မင်းကိုနိုင်
ဆိုတာ …
ချိုတူးဇော် ။ အောက်တိုဘာ ၁၉၊
၂၀၁၁
၈၈ ကာလ နိုင်ငံရေးလှုပ်ရှားမှုတွေကို သေချာပြန်သုံးသပ်ကြည့်ရင်
ရန်ဖြစ်တာ အများဆုံးပဲ။ အားအားရှိ ရန်ဖြစ်ကြတယ်။ အဲဒီတုန်းက ယူနီယံကျောင်းသားနဲ့ ပါတီကျောင်းသား
ဆိုပြီး အသားလွတ်စည်းခြားထားသေးတယ်။ သေချာပြန်သုံးသပ် တော့ နိုင်ငံရေးဆိုတာနဲ့ပါတ်သက်ပြီး၊
နိုင်ငံရေးပါတီဆိုတာနဲ့ပါတ်သက်ြ ပီး မဆလရဲ့ ၂၆ နှစ်လုံးလုံး မှိုင်းတိုက် ရိုက်သွင်း
ခံထားရလို့ လို့မြင်မိတယ်။
အဲဒီကာလမှာ ထင်ရှားတဲ့ကျောင်းသားခေါင်းဆော င်တွေက
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့တဲ့ မိုးသီးဇွန်၊ ဗကသ ဥက္ကဋ္ဌဖြစ်တဲ့ မင်းကိုနိုင်၊
ဒုဥက္ကဋ္ဌများဖြစ်တဲ့ ကိုကိုကြီး နဲ့ အောင်ဒင်တို့ပဲဖြစ်တယ်။ သူတို့တွေနဲ့ အစည်းအဝေးပွဲတွေမှာ ဆုံတွေ့အလုပ်တွေလုပ်ဖြစ်ကြတော့
အားလုံးထဲမှာ ပြက်ပြက်ထင်ထင် နှစ်ချိုက်မိခဲ့တာ ကိုပေါ်(မင်းကိုနိုင်)ပါ။
သူ့ရဲ့အထူးအခြားဆုံးအရည်အချင်း ကို ပြပါဆို
ဘယ်သူ ဘာပြောပြော စိတ်ရှည်လက်ရှည် နားထောင်တတ်တာပါ။ ကျနော်တို့အဖွဲ့ထဲက အိန်ဂျယ်လာ
ဆိုတဲ့ ချင်းမလေးက ကိုပေါ်နဲ့မေဂျာတူဆိုတော့ ကိုပေါ်နဲ့အတော်ရင်းနှီးပါတယ်။ အစည်းအဝေးမှာတွေ့တာနဲ့
“ညည်းဘယ်လိုလုပ်တာလဲ” ဆိုပြီး ပါတီမှတ်ပုံတင်တာကို သူက မေးပါတယ်။ ဒီတော့ အိန်ဂျယ်လ်
က ကိုပေါ့်ကို ကျနော်တို့ ပါတီရဲ့ ရည်တည်ချက်တွေ သဘောထားတွေ ရှင်းပြလေပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ထောင်တာမဟု တ်ဘူးပေါ့..ဗျာ။
ဒီတော့ ကိုပေါ်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး နားထောင်လေရဲ့ ပြီးတော့ နားလည်ပေးတဲ့ပုံနဲ့တုန့်ပြန်ပါ တယ်။
နိုင်ငံရေးသမားတွေ၊ အရည်အချင်းပြည့်ဝတဲ့ခေါင်းဆောင်တွေ ကျနော် ဒီမိုကရေစီကာလအတွင်း
အများကြီးတွေ့ခဲ့ပါတယ်။
ဒါပေမယ့် အားလုံးလိုလိုရဲ့ပြဿနာဟာ နားလည်ပေးနိုင်မှု
နည်းပါးတာ။ စာနာစိတ်၊ သည်းခံစိတ်ခေါင်းပါးတာ။ ပြောရရင် လူကို ချစ်တဲ့စိတ်နည်းတာ တွေ့ရတယ်။
လူကိုမှ မချစ်တတ်ရင် ဘယ်လိုလုပ် နိုင်ငံရေးလုပ်မလဲ။ နိုင်ငံရေးလုပ်တာ လူတွေ ကို ချစ်တဲ့စိတ်နဲ့
လုပ်မှ ရမယ် လို့ ကျနော်တော့ ယုံကြည်ပါတယ်။
ငါတွေးတာအမှန်၊ ဒီလိုလုပ်ရမယ်၊ ဒီလို နေရမယ်
လို့ ဇွတ်အတင်း သွတ်သွင်းတတ်တဲ့ ခေါင်းဆောင်တွေ ကမ္ဘာမှာ ပေါ်ခဲ့ဖူးတယ်။ စတာလင်လို၊ ဟစ်တလာလို
လူတွေကို သူယုံကြည်တဲ့ လမ်းကြောင်းပေါ် ဇွတ်အတင်း မောင်းသွင်းပြီး ဆန့်ကျင်ဘက်မှန်သမျှကို
