ချိုတူးဇော်နဲ့ စကားလက်ဆုံ (၂)
မိုးမခ၊ အောက်တိုဘာ ၂၁၊ ၂၀၁၁
စကားဝိုင်းပထမပိုင်းမှာ
ကြားဖြတ်ပြီးတော့ ကိုမင်းကိုနိုင်နဲ့ ၈၈ အရေးတော်ပုံကာလမှာ ကြုံဆုံခဲ့ရတာကို
သီးခြားစာတပုဒ်အဖြစ် ဆရာချိုတူးဇော်က ရေးသားခဲ့တယ်။ အခုဆက်လက်ပြီးတော့
ချိုတူးဇော်နဲ့ မေးခွန်းများကို ပြန် ဆက်ပါဦးမယ်။
မေးခွန်း။
။ ခင်ဗျား ထောင်ကထွက်လာပြီးတော့ အနုပညာသမားတဦးအဖြစ် ရပ်တည်ဖို့ ကြိုးစားတယ်။
အဲသည်မှာ ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း မေးရတော့မှာပဲ။ ခင်ဗျားကို
စစ်အာဏာပိုင်တွေက ထောက်လှမ်းရေးတွေက နိုင်ငံရေးမလုပ်နဲ့ တခြားမင်း ကြိုက်တာလုပ်ပါ
ဆိုပြီး လာညှိတာတွေ မရှိဘူးလား။ တချို့ဆိုရင် ထောက်လှမ်းရေးတွေ၊
စစ်အာဏာပိုင်တွေဆီက နားလည်မှုတွေ၊ အပေးအယူတွေ တောင်းတာ ယူတာတွေ ရှိတယ်လေ။
ခင်ဗျားကော အဲသလိုပဲ မဟုတ်ဘူးလား။
ဖြေ။
။ ကျနော့်ဘ၀မှာ ဘယ်တုန်းကမှ သူများဆီက မတရားနည်းလမ်းနဲ့ငွေကြေးဥစ္စာကို မရှာဖွေ
ခဲ့ဖူးသလို၊ ဘယ်စစ်ဗိုလ်၊ ဘယ်အစိုးရအနွယ်တွေနဲ့မှ ပေါင်းသင်းပြီး စီးပွားမရှာခဲ့ဘူး။
ထောင်ကထွက်လာပြီး သိပ်မကြာခင်လေးမှာပဲ၊ ထုံးစံအတိုင်း ထောက်လှမ်းရေးက လာတယ်။
ဘာအကူအညီလိုသလဲတဲ့။ ကျနော် နိုင်ငံရေးကို ပါတီမှတ်ပုံတင်ပြီး တရားဝင်လုပ်ခဲ့တာ။
ခုလည်း ပြန်လုပ်မယ်ဆိုရင် ခင်ဗျားတို့ကို တရားဝင်ကြေညာပြီးမှ လုပ်မယ်။ လောလောဆယ်
ကူညီနိုင်တာ ခင်ဗျားတို့ ကျနော့်ဆီဘယ်တော့မှ မလာဖို့ပဲ၊ ခင်ဗျားတို့မျက်နှာတွေကို
မမြင်ချင်ဘူး လို့ပြန်ပြောခဲ့တယ်။
ဒီတော့
ကျနော်ဘယ်လိုပဲ နေနေ၊ လိပ်ပြာသန့်တယ်ဗျ။ ထောင်ထဲကထွက်လာတဲ့သူတွေ၊ တောကနေ
ပြန်လာတဲ့သူတွေ၊ အန်အယ်လ်ဒီမှာ လှုပ်ရှားနေတဲ့သူတွေ လူတိုင်း ကျနော့်အိမ် ၀င်ထွက်သွားလာနေတာပဲ။
အနုပညာအလုပ်တွေကို လိပ်ပြာသန့်သန့်နဲ့လုပ်ခဲ့တယ် ဆိုပါတော့။
မေး။
။ အနုပညာနယ်ပယ်ထဲမှာ ကိုယ်တင်ပြချင်တဲ့ သဘောထားတွေ၊ အတွေးအမြင်တွေ၊
စိတ်ကူးယဉ်တာတွေကို လွတ်လပ်စွာ တင်ပြခွင့်ရသလား။
ဖြေ။
။ ပထမဆုံးရိုက်တဲ့ "မမမာနကြီးသလား" ဆိုတဲ့ ကားကတည်းက မာဇဒါဂျစ်ကို
အမောတကော ရှာရ၊ ဆေးရုံတွေက အဲဒီအချိန်မှာ စ လာတဲ့ "ပိုက်ဆံခန်း"
