နိုင်ငံရေးအကျဉ်းသားတွေ
အိမ်ပြန်မရောက်ခင် ပြည်ပကလူတွေ အရင်ပြန်ကြမှတဲ့လား
ဦးဝင်းတင်နဲ့
မေးခွန်းများ
မိုးမခ၊ စက်တင်ဘာ
၁၃၊ ၂၀၁၁
လွန်ခဲ့တဲ့ စနေနေ့က
ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့စဉ်မှာ မေးမြန်းခဲ့တဲ့
မေးခွန်းအစိတ်အပိုင်းတခုကတော့ ပြည်ပက မြန်မာတွေ လုံခြုံ အေးချမ်း စိတ်ချစွာ
အိမ်ပြန်လာခွင့် ရှိပြီလား၊ မိသားစုတွေ၊ မိဘတွေ၊ သားသမီးတွေ စောင့်မျှော်နေရာ
နေအိမ်တွေဆီ
နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ပြန်ရောက်မလာသေးခင်မှာ
ပြည်ပက
မြန်မာတွေက အိမ်ပြန်ကြဖို့ အဆင်သင့်နေပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
- ဆရာရေ … အကျဉ်းထောင်ထဲက
နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်ခွင့်မရှိသေးခင်မှာ ပြည်ပက မိသားစုနဲ့
ခွဲခွာနေရသူတွေက အိမ်ပြန်ကြဖို့အတွက် အခြေအနေတွေ ပေးနေပြီလို့ ဆိုနိုင်မလား
ခင်ဗျာ။
- နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရဲ့
လွတ်မြောက်ခွင့်နဲ့ ပြည်ပမှာရှိနေတဲ့ မြောက်များစွာသော မြန်မာပြည်သားတွေရဲ့
အိမ်ပြန်လာခွင့်နဲ့က တပိုင်းဆီလို သတ်မှတ်မလားလို့ မေးစရာပေါ်လာတယ်။ ဒါကြောင့်
ဒီလိုမေးလာတယ်လို့ မြင်တယ်။ တနည်းအားဖြင့်ကတော့ ဆက်စပ်မှု ရှိနေတယ်လို့တော့
ပြောလို့ရတယ်။ မြန်မာပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ
နိုင်ငံရေးသမားတွေ မဟုတ်ဘူးပေါ့ကွာ။ တချို့က မိမိတို့
နိုင်ငံရေးယုံကြည်ချက်တွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တိုင်းပြည်ကို
စွန့်ခွာရသူတွေ၊ ထွက်ခဲ့ရသူတွေ၊ ပြည်ပြေးတွေလို့ ဆိုနိုင်ပေမယ့်၊
တချို့တွေကတော့ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားသူတွေ ရှိတယ်။ တချို့တွေကတော့ ဒုက္ခသည်တွေအဖြစ်နဲ့
အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပြည်ပနိုင်ငံတွေကို
ရောက်ရှိသွားသူတွေလည်း ရှိတယ်။ ခုဆိုရင် ကမ္ဘာအနှံ့မှာ မြန်မာတွေ
ရောက်ရှိနေပြီဖြစ်တယ်။ အယင်က မကြားဖူးခဲ့တဲ့ ဥရောပနိုင်ငံတွေမှာ
အာဖရိကနိုင်ငံတွေမှာ ရောက်နေကြတာကို တွေ့နေရတယ်။ အဲသည်လို လူတွေအားလုံးဟာ
နိုင်ငံရေးအကျဉ်းသားတွေနဲ့တော့ တတန်းတည်း မတူဘူးပေါ့။ အဲသလိုမျိုး