မုန်းတီးတတ်ကြတယ်။ ဒီလို သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေ အများကြီးတွေ့ခဲ့ရတယ်။ ကျနော့်ကိုယ်ကျနော်လည်း
ကိုယ်လုပ်ချင်တာကိုပဲ ဇွတ်လုပ်ခဲ့မိတာ တော်တော်များပါလား လို့ သုံးသပ်မိတယ်။ အသက်တွေကလည်း
၂၀ ကျော်တွေကိုး။
သေချာတာက ကိုပေါ်ဟာ အဲဒီလိုခေါင်းဆောင်မျိုး
လုံးဝ မဟုတ်ဘူး။ သူဟာ လူတွေကို ချစ်တဲ့စိတ်နဲ့ နိုင်ငံရေးလုပ်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်ဆိုတာပါ ။
၁၉၈၉ မတ်လ ၁၃ ရက်နေ့မှာ ကိုဖုန်းမော်နှစ်လည်အခမ်းအနားကျ င်းပဖို့
ပြင်ဆင်ကြတယ်။ အဲဒီပွဲမှာ သမဂ္ဂကျောင်းသားတွေ၊ ပါတီကျောင်းသားတွေ၊ ယူဂျီကျောင်းသားတွေရယ်လို့
ခွဲခြားမနေကြပဲ အတူစုစည်းလုပ်ကြတယ်။
အခမ်းအနားကျင်းပရေးကော်မီတီဖွဲ့ တော့
၁၃ ဦးကော်မီတီမှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ အောင်ဒင်၊ မိုးသီးဇွန်၊ စတဲ့ ထင်ရှားတဲ့
ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ကျနော်လည်းပါဝင်ခွင့်ရခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းက
NLD ပါတီဌာနချုပ်မှာ လုပ်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီတုန်းက ကျနော်တို့ တွေ အပြင်းအထန်
ဆွေးနွေးငြင်းခုန်ကြတာ တခု ရှိတယ်။ အခမ်းအနားကို အာရ်အိုင်တီမှာလုပ်မယ်၊ ဆိုတာနဲ့ မိန်းထဲမှာလုပ်မယ်
ဆိုတာပါ။
ကိုပေါ်တို့အားလုံးက ကျနော်တို့ အာရ်အိုင်တီကကောင်တွေကို
ကျောင်းစွဲနဲ့ လို့ထင်နေကြတယ်။
“မင်းတို့ကောင်တွေ ကျောင်းစွဲတွေမထားပါနဲ့လို့
ငါပြောနေတာ”
ထုံးစံအတိုင်း အာရ်အိုင်တီကကောင်တွေကလည်း
မလျှော့ဘူး။ အာရ်အိုင်တီကဆို ဗကသခေါင်းဆောင်ထဲမှာ ကိုအောင်ဒင်ကြီးက အာရ်အိုင်တီက စီနီယာပါ။
သူက ဘယ်ဘက်ကဆွေးနွေးခဲ့သလဲ တော့မမှတ်မိတော့ဘူး။
ကျနော်တို့အဲဒီတုန်းက ၂/၈၈၊ ၈/ ၈၈ ဆိုတဲ့
စည်းမျည်းတွေကို ချိုးဖျက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခမ်းအနားကို ကျင်းပတာလို့ ချမှတ်ထားပါတယ်။
ဒီတော့ ကျနော်က ကျနော့်ပလန်ကို တင်ပြပါတယ်။ အဲဒီပလန်က အာရ်အိုင်တီမှာ ဘာကြောင့်ကျင်းပသင့်သလဲပေါ့ဗျာ. ။
ဒါပေမယ့် အစည်းအဝေးပွဲမှာ ငြင်းသံခုန်သံတွေက ဘာမှ ပြောလို့ဆိုလို့ကို တိုးမပေါက်ဘူး။
ဒီကြားထဲ ဒီကောင်က ပါတီကကောင်ဆိုတဲ့အမြင်ကလည်း ရှိသေးတော့၊ ကောင်းကောင်းနားမထောင်ကြဘူး။
ဒါနဲ့
ခဏနားတဲ့အချိန်မှာ ကိုပေါ့်ကို လက်ကုတ်ခေါ်သွားပြီး
ကျနော် ရှင်းပြခဲ့တယ်။
“ ကိုပေါ် . . .ခု အခမ်းအနားရဲ့ အဓိက ရည်ရွယ်ချက်က
ဘာလဲ.. ဒီစည်းမျည်းတွေကို ရိုက်ချိုးဖို့မလား..”