အကြောင်းကို ရိုက်ရနဲ့.. ခုချိန်ထိ ကားတိုင်းမှာ မတရားမမျှတမှုကို
တကွက်ကလေးရရ၊ တခန်းကလေးရရ ပါအောင်ထည့်ပါတယ်။ ဒီတော့ ကိုယ့်ဖါသာ ကိုယ်
ကျေနပ်နေတာပေါ့။
ဒါပေမယ့်
ကျနော်ရဲ့ဒါရိုက်တာဘ၀ကို ၉၂ - ၃ လောက်က စ ခဲ့ပေမယ့်၊ ၉၇ လောက်က စ ပြီး ကားရိုက်တွေ
နားခဲ့တယ်။ ၉၇ မှာ ရိုက်ခဲ့တဲ့ ဒိုင်ယာရီထဲကမြို့ ဆိုတဲ့ကားကို ၆၀%
လောက်အဖြတ်ခံရတယ်။ ဇာတ်ကားနာမည်ကအစ “မနက်ဖြန်ပုံပြင်” လို့ပြောင်းပေးခဲ့ရတယ်။
အဲဒီမှာ
စိတ်ပျက်လက်ပျက်နဲ့ ကားမရိုက်တော့ဘဲ ထွက်ထိုင်နေခဲ့တာ။ စိတ်ပျက်ခဲ့တာ ဗီဒီယို
ဆင်ဆာအဖွဲ့ကိုတင် မကဘူး၊ ဗီဒီယိုအင်ဒတ်စထရီကိုပါ စိတ်ပျက်ခဲ့တာ။ အဲဒီကတည်းက
စနစ်မကောင်းခဲ့တဲ့ မြန်မာဗီဒီယို အင်ဒတ်စထရီဟာ ကြာလေ ပိုဆိုးလေပဲ။ ဘယ်နိုင်ငံမှာမှ
မရှိတဲ့ မင်းသားဗဟိုပြုစနစ်နဲ့ တည်ဆောက်ထားတယ်။ ဇာတ်ကား ဘယ်လောက်ကောင်းကောင်း
မကောင်းကောင်း မင်းသားနဲ့ဈေးဖြတ်ပြီး အရောင်းအ၀ယ်လုပ်တယ်။ အဲဒီအတွက်
ဇာတ်ကားတွေရဲ့ အရည်အသွေးက တက်မလာတော့ဘူး။
မေး။
။ ခင်ဗျားက နောက်တော့လည်း အားလုံးကို ကျောခိုင်းပြန်တာပဲပေါ့။ ၉၇ ကနေပြီး ခင်ဗျား
လုပ်ချင်တာတွေ မလုပ်ဘဲနဲ့ ထွက်ထိုင်နေတော့ ခင်ဗျားကိုယ် ခင်ဗျား
အသက်ရှင်နေတဲ့သူလူပဲ မြင်သလား။ ခင်ဗျားက ဘယ်လိုလူမျိုး ဖြစ်သွားတယ် ထင်သလဲ။
ဖြေ။
။ ကျနော် ၉ နှစ်တိတိ ကားရိုက်နားပြီး အပြင်စီးပွားရေးတွေပဲ လုပ်ခဲ့တယ်။
အဲဒီကာလတွေမှာ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှာနိုင် ရှာနိုင် "သေလူ" လိုပါပဲ။
သားလေး မွေးလာတော့ ဒေါင်းတေဇ လို့ မှည့်တယ်။ သား တနှစ်ပြည့်မှာ သားအတွက်
ရည်စူးပြီး ကဗျာလေးတပုဒ်ရေးတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့ကဗျာပါ။
` ကြယ်ကြွေချိန် ဆုတောင်း ´
ဒီလို သားရဲ့
ရာစုတွေ သီချုပ်ထားတဲ့
အဖေတို့ သမိုင်းစာအုပ်တွေထဲ
သူရဲကောင်းဆိုတာတွေ
ဒု နဲ့ ဒေး
ပေါ့ ။
အနုပညာလောက ကောင်းကင်ကြီးမှာလည်း
ဟိုနား ပြိုးပြက်
သည်နား ပြိုးပြက် ။
အဖေလည်း
အဲဒီ စာအုပ်တွေဖတ်
အဲဒီ ကောင်းကင်ကိုကြည့်
ခရီး ထွက်ခဲ့ပေါ့ ။
လမ်းခုလတ်မှာ ရပ်နား
တိုက်ပွဲမဆုံးခင် ကျဆုံး
အဖေဟာ ကြယ်တပွင့်
ဖြစ်ခဲ့မယ် ဆိုရင်တောင်
ကြွေကျပြီး . . .။
ငါ့သားကျ . .