အတူတူပဲလို့တော့ သဘောထားလို့တော့ မရဘူးပေါ့။
- အဲသည်လို
အခြေအနေမျိုးနဲ့ဆိုရင် ပြည်ပကသူတွေကို ပြည်တွင်းက
နိုင်ငံရေးအကျဉ်းသားတွေလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်ပေးစရာအထိ မလိုဘူးပေါ့
ဆရာ။
- အာဏာပိုင်တွေရဲ့ အမိန့်တွေ၊
ပြစ်ဒဏ်တွေကြောင့် ထောင်ထဲမှာ အကျဉ်းကျနေသူတွေဟာ လွတ်ငြိမ်ချမ်းသာခွင့်ရရှိမှသာ
ထောင်တွင်းက လွတ်မြောက်ခွင့်ရမှာ ဖြစ်တယ်။ သူတို့ဖာသာ သူတို့ ထောင်ထဲက
လမ်းလျောက်ပြီး ထွက်လာလို့မှ မရတာပဲ။ ဒါပေမယ့် ပြည်ပမှာ ရောက်နေသူတွေကတော့
အဲသည်လို လွတ်ငြိမ်းချမ်းသာခွင့်အထိ မလိုဘူးလို့ ပြောချင် ပြောလို့ရတာပေါ့။
ဒါကို ဥပဒေပညာရှင်တွေက အသေးစိတ် ပြောနိုင်မှာ ဖြစ်ပါတယ်။ အဲသည်မှာ
ကျနော်ပြောနိုင်တာ တခုကတော့ ပြည်ပကို ရောက်ရှိနေသူတွေမှာ ၂ ပိုင်းတော့
ခွဲခြားလို့ ရနိုင်မယ်။ တပိုင်းကတော့ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့
တန်းတူပဲ၊ နိုင်ငံရေးလုပ်ရင်း ပြည်ပကို ရောက်သွားကြတယ်။ သူတို့ရဲ့
နိုင်ငံရေးယုံကြည်ချက်တွေကြောင့်၊ လှုပ်ရှားမှုတွေ ပြောဆို ရေးသားမှုတွေကြောင့်
ဖမ်းဆီး ထောင်ချ ချုပ်နှောင်ခြင်း မခံရပေမယ့် မြန်မာပြည်ပကို စွန့်လွှတ်ရသူ၊
ထွက်ခွာရောက်ရှိသွားသူတွေက တပိုင်းဖြစ်တယ်။ နောက်တပိုင်းကတော့
သူတို့ဘ၀ရှေ့ရေးအတွက်၊ စီးပွားရေး၊ ပညာရေးအတွက် ရေကြည်ရာ မြက်နုရာကို
ထွက်ခွာသွားသူတွေက တပိုင်းရှိတယ်။ အဲသည်ထဲမှာ နိုင်ငံရေးခံယူချက်တွေ
လှုပ်ရှားမှုတွေကြောင့် မဟုတ်ပေမယ့် အသက်ဘေးကြောင့် ထွက်ပြေးစွန့်ခွာရသူ
မြန်မာတိုင်းရင်းသားမိသားစုတွေဟာ နယ်စပ်ဒေသတွေကနေ ဒုကသည်စခန်းထဲကို
ရောက်သွားသူတွေ၊ အဲသည်ကနေ ပြည်ပကို ရောက်ရှိသွားသူတွေ ရှိတယ်။ အဲဒါကြောင့်
ပြည်ပမှာ ရှိတဲ့ မြန်မာလူထုတွေထဲက အချို့အစိတ်အပိုင်းကိုတော့
နိုင်ငံရေးအကျဉ်းသားတွေလိုမျိုး amnesty တစုံတရာ ပေးမှသာလျင် အဲသည်လို
ကမ်းလှမ်းမှ လက်ခံမှသာလျင် ဖြစ်နိုင်မယ်လို့တော့ ပြောလို့ ရမယ် ထင်တယ်။
- အဲသည်တော့
ခေတ်အဆက်ဆက်မှာ စစ်အစိုးရရဲ့ လိုက်လံ ဖမ်းဆီး နှိပ်စက်မှုတွေ၊
နှိမ်နှင်းမှုတွေကြောင့် ပြည်ပကို ထွက်ပြေးရောက်ရှိသွားသူတွေ၊ တိုင်းပြည်ကို
