတဲ့ ၂ လ အတွင်း ငါ့တူရဲ့ ဗမာစာ အသုံးအနှုန်းတွေ အတော် ပြောင်မြောက်နေပါလားကွာ။ ကောင်းတယ်လေဟေ့။ မင်းပြောမှ ဦးလေး သွားသတိရတယ်၊ နေဦး ...၊ နေဦး ... ဦးလေး သိမ်းထားတဲ့ ကာတွန်းလေးတခု ကြုံလို့ ပြရဦးမယ်။ ဒီမှာ ကြည့် ...”
“အာဆီယံတံဆိပ်မှာ ပါတာက ဘာပုံလဲဟင်”
“တို့ဒေသရဲ့ အဓိက အစားအစာ ဖြစ်တဲ့ စပါးနှံအထုံးပုံလေးပေါ့ကွာ။ လယ်ကွင်းတွေထဲမှာ ကောက်ပင်တွေ၊ ပျိုးပင်တွေကို လယ်သမားတွေက သယ်လို့လွယ်အောင် သိမ်းလို့လွယ်အောင် အထုံးကလေးတွေ လုပ်ထားတာ ငါ့တူ တွေ့ဖူးမှာပေါ့။ ၁၀ နိုင်ငံကို ကိုယ်စားပြုပြီး ၁၀ ခက် လုပ်ထားတာပေါ့”
“ဆောင်ပုဒ် (Motto)ကတော့ 'One vision, one identity, one community' အဖွဲ့ဝင် ၁၀ နိုင်ငံက ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေကိုလဲ ဦးလေး စုထားတာ ငါ့တူ အေးအေးဆေးဆေး ကြည့်ပေါ့”
မလေးရှားနိုင်ငံ

ဖိလစ်ပိုင် နိုင်ငံ

အင်ဒိုနီးရှားနိုင်ငံ





ထိုင်းနိုင်ငံ
ဘရူနိုင်းနိုင်ငံ

ဗီယက်နမ်နိုင်ငံ

လာအိုနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံ

ဖိလစ်ပိုင် နိုင်ငံ
အင်ဒိုနီးရှားနိုင်ငံ

ထိုင်းနိုင်ငံ
ဘရူနိုင်းနိုင်ငံ

ဗီယက်နမ်နိုင်ငံ
လာအိုနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံ
“ကြည့်ရတာ အမျိုးတွေ စုံနေတာပဲ ဦးလေးရာ။ အားပါးတရပါပဲ။ ဒါနဲ့ နေပါဦး ဦးလေးရ။ အဲဒီ ရန်ကုန်စာတိုက်ကြီးကို ၁၉၀၈ ခုနှစ်မှာ ဆောက်ခဲ့တာ ဆိုတော့ အခုဆို နှစ် ၁၀၀ ကျော်တော် ကျော်လာပြီပေါ့နော်။ ဒီလို အထင်ကရ အဘိုးတန် အဆောက်အအုံတွေကို အမြတ်တနိုးနဲ့ ထိန်းသိမ်းထားလိုက်ရင် ဘယ်လောက် ကောင်းမလဲ။ ရောင်းတဲ့ထဲ ဖျက်တဲ့ထဲများ ပါသွားမလား မသိဘူး။ စိုးရိမ်လိုက်တာ ဦးလေးရာ...”
“အင်း ... ဧရာဝတီကိုတောင် လည်မျိုးညှစ်ပြီး ရှိရှိသမျှ အကုန် ရောင်းစားပစ်နေတော့ အဲဒီစာတိုက်ကလေးလည်း ကြာရှည်ခံမယ် မထင်ပါဘူးကွာ...”
“ကျနော်တို့ဘ၀ကတော့ နူရာဝဲစွဲ လဲရာသူခိုးထောင် ဆိုတဲ့ အဖြစ်မျိုးပါလား ဦးလေးရာ ......”
Comments