အလင်းဆုံး . . .
အလက်ဆုံး . . .
အမြင့်အမားဆုံး . . .
။ ။
(ချိုတူးဇော်)
မေး။
။ ခင်ဗျား ဘယ်လိုဖြစ်ပြီးတော့ အနုပညာနယ်ထဲ ပြန်ဝင်လာတာလဲ။ သေလူတယောက်လို
မြောနေရတာက ဘယ်အရာတွေက ခင်ဗျားကို အနုပညာတောကြီးမျက်မည်းထဲ ပြန်တိုးဝင်လာအောင်
လုပ်လိုက်တာလဲ။
ဖြေ။ ။ တနေ့
ရန်ကုန်မြို့ထဲမှာ အနုပညာသည် မိတ်ဆွေတဦးနဲ့ လမ်းမှာ တိုးမိတယ်။ သူက မေးတယ်။
"ချိုတူးဇော် မင်း ဘာလုပ်နေသလဲ" …တဲ့။ ဒါပဲ။ သူမေးတာက
အပြင်လောကကြီးထဲမှာ စီးပွားရေးတွေလုပ်နေတာကို မေးတာမဟုတ်ဘူး။ ငွေတွေရှာနေတဲ့အလုပ်
ဘာလုပ်နေလဲလို့ မေးလိုက်တာမဟုတ်ဘူး။ "ချိုတူးဇော်ဆိုပြီး
လုပ်နေတဲ့အလုပ်" ဘာလုပ်နေသလဲလို့ မေးလိုက်တာ။ အဲသည်မှာ ကျနော်
"လုပ်နေတယ် ဆိုတဲ့ဟာတွေ" ကို ပစ်ချပြီး ကျနော် အနုပညာအလုပ်တွေ လုပ်ဖို့
ပြန်လာခဲ့တယ်။
မေး။
။ ခင်ဗျား ရိုက်ခဲ့တဲ့ ကားတွေအားလုံးက တက္ကသိုလ်နောက်ခံ ဇာတ်ကားတွေချည်းပဲ။ ပြီးတော့
ခင်ဗျားရိုက်တဲ့ တက္ကသိုလ်ဆိုတာတွေကလည်း ၈၈ မတိုင်ခင်က တက္ကသိုလ် ပရ၀ုဏ်နောက်ခံနဲ့
ရိုက်မှ ရတဲ့ ကားတွေချည်းပဲ။ ဒါတွေကို ဆက်တင်တွေ နေရာတွေ ရှာဖွေ ကြံဖန်ပြီး
ခင်ဗျား ရိုက်နေရတယ်။ အဲသည်ထဲမှာ မူလ စက်မှုတက္ကသိုလ်ပရ၀ုဏ်တွေနဲ့
နောက်ခံထားရိုက်ခဲ့တဲ့ ဇာတ်ကား "စတုတ္ထနှစ်မြို့ပြကျောင်းသူ" ဆိုတာ
နံမယ်ကြီးတယ်။ ထောင်ကျနေတဲ့ ကျောင်းသားလူငယ်တွေ ကြားထဲအထိ နာမယ်ကြီးတယ်လို့
ပြောချင်တယ်။ အဲဒါက ဘာကြောင့်လဲ။ နိုင်ငံရေးတွေ ပါနေလို့လား။ ပြောပါဦး။
ဖြေ။
။ စတုတ္ထနှစ်မြို့ပြကျောင်းသူ ဟာ ၈၈ ကို ကိုယ်စားပြုပြီး ရိုက်ခဲ့တဲ့
ဗီဒီယို ခေတ်ဦးပိုင်းကာလ ဇာတ်ကား တကားပါ။ ကျနော့်ရဲ့ ထွက်ပြီးသမျှထဲမှာ မာစတာပိစ်
တကားလို့လည်း ပြောလို့ရမယ် ထင်တယ်။ အဲဒီကားရဲ့အောင်မြင်မှုက အဲဒီ ၉၃ ကာလမှာ
ဂျာနယ်မရှိသေးတဲ့တိုင် ရန်ကုန်တမြို့လုံး၊ လဘက်ရည်ဆိုင်တွေမှာလည်း