စွန့်ခွာသွားရသူတွေကို ဆရာက သတ်မှတ်ပြီး ပြောလိုက်တဲ့သဘောပေါ့နော် ဆရာ။
- ဟုတ်တယ်။ လက်ရှိအစိုးရနဲ့
ယခင်စစ်အစိုးရအဆက်ဆက်က နံမယ်တပ်သလိုမျိုး ပြည်ပြေးတွေလို့ ခေါ်မလား၊
နိုင်ငံရေးဝရမ်းပြေးများလို့ ခေါ်မလား၊ နိုင်ငံရေးတိမ်းရှောင်နေသူများ
လို့
ခေါ်မလား၊ ခေါ်ချင်တာ ခေါ်ပေါ့လေ၊ ဒီလူတွေကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းက
နိုင်ငံရေးအကျဉ်းသားတွေကို စဉ်းစားသလိုမျိုး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို
သတ်မှတ်ပြီး ထုတ်ပြန်ရမယ်၊ သူတို့ကို အဲသည်လို လုပ်ပေးရမယ်လို့ ထင်တယ်။
- ဒါဆိုရင်
ပြည်ပရောက်နေတဲ့ အခြားသော အစိတ်အပိုင်း မြန်မာပြည်သူ ပြည်သားတွေကို ကျတော့ကော
ဆရာ။ သူတို့အတွက် ဘယ်လို အာမခံချက်၊ လုံခြုံစိတ်ချရမှုတွေ ပေးဖို့လိုအပ်မလဲ။
- အဲသည်လို အပိုင်းတွေကိုတော့
တရုတ်ပြည်ရဲ့ ပြည်ပရောက်တွေကို ဖိတ်ခေါ်တဲ့ ပုံသဏ္ဍန်မျိုးနဲ့ နှိုင်းယှဉ်ပြီး
စဉ်းစားရမယ်လို့ ပြောချင်တယ်။ တရုတ်ပြည်ပရောက်တွေထဲမှာ စီးပွားရေး၊ ပညာရေး၊
စားဝတ်နေရေး၊ မိသားစုအရေးတွေအတွက် ထွက်ခွာသွားသူတွေကို
တရုတ်အစိုးရကိုယ်တိုင်ကလည်း တိုင်းပြည်ကို ပြန်လာကြဖို့၊
ရင်းနှီးမြုပ်နှံကြဖို့၊ ထူထောင်ကြဖို့ ဖိတ်ခေါ်ခဲ့တာတွေ ရှိတယ်။ တရုတ်က
လူတွေကို ကြော်ငြာတွေ၊ ၀ါဒဖြန့်ချိတာတွေ အစီအစဉ်တွေ ကြေညာပြီး ထုတ်ပြန်ပြီး
ပြန်ခေါ်တာတွေ လုပ်တယ်။ မျိုးချစ်တွေဆိုတာ တိုင်းပြည်ထူထောင်ဖို့ ပြန်လာကြတယ်
ဆိုတာမျိုး ထုတ်ပြန်တာ ကြော်ငြာတာတွေ လုပ်တယ်။
- ဒါဆိုရင်
မြန်မာပြည်မှာက တရုတ်ပြည်ကြီးလိုမျိုး ပြန်လည်ထူထောင်ရေးအတွက် အခြေအနေတွေ
ပေးနေပြီ၊ အဆင်သင့်ဖြစ်နေပြီဆိုတာမျိုးတွေ ရှိနေပြီလား၊ ထုတ်ပြန်ထားတွေကော
ရှိလို့လားဆရာ။
- တရုတ်ပြည်မှာက
အဲသည်ပြည်တွင်းမှာ လုပ်ငန်း ကိုင်ငန်း အခွင့်အရေးတွေ၊ အလုပ်တွေ၊
အစိုးရကိုယ်တိုင်က ရေးဆွဲထားတဲ့ စီမံကိန်းတွေ အဆင်သင့် ရှိနေတယ်၊ ရင်းနှီးမြုပ်နှံစရာတွေကလည်း
ရှိနေတယ်။ အဲသည်နေရာတွေမှာ သူတို့အမျိုးသားတွေကို ကြိုဆိုဖို့၊ တရုတ်စကားလည်း
တတ်မယ်၊ နိုင်ငံတကာအတွေ့အကြုံလည်း ရှိတဲ့သူတို့လူမျိုးတွေကို အစိုးရအဆင့်သာမက
ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်တွေမှာပါ ကြိုဆိုနေကြတာမျိုး ဖြစ်တယ်။ မြန်မာပြည်တွင်းမှာက