“အေး ဟုတ်တယ်လေ..”
“ဒါဆိုရင် အာရ်အိုင်တီမှာ ကျနော်တို့ ပိုမလုပ်သင့်ဘူး..လား..”
“လာပြန်ပြီ မင်းတို့ကောင်တွေ တော်တော် ကျောင်းစွဲကြီးတဲ့ကောင်တွေပဲ..
”
ဒီတော့ ကျနော့်က ကျနော့် ပလန် ကို ရှင်းပြတယ်။
အာရ်အိုင်တီမှာ လုပ်ရင် လူတိုင်း လာဖို့မလွယ်ဘူး။ ဒီ့အတွက် လူစစ်သွားမယ်၊ ကိုယ့်လူနဲ့ကိုယ်ဆို
ထိန်းရပိုလွယ်မယ်။ အရေးကြီးတာ လွတ်လပ်စွာ စုရုံးခွင့်ဟောပြောခွင့်တွေကို ပေးလို့ရပါပြီဆိုတာ
စည်းကမ်းတကျစုရုံးတယ်၊ ဟောပြောတယ်၊ ပြီးတော့ပြန်ရုတ်သိမ်းပြသွားတယ် ၊ နိုင်ငံတကာသတင်းထောက်တွေကို
သံတမန်တွေကိုခေါ်ပြီးပြတယ်။ ဒီစည်းမျည်းတွေကို မလိုတော့ပါဘူး ဆိုတာပြဖို့။ ဒီတော့ မိန်းထဲမှာဆို
လူတွေ အများကြီးရောက်လာမယ် စထရိုက်ခ် ဖြစ်သွားနိုင်တယ် လို့ စိုးရိမ်ရတယ်ပေါ့ဗျာ။
ကိုပေါ်နည်းနည်း နားဝင်သွားတယ်။ ဒါပေမယ့် သူ
ပြန်မေးတယ်။
“ မင်းတို့ကျောင်းက ဝေးတယ်ကွ..လာရတာ မခက်ဘူးလား”
“ အဲဒါကို ကျနော် ဒီလိုစဉ်းစားထားတယ်..ကားတွေနဲ့ လာကြမယ်..
ကားတွေနဲ့ပြန်ကြမယ်.. လမ်းမှာ ဖြတ်ပြီး ပိတ်ဆို့တာ တားဆီးတာ လုပ်ရင် အဲဒီနေရာမှာ ကားခေါင်မိုးပေါ်တက်ပြီး
တရားပွဲလုပ်မယ်။ မြို့နယ်အသီးသီးက လာသမျှ စစ်ကြောင်းတွေမှာ ဟောနိုင်ပြောနိုင်တဲ့ ခေါင်းဆောင်တွေ
ပါရင်ပြီးတာပဲ။ ကျနော်တို့ကို တားရင် တမြို့လုံး သပိတ်စခန်းဖြစ်သွားစေရမယ်”
သူသဘောကျသွားတယ်။ ဒီတော့..