ဒီကားအကြောင်းပြောကြ၊ နယ်တွေမှာပါ ပြန့်နှံ့ ခုချိန်ထိလည်း ပြောနေ ဆိုနေကြတုန်း။
ပြောရရင်
အဲဒီကားအောင်မြင်မှုဟာ ထောင်ထဲမှာ ပို အောင်မြင်တယ်၊ တမျိုးအောင်မြင်တယ် လို့
ပြောရမယ်။ ထောင်က ထွက်လာတဲ့ သူငယ်ချင်းတယောက်က ပြောတယ်၊ ထောင်ထဲမှာ
စတုတ္ထနှစ်မြို့ပြကျောင်းသူက ဗားရှင်းအမျိုးမျိုး ရှိတယ် … တဲ့။ တယောက်
တယောက်လက်ဆင့်ကမ်းပြီး ပြောကြရင်း တချို့က ငါဆိုရင် ဒီအခန်းကို ဒီလို ရိုက်မယ်၊
ငါဆိုရင် ဒီလို ရိုက်မယ်နဲ့ ဗားရှင်းတွေအများကြီးတဲ့။
မေး။ ။ ကိုမင်းကိုနိုင်
ပြန်လည်လွတ်မြောက်လာချိန် ၂၀၀၄ခုနှစ် နောက်ပိုင်းမှာ ၈၈ မျိုးဆက်တယောက်အနေနဲ့
ပြန်တွေ့တဲ့အခါ ခင်ဗျား ဘယ်လို ခံစားရသလဲ။ ၈၈ အရေးတော်ပုံတပ်သားဟောင်းတဦးလိုလား၊
လွတ်မြောက်နေတဲ့ အနုပညာသည်တဦးအနေနဲ့လား။ ထောင်ထဲက ထွက်လာတဲ့ ရဲဘော်တွေကို
ခင်ဗျား ဘယ်လို ရင်ဆိုင်ခဲ့သလဲ။
ဖြေ။ ။ (ကိုပေါ်) မင်းကိုနိုင် နဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲက တကျော့ပြန်ထွက်လာတဲ့အချိန်မှာ
ကျနော်လည်း နောက်တကျော့ အနုပညာလောကထဲမှာ အရှိန်ပြင်းပြင်းနဲ့ ကားတွေပြန်ရိုက်နေ၊
ဒါရိုက်တာအလုပ်ကို လုပ်နေတဲ့ အချိန်ဖြစ်နေပါတယ။်
သူပြန်လွတ်လာပြီကြားတဲ့အချိန်မှာ ကျနော် အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့် သူနဲ့သွားမတွေ့ခဲ့ဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ခံယူချက်နဲ့ကိုယ် အနုပညာအလုပ်တွေကို လုပ်နေတာကိုး။
သူပြန်လွတ်လာပြီကြားတဲ့အချိန်မှာ ကျနော် အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့် သူနဲ့သွားမတွေ့ခဲ့ဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ခံယူချက်နဲ့ကိုယ် အနုပညာအလုပ်တွေကို လုပ်နေတာကိုး။
ကိုပေါ်ထွက်လာတဲ့နောက်မှာ
၃၅ လမ်းထဲတခါဆုံတယ်။ ကိုပေါ်က ကျနော့်ကို မှတ်မိတယ်။
“
