ဦးကျော်ဆန်း နဲ့ သူ၏ အဖြေ
တူမောင်ညို
စက်တင်ဘာ ၂၅၊ ၂၀၁၁
သမ္မတဦးသိန်းစိန်က
ပြောတဲ့အခါ ကြိုက်တဲ့ဘက်ကဆွဲယူတွေးလို့ရမယ့် အဓိပ္ပါယ်နှစ်ခွ၊ သုံးခွ မကထွက်တဲ့ စကားလုံးမျိုးတွေ
ကို ရည်ရွယ်ချက်ရှိရှိသုံးပြီးပြောလေ့ရှိတယ်။ အဲဒီစကားလုံးတွေရဲ့ တကယ့်ဆိုလိုချက်အဓိပ္ပါယ်ကို
ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက နောက်ကလိုက်ပြီး ပုံဖော်တဲ့ ပုံစံ ကျင့်သုံးနေပုံရပါတယ်။
အများအမြင်မှာတော့ သမ္မတကြီးက စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီး
ပြည်ထောင်စုဝန်ကြီးက သဘောထားတင်းမာ သယောင်ယောင်၊ထင်ယောင်ထင်မှားဖြစ်ကုန်ကြပါတယ်။တကယ်တော့
သူတို့အစိုးရအာဘော်ကို အချိတ်အဆက်မိမိ၊ ကိုယ့်နေရာကိုယ့် တာကနေ လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊
မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးအုန်းတင်(RNDP) ရဲ့မေးခွန်းကိုဖြေတဲ့ အဖြေမှာအဲဒီပုံစံကို တွေ့ရပါတယ်။
မေးခွန်း ရဲ့ ဆိုလိုချက်အဓိပ္ပါယ်ကိုလည်း သူလိုချင်သလို ဆွဲယူပြီးပုံဖော်ပြောဆိုသွားတယ်။
ဦးအုန်းတင်မေးချင်တာက
“သုံးပွင့်ဆိုင်ဆွေးနွေးပွဲ” တစ်ချိန်တည်းတစ်ပြိုင်တည်းပြုလုပ်ရန် အစီစဉ်ရှိ/မရှိမေးတာပါ။
တိုက်ရိုက် ဒဲ့ဒိုးမေးလို့မရတော့
“ပြည်ထောင်စုအစိုးရအနေဖြင့်တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်း
ဆောင်သော ဒီမိုကရေစီအင်အားစုခေါင်းဆောင်များနှင့် တစ်ချိန်တည်းတွေ့ဆုံ ဆွေးနွေးခွင့်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” ဆိုပြီးမေးရပါတယ်။
တိုက်ရိုက်အဖြေက
“အစီအစဉ် မရှိဘူး” ။ ဒါပေမယ့် ဦးကျော်ဆန်းက ဒီလို ဒဲ့ဒိုးတုံးတိ မဖြေပါဘူး။
၃ မျိုးခွဲပြီး သူတို့လုပ်နေတာတွေကို
ဖြေသွားပါတယ်။ အဲဒီလို ၃ မျိုးခွဲပြီးလုပ်နေပေမယ့် ရည်ရွယ်ချက်ကတော့ တစ်ခု ထဲပါပဲ။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲဝင်လာစေဖို့ပဲဖြစ်ပါတယ်။
သို့အတွက် “ကြောင်သည်
အဖြူအနက်ဖြစ်စေ၊ အဖြစ်ဖြစ်စေ၊ အရေးမကြီးဘဲ၊ ကြွက်ခုတ်တတ်ရန်သာအရေးကြီးသည်” ဆိုတဲ့ စကားကို
ဥပမာပြုသွားပါတယ်။ အဓိပ္ပါယ်ကတော့-
-
(၂၀၀၈)
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးပါတီဖြစ်စေ
-
(၂၀၀၈)
ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံနိုင်ကြသေးတဲ့ အပစ်ရပ်တိုင်းရင်းသား/ အပစ်မရပ်တိုင်းရင်းသားအဖွဲ့အစည်း
ဖြစ်စေ
-
ပြည်ပရောက်နေသူတွေ
အိမ်ပြန်လာတာပဲဖြစ်စေ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ လက်ခံဖို့သာအရေးကြီးတယ်လို့ ပြော
တာပဲဖြစ်ပါတယ်။
ဒါ့အပြင် “နိုင်ငံတော်တည်ငြိမ်ရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး
(သို့မဟုတ်) ငြိမ်းချမ်းရေး (သို့မဟုတ်) အမျိုးသားပြန်လည် စည်းလုံးရေး” ဆိုပြီး
လုံးထွေးပြောဆိုသွားပြန်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ နိုင်ငံရေးရည်ရွယ်ချက်
နဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး ဆိုတာက အုပ်ချုပ်ရေးဆိုင်ရာ
လုပ်ငန်းရည်မှန်းချက် တစ်ခုမျှသာဖြစ်ပါ တယ်။
ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင်းဆိုနေတဲ့
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့နိုင်ငံရေး ရည်ရွယ်ချက်တောင်းဆိုချက်တွေနဲ့တစ်ခုတည်း၊
တစ်သဘောတည်းဖြစ်လေဟန်ရည်ရည်ရွယ်ချက်ရှိရှိလုံးထွေးပြောသွားပါတယ်။
ဒါ့အပြင် “ပကတိအရှိတရားနှင့်လိုက်လျောညီသည့် နည်းလမ်း၊
ရိုးရှင်းလွယ်ကူသည့် နည်းလမ်း၊ ဝိရောဓိအနည်းဆုံးဖြစ်စေနိုင် သည့် နည်းလမ်း” ဆိုတာတွေလည်းပြောသွားပါတယ်။
တကယ်တော့ အဲဒီနည်းလမ်းဆိုတာတွေဟာ
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို
ခြွင်းချက်မရှိ လက်ခံရေးနဲ့နာခံရေးသာဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံက အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာ
ရောက်နေပြီ” ပြောပါတယ်။
ဦးကျော်ဆန်းပြောတာကတော့ “ခုရေတွင်းတူး
ခုရေကြည်သောက်ချင်၍ မရနိုင်ကြောင်းနဲ့ ရောမမြို့ကြီးကို တစ်ရက်တည်းဖြင့်
တည်ဆောက်၍မရနိုင်” လို့ပြောသွားပြန်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း၊ ဝန်ကြီးဌာန၂ ခုကိုပူးတွဲကိုင်ထားတဲ့ပြည်ထောင်စုဝန်ကြီး၊
ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း နဲ့ပတ်သက်ပြီး အကဲဖြတ်မှုအချို့
ကျနော်ရေးခဲ့ပါတယ်။ အခြားပြည်ထောင်စုဝန်ကြီးတွေမတူ၊ တမူထူးခြားကြောင်း၊
‘နှစ်လုံးပြူးရ သူကြီး’ နဲ့တူကြောင်း
စသဖြင့်ရေးသားဖေါ်ပြခဲ့ပါတယ်။
အခုဆောင်းပါးမှာနောက်တစ်ချက်ထပ်မံဖြည့်စွက်ချင်ပါတယ်။ဦးကျော်ဆန်းဟာ
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (အကလ) အဖွဲ့ဝင်မဟုတ်သော်ငြားလည်း၊
ထို(အကလ) အဖွဲ့ဝင်များနည်းတူ အဆင့်တူ၊ အခွင့်တူရှိပုံရတယ်ဆိုတဲ့အချက်ပါပဲ။
(အကလ) ဆိုတာ သော့ချက်ကျတဲ့အာဏာကိုင်တွေကို စုစည်းထားတဲ့
အာဏာပိုင်အဖွဲ့ ဖြစ်တယ်။
အရင်က (နဝတ - နအဖ) အခု (အကလ)။ နာမည်ပဲခြားနားတယ်။
အာဏာမှန်သမျှ (အကလ) မှာရှိတယ်။ အဆုံးအဖြတ်မှန်သမျှ (အကလ) က လာတယ်။
လွှတ်တော်ဆိုတာ (အကလ) က အဆုံးအဖြတ်ပေးလိုက်တာမှန်သမျှကို ရာဘာတံဆိပ်တုံးထုပေးဖို့အတွက်
ကြံ့ဖွံပါတီ(USDP)ဝင် လွှတ်တော်အမတ်တွေ ချိတ်ပုဆိုးနဲ့ရှိုးပြ တဲ့နေရာသာဖြစ်ပါတယ်။
ညွန်း
-
မြန်မာ့အလင်းသတင်းစာ (၂၄ စက်တင်ဘာ၊
၂၀၁၁ / စာမျက်နှာ ၉)
Comments