“ မင်း အဲဒါ အစည်းအဝေးပွဲမှာပြောလေ"
..တဲ့။
ကျနော်က ခင်ဗျားပြောတာပိုကောင်းမယ်။ ကျနော်ပြောတာထက်
ခင်ဗျားပြောတာ လူတွေက ပိုနားထောင်မှာ ကျနော်ပြောရဖို့အရေးမကြီးဘူး လို့ပြန်ပြောတော့
ကိုပေါ်က ကျနော့် ပုခုံးကို ပုတ်ပါတယ်။ သူကျနော့်ကို ယုံကြည်သွားခဲ့တယ်။ တကယ်လည်း အစည်းအဝေးပွဲမှာ
အာရ်အိုင်တီ အဆိုကို သူကပဲ ပြောင်းပြီးတင်တယ်။ နောက် အာရ်အိုင်တီမှာ လုပ်ဖြစ်ခဲ့တယ်။
အခမ်းအနားကျင်းပတော့ မတ်လ ၁၃ ရက် ၁၉၈၉ နေ့မှာ
အာရ်အိုင်တီ ရဲ့ ၀င်းဘေး လမ်းတလျှောက်မှာ တီအီးအဲလ်ဗင်း စစ်ကားကြီး ၃ စီးလောက်ရပ်ထားတယ်။
အဲဒီဘေးက ကျနော်ရယ်၊ နိုင်ဝင်း(အရေးတော်ပုံရယ်) ကျော်ကျော်စိုး ရယ် သုံးယောက်ထဲ အစောကြီးကျောင်းကို
ဝင်ရပါတယ်။ ကျော်ကျော်စိုးက ဖြူဖြူပုပုလေး ကျော်ကျော်စိုးပါ။ သူက ပါးစပ်က ပေါက်ပေါက်ဖေါက်သလို ရွတ်လာတယ်။
“ ငါလခွီး ကြောက်လိုက်တာနော်.. ငါ့ကို ကြည့်နေတယ်
အေပေးတွေ..”
စစ်သားတွေကို မာန်ဖီပြီး ကျနော်တို့ကို ကြည့်နေတယ်။
ကျနော်တို့သူတို့ဘေး ပလက်ဖေါင်းကလျှောက်လာတယ်။ သူတို့ကို လုံးဝမကြည့်ဘူး။ ကျောင်းထဲဝင်တော့
ဂိတ်ပေါက်ဝမှာ အသင့်စောင့်နေတဲ့ ဆရာတွေကိုတွေ့တယ်။ အထဲရောက်သွားမှ အလုံးကြီးကျသွားတယ်။
တော်တန်ရုံတော့ ကျနော်လည်း မကြောက်တတ်ပါဘူးဗျာ။ အဲဒီတခေါက်မှာတော့ ဘေးက ကျော်ကျော်စိုး
ဆီမန်းမန်းသလို ရွတ်လာလို့ ကိုယ်ပါ တော်တော်ကြောက်လိုက်တာ.. မပြောပါနဲ့တော့။
အဲဒီလိုနဲ့ အထဲရောက်တော့ အခမ်းအနားကို ကျောင်းရှေ့မှာ
ကျင်းပပါရစေ လို့ ခွင့်တောင်းပြီး အပေါ်ထပ် စက်မှုခန်းမက ခုံတွေကို အုတ်တံတိုင်းဘေး မြက်ခင်းပေါ်ကို
သယ်ရရွှေ့ရတယ်။ သုံးယောက်ထဲ သေချင်စော်ကို နံနေတာပဲ။ အပြင်ဘက်မှာလည်း စစ်ကားတွေက တ၀ီးဝီးနဲ့
အသံချဲ့စက်ကလည်း စည်းမျည်းတွေ ဥပဒေတွေကို ဖတ်ပြနေတယ်။
အဲဒီအချိန်မှာ ဘွားကနဲရောက်လာတာ စံဇာဏီဘိုကြီးဗျ။
သူက အင်းစိန် NLD လေ.။
“ညီလေးတို့ ဘာလိုလဲ ဘာလုပ်ကြမလဲ.” တဲ့။
“ မင်းတို့ အာခီတွေနဲ့မပေါင်းချင်ဘူး...”