မင်းဒီမှာ အလုပ်လုပ်နေတာလား” တဲ့၊ နှုတ်ဆက်တယ်။
ကျနော်ကလည်း
“ ဟုတ်ကဲ့” လို့ပဲ ရိုးရိုးပဲ ပြန်ဖြေလိုက်တယ်။ သူ့မှာ အဖေါ်တယောက်ပါနေတာနဲ့
အကြာကြီး စကားမပြော ဖြစ်ဘူး။ သွားမယ်ကွာ … ဆိုပြီး ထွက်သွားတယ်။
ကိုပေါ်နဲ့
အဲဒီလို ခဏလေး ဆုံခဲ့ရတော့ တနုံ့နုံ့နဲ့ပေါ့လေ.။ ပြောရရင် ချိုတူးဇော်
နဲ့ အောင်ဇော်မင်း (ကျနော့်အမည်ရင်း) ကို တယောက်တည်းဆိုတာ ကိုပေါ်က
မတွဲမိဘူး။ အောင်ဇော်မင်းအစား ချိုတူးဇော်ကိုတော့ ကိုပေါ်က
နားရည်ဝနေတယ်။ ကျနော်ရှေ့မှာ ပြောခဲ့တဲ့
စတုတ္ထနှစ်မြို့ပြကျောင်းသူကြောင့်ပါ။
ဒီလိုနဲ့
နောက်တခါ သူနဲ့ ကျနော်ပြန်ဆုံတာက ၃၃ လမ်း ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်။
မောင်တင်သစ်တို့၊ ဦးစိမ်းနီတို့ဆီ လာရင်း ဆုံတာပါ။
တိုက်ခန်းကျဉ်းကျဉ်းလေးမှာ လူတွေတယောက်ပြီး တယောက်မိတ်ဆက်ပေးနေတဲ့အချိန်မှာ
သူ့နောက်နားမှ ကပ်နေတဲ့ ကျနော့်ကို သူသတိမထားမိဘူး။
“ဒါ
ချိုတူးဇော်” လို့ ဦးစိမ်းနီက မိတ်ဆက်ပေးတော့မှ လှည့်ကြည့်ပြီး
“ဟာ“
ဆိုပြီး ကျနော့်လက်ကို ဆုပ်ထားတယ်။ တော်တော်နဲ့ပြန်မလွှတ်ဘူး။
ကျနော့်ကို
ကြည့်တဲ့ သူ့မျက်လုံးကို ကျနော်ဘယ်တော့မှ မမေ့ခဲ့ဘူး။ ကျနော့်ကို တော်လှန်ရေးကို
ကျောခိုင်းသွားတဲ့ကောင်လို့၊ အရောင်ပြောင်းသွားတဲ့ကောင်လို့ သူ မပြောချင်ပေမယ့်
ဘာမှန်းမသိတဲ့ ခံစားချက်တွေ သူ့မှာပါနေတယ် လို့ ကျနော် ခံစားမိတယ်ဗျာ။
ကိုမင်းကိုနိုင်ကိုယ်တိုင်က
ကျောင်းသားခေါင်းဆောင်တဦးမဖြစ်ခင်မှာကတည်းက၊ ၈၈ အရေးတော်ပုံတပ်သား မဖြစ်ခင်
လူငယ်တဦးဘ၀မှာကတည်းက အနုပညာသမားတဦးပဲ။ သူဟာ အနုပညာသမားအဖြစ် မရပ်တည်ဘဲ
နိုင်ငံရေးလှုပ်ရှားသူတဦးအဖြစ် တစိုက်မတ်မတ် ရပ်တည်သူ ဖြစ်နေတယ်။ အဲသည်အချိန်မှာ
ကျနော်က အနုပညာသမားတဦးအဖြစ် ပြောင်းလဲရပ်တည်နေတာကို သူက ပြန်တွေ့ရတဲ့ အခါမှာ ၂