စစ်တပ်က အာဏာသိမ်းပြီး မကြာခင် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း
ဗိုလ်ချူပ်ခင်ညွန့်တို့တွေက ပြည်ပရောက် မြန်မာလုပ်ငန်းရှင်တွေ၊ ပညာသည်တွေကို
ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းမှာ လိုက်ပြ၊ ခေါ်ပြီး စကားပြောတာတွေ လုပ်ခဲ့ဖူးတာတွေ
ရှိတယ်။ အဲသည်နောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်သွားခဲ့တယ်ဆိုတာကို
ပြန်ကြည့်ဖို့လိုတယ်၊ ပြန်လေ့လာသုံးသပ်ကြည့်ဖို့ လိုတယ်။
- ဟုတ်ကဲ့။
အဲသည်တုန်းကကော၊ အခုချိန်မှာပါ မြန်မာပြည်မှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ တရားမျှတတဲ့ ဥပဒေနဲ့ လွတ်လပ်မှု
အာမခံချက်တွေ မရှိဘူး၊ ခုချိန်ထိမှာလည်း မြန်မာပြည်မှာက အထွေထွေ ချွတ်ခြုံကျနေတဲ့
အချိန်ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ဥပမာလိုမျိုး စီးပွားရေးအခွင့်အလမ်းတွေ
အာမခံချက်တွေ ပေးနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ကျနော်တို့က ပြောမယ်
ဆိုရင်ကော ဆရာ။
- တိုင်းပြည်မှာက
လက်ရှိအခြေအနေမှာ ဆင်းရဲကြပ်တည်းမှုတွေ ရှိနေတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း
ပြည်တွင်းစစ်မီးတွေ တောက်လောင်နေတယ်။ အဲသည်လို အခြေအနေမျိုးမှာ မြန်မာပြည်ကို
ပြန်လာဖို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ် ဆိုရင် သူတို့တတွေက ပြန်လာပြီးတော့
သူတို့တွေမှာ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နေမှု ထိုင်မှု ဘ၀တွေ
အဆင်မပြေဘူး၊ အာမခံချက်တွေ အခွင့်အလမ်းတွေ မရဘူးဆိုရင် မကောင်းပေဘူးလို့တော့
ပြောချင်ပါတယ်။ ကျနော်တို့ကလည်း ပြည်ပက သာမန်မြန်မာမိသားစုတွေ ပြန်လာချင်တာကို
ကြိုဆိုချင်ပါတယ်။ သို့သော်လည်း မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေအတွက် မှန်ကန်တဲ့
အနေအထား၊ ကောင်းမွန်တဲ့ အနေအထားတွေ ရှိသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့
ပြည်ပကမြန်မာမိသားစုတွေကိုယ်တိုင်က စဉ်းစား၊ ဆွေးနွေး၊ သုံးသပ်ကြဖို့လည်း
လိုအပ်လိမ့်မယ်လို့ ကျနော်က ပြောချင်ပါတယ်။
(သရုပ်ဖော် -
ဦးဝင်းတင်ပုံတူပန်းချီကား၊ ပေါ်ဦးသက်)

Comments