ဗျစ်တောက် ဗျစ်တောက် ညည်းနေတဲ့ ကျော်ကျော်စိုးတို့၊ နိုင်ဝင်းတို့ ရပ်သွားတယ်။ လူတွေအများကြီးရောက်လာတော့
ခုနက သုံးယောက်ထဲ ပထမထပ်စက်မှုခန်းမကနေ ကျောင်းဝင်းထဲ မြက်ခင်းပြင်ကိုသယ်နေရွှေ့နေရတဲ့
အခမ်းအနားစင်ဆောက်တာ တ၀ုန်းဝုန်းနဲ့ချက်ခြင်းပြီးသွားတယ်။
အဲဒီတုန်းက ကော်မီတီရဲ့ ပြန်တမ်းစာ တိုတိုလေးကို
ကျနော်ရေးခဲ့ပါတယ်။ ရဲဘော်တို့နဲ့အတူ ဆိုပြီး ၀ိညာဉ်တွေ တော်လှန်ရေးပြီးတဲ့ထိ ပါလာမယ်
လို့..။
တကယ်တန်း ကျနော်ကိုယ်တိုင် စာ ကိုဖတ်ရမှာဖြစ်ပေမယ့်
အောင်မွန်(အာရ်အိုင်တီယူနီယံ ဥက္ကဋ္ဌ) က ငါဖတ်ချင်တယ် လို့ လာပြောတော့ ကျနော်ပေးလိုက်တယ်။
ဒီကိစ္စမှာ NLD လူငယ်ခေါင်းဆောင် ကိုစိုးသိန်းက
ကျနော့်ကို အဲဒီအတွက် လာပြောတယ်။
“မင်းဘာလို့ ဒီကောင့်ကို ပေးဖတ်ရတာလဲ ဒီကောင့်အသံနဲ့က
အားမရှိဘူး မင်းအသံနဲ့မှ အစည်းအဝေးပွဲမှာ မင်းဖတ်ပြတာ မာန်ပါတယ်..”
ကျနော်က ကဗျာဆရာကိုးဗျ။ ဒါပေမယ့် ကျနော်နားလည်ထားတာ..အဲဒီတုန်းက
ဗကသမှာ၊ ကျောင်းသားတွေကြားမှာ ပြဿနာရှိတယ်။ figure ပြဿနာ။ နောက် ကျနော်က ပါတီဆိုဒ်ကဆိုပြီး
စင်ပေါ်လည်း သိပ်တက်စေချင်ဟန်မတူဘူး။ တယောက်ယောက် က အဲဒီကိစ္စကို အောင်မွန် ကို လွှတ်ပြီးတဖက်လှည့်နဲ့ပြောခိုင်း ပုံ
ရတယ်။ ဒါကို ကျနော်ရိပ်မိတဲ့အတွက် စင်ပေါ်မတက်တော့ဘူး။ ဒီစင်ကြီး ကျနော်ဆောက်ခဲ့တာ။
ဒါနဲ့တင် ကျေနပ်လှပြီဗျ။
ကြည့်မြင်တိုင်မှာ ကျောင်းသားတွေ ရဲစခန်းထဲအဖမ်းခံထားရတယ်ဆိုလို့
ကျနော်ရယ်၊ နိုင်ဝင်းရယ်၊ နောက်တယောက်ရယ် လေးဘီးလေးနဲ့လိုက်သွားရတယ်။ ဟိုရောက်တော့
ပြဿနာကပြေလည်နေပါပြီ။ လွှတ်ပေးပါ့မယ်တဲ့။
ညီလေးတို့ ရဲဘော်တို့ဘာလိုလဲ၊ အခမ်းအနားကို
ရောက်အောင်လာကြပါပေါ့ အားပေးစကားပြောရင်း လက်ဆွဲနှုတ်ဆက်ကြရင်း ပြန်ဖို့လုပ်တဲ့အချိန်မှာ
နိုင်ဝင်းက တစခန်းထတယ်။ ခနနေဦး ကျနော် ပြောစရာရှိသေးတယ် ဆိုပြီး ရဲစခန်းထဲ တရားထဟောတော့တာပါပဲ။
အာဏာရှင်တွေက ဘယ်လိုဘယ်ညာ ဒီမှာကျနော်က သူ့ကိုပြောခွင့်မပေးပဲ ဇွတ်ရပ်ခိုင်းပြီး ကားပေါ်တင်ပြန်ခဲ့တယ်။
သူနဲ့ကျနော် ကားပေါ်မှာ ရန်ဖြစ်တော့တာပါပဲ။
“ ခင်ဗျားဒီလိုပြောတာ ဘာအကျိုးရှိမှာလဲ..
လွန်ရောကျွံရော.. ၁၃၀၀ ပြည့်တုန်းကလို ကိုဗဟိန်းကိုဗဆွေ သပိတ်တား ခံရတဲ့ ရေနံမြေအလု့ပ်သမားတွေကို
တရားဟောရင်းအဖမ်းခံရတာမျိုး အဖမ်းခံရတာကလွဲရင် ဘာအကျိုးမှ မရှိဘူး။ သူတို့ကို ပြန်လွှတ်ပေးပါ့မယ်လို့လဲ
ပြောပြီးပြီ ဘာကိစ္စကျနော်တို့က ပြဿနာအဖြစ်ခံမှာလဲ”
“ မင်း မင်းကိုနိုင်တို့ ကိုကိုကြီးတို့ အောင်ဒင်တို့ကိုတော်တော်အထင်ကြီးသလား..ဟေ..”
“ ဘာမှမဆိုင်ဘူး..။ ကိုယ့်တာဝန်ကို ယ်
ကျေအောင်လုပ်ရမှာပေါ့.. ကျနော် တို့က စင်ပေါ်တက်ရမယ့်တာဝန်မှ မဟုတ်တာ။ စင်ဖြစ်အောင်ဆောက်ရမယ့်တာဝန်၊
စင်မပျက်အောင် ထိန်းရမယ့်တာဝန်ပဲ”
သူနဲ့ကျနော် အဲဒီကတည်းက စကားမပြောတော့တာ..
ခုချိန်ထိပဲ။ ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး ဗျ။
ထားပါတော့။ အခမ်းအနားကို ပြန်ရောက်တော့ အခသ
ချာတိတ်တွေက တစခန်းထပြန်တယ်။ သပိတ်မှောက်မလို့တဲ့။ စင်နောက်မှာ အလံတွေထောင်ပြီး ရုတ်ရုတ်ရုတ်ရုတ်နဲ့
ကြွေးကြော်သံတွေအော်ကြတယ်။
ကျနော်ပူထူပြီး ပြေးသွားတယ်။ တယောက်က ကျနော်တို့အဖွဲ့ဝင်တဦးရဲ့
ညီမ။ ကျနော် သူတို့ကို တားရင်း မျက်ရည်ကျမိတယ်။
“ မင်းတို့ကွာ.. ငါတို့ကို နားမလည်ဘူးလား
မယုံဘူးလား”
ဒီတော့မှ သူတို့ငြိမ်သွားကြတယ်။ စစ်ကားတွေက အသံချဲ့စက်တွေနဲ့ စည်းရိုးနားကပ်လာပြီး
စည်းမျည်းစည်းကမ်းတွေကို ဖတ်ပြတယ်။ ကျနော်တို့ကလက်ချင်းဆက်ပြီး အဲဒီအသံချက်စက်အသံကို
တုပြီး
“ကမ္ဘာမကြေ သီချင်း"ကို ဆိုလိုက်ကြ.
. ။
ဒီလိုနဲ့အခမ်းအနားကြီးက အောင်အောင်မြင်မြင်ပြီးသွားတော့
ရင်ထဲ အရသာရှိလိုက်တာ။ ဒီတော့ အားလုံးဖုတ်ဖက်ခါ ပြန်ကုန်ကြတော့ ဆရာတွေက ပြေးထွက်လာတယ်။
“ဟေ့ကောင် မင်းတာဝန်ပဲ .. မင်း ခုံတွေကို
ပြန်တင်သွား..”
သေရောဗျာ။ ဒါနဲ့အနားမှာ..ဘယ်သူရှိလဲလို့လိုက်ကြည့်တော့
ယောင်ပေပေနဲ့ ကိုပေါ့်ကိုတွေ့လို က်တယ်။
“ ကိုပေါ် ကိုပေါ် လုပ်ပါဦးဗျ ခုံတွေကို ပြန်သိမ်းခိုင်းနေပြီ
ခင်ဗျား ကူပါဦး..”
“ ဟာ..”
“ လုပ်ပါဗျ..ခင်ဗျားက ခေါင်းဆောင်ဆိုပြီး
မပါလို့ရမလား”
သူခုံတွေကို မပြီး ဆင်ဝင်အောက် ကိုရွှေ့ပေးတယ်။
ပါးစပ်ကလည်း ပွစိ ပွစိ ပြောသေးသဗျ။
“ ဟေ့ကောင် မင်းတို့အာရ်အိုင်တီပွဲဆိုရင်
နောက် မလုပ်တော့ဘူးကွ”
အဲဒါ ကိုပေါ်ပါ။ မင်းကိုနိုင်ပါ။ နောက်နေ့တွေမှာ
ကျနော် သူ့ကိုပြောခဲ့တဲ့ ပလန်အတိုင်း NLD မြို့နယ်ရုံးတိုင်းမှာ ဟောပြောပွဲတွေဆက်ခဲ့ပါတယ်။
သူတို့ ကျနော့်ပလန်အတိုင်းမလုပ်တာ တခုပဲ ရှိပါတယ်။ လူခွဲဖို့ကျနော်ပြောတာကို နားမထောင်တာပါ။
ကျနော်က သူတို့ဟောပြောပွဲထုံးစံ မင်းကိုနိုင်၊
ကိုကိုကြီး၊ အောင်ဒင် အတွဲ ကနေ မင်းကိုနိုင်နဲ့ ပြောနိုင်ဟောနိုင်တဲ့ လူသစ် ၂ ယောက်
၃ ယောက်၊ ကိုကိုကြီး အောင်ဒင် နဲ့၂ ယောက် ၃ ယောက် တနေ့ထဲ ၂ ပွဲ ၃ ပွဲ တပြိုင်နက်လုပ်ပြီး
အင်အားတိုးချဲ့ချင်တယ်။ တနိုင်ငံလုံးပြန့်နှံ့ချင်တယ်။ အဲဒီတုန်းက မရန်းကုန်း၊ ဝေဘာဂီ၊
တာမွေဟောပြောပွဲတွေဆက်ပြီး တညနေမှာ ဇော်ဇော်အောင်နဲ့ကိုပေါ်တို့ လမ်းလျှောက်ပြန်သွားရာက
ဇော်ဇော်အောင် ပြန်ပြေးလာတယ်။ ကိုပေါ်ကိုဆွဲသွားပြီတဲ့။
အဲဒီညနေမှာ သူထောင်ထဲ ၀င်သွားခဲ့တာ ၁၇ နှစ်ကြာသွားခဲ့တယ်။
အဲဒီညနေ..မတိုင်မီ သူတို့တွေပေါက်ကွဲပြီး
ငိုကြွေးခဲ့ကြတယ်။ သူတို့ဆိုတာ ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ အောင်ဒင်တို့ပါ။
ကျနော်က ပေါ့ပေါ့ပါးပါး ဒီမိုကရေစီရရင် ဘာလုပ်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ စိတ်ကူးယဉ်ပြီးလျှောက်ပြောရအော င်ဆိုလို့
ကျနော်တို့ လျှောက်ပြီးပြောကြ ရယ်ကြရခဲ့တာလဲ မှတ်မိသေးတယ်။
သူုတို့အားလုံးဟာ သူရဲကောင်းတွေပါ။ တိုင်းပြည်အတွက်
သူတို့ဘ၀တွေကို ပေးဆပ်ထားကြတဲ့သူတွေပါ။
သူတို့ရဲ့ပြင်းပြတဲ့ဆန္ဒတွေကြော င့် တခါတရံမှာ
သူတို့ဟာ တဇွတ်ထိုးဆန်တာမျိုးဖြစ်တတ်ပါ တယ်။ ဒါပေမယ့် ကိုပေါ်ကတော့ သူတို့အားလုံးထဲမှာမှ
လူသားအဆန်ဆုံး၊ လူတွေကိုချစ်တဲ့စိတ် နဲ့ နိုင်ငံရေးကို လုပ်တဲ့သူ လို့ ပြောချင်ပါရဲ့။
(မိုးမခနဲ့ အင်တာဗျူးမှာ အင်တာဗျူးမဖြစ်ဘဲနဲ့
သီးခြားစာတပုဒ် ဖြစ်သွားတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မွေးနေ့အလွန်
အလေးပြုတင်ဆက်လိုက်ပါတယ်။ (မိုးမခ))

Comments