ဦးစလုံးမှာ ခံစားစရာတွေ အများကြီး ရှိသွားတယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။
ခင်ဗျားကိုယ်တိုင် သေလူဆိုပြီး ခံစားနေရချိန်တုန်းက ခင်ဗျားသားကလေးအတွက်
ကဗျာရေးခဲ့တယ်။ “ကြယ်ကြွေချိန်ဆုတောင်း” တဲ့ ဟုတ်လား။ အခု ခင်ဗျားရှေ့မှာ
ကြယ်တစင်းကို ပြန်တွေ့ရတယ်။ အဲသည် ကြယ်တစင်းနဲ့ အခြား အစင်းစင်းသော ကြယ်တွေ
ခင်ဗျားရှေ့က ဖြတ်သွားတယ်။ ခင်ဗျား ဘယ်လိုမျိုးနဲ့ ကျန်ရစ်သလဲ။
ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ်
လိပ်ပြာလုံနေခဲ့တဲ့ ကျနော်ဟာ သူ့အကြည့်နဲ့ နေမထိ ထိုင်မသာ ကျန်ခဲ့တယ်။
သူတို့လုပ်နေ ကိုင်နေသမျှ လှုပ်ရှားမှုမှန်သမျှအတွက် သဘောတူတာလည်းရှိ၊
အားမလိုအားမရဖြစ်တာလည်း ရှိပေါ့။ ဒါပေမယ့် မသွားခဲ့ မပတ်သက်ခဲ့ဘူး။
ဒါရိုက်တာတယောက်အနေနဲ့ လုပ်လို့ရတာတွေ လုပ်ဖို့၊ သူတို့နဲ့ခပ်ခွာခွာ နေမှဖြစ်မယ်
ဆိုတဲ့ အသိနဲ့ သွားကို မသွားခဲ့တာ။
နောက်
မကြာဘူး သူတို့ပြန်အဖမ်းခံရပြီဆိုမှ တောက်တခေါက်ခေါက်နဲ့ ရင်နာမဆုံးဖြစ်ရတယ်။
ကိုယ့်ကိုယ်ကိုယ် ဘာကောင် ညာကောင်လို့မထင်ပါဘူး။ ဒါပေမယ့် ဘယ်သူပြောပြော
သေချာနားထောင်တတ်၊ ကျိုးကြောင်းဆီလျော်ရင် လက်ခံတတ်တဲ့ ကိုပေါ့်အနားကို မသွားခဲ့
အကြံကောင်းဥာဏ်ကောင်းတွေ မပေးနိုင်ခဲ့၊ ၀ိုင်းဝန်း မလုပ်မိခဲ့တဲ့အတွက် နောင်တရ
မဆုံး ဖြစ်ခဲ့ပါတယ်။
ကျနော်
နောက်ထပ်ကဗျာတပုဒ် ရေးတယ်။ ကြယ်ချစ်သူ .. တဲ့။
` ကြယ် ချစ်သူ ´
ဟောဟိုက တိမ်တိုက်မည်းတွေ
အောက်မှာ . .
ကြယ်ကလေးတွေ ပြိုးပြက်လက်နေတယ် ။
အ ကာလ မို့
ညကိုလည်း အမှောင်ကကြီးစိုး
လကိုလည်း ညကလှောင်ပြောင်
အမှောင်
ပြီးတော့ အမှောင်
အမှောင် ကသာ ခြယ်လှယ်နေတဲ့ အချိန်ပါဘဲ
။
ကြယ်ပွင့်ကလေးတွေကတော့
ပြိုးပြက်
ပြိုးပြက်လက်ခဲ့ပါရဲ့ တဒင်္ဂ ။
အဲဒီ တဒင်္ဂ မှာ
ကြယ်တွေဟာ
ရောင်ပြန်မဟုတ်
သူတို့ကိုယ်ပိုင်အလင်းကို
တတ်အားသရွေ့ ထုတ်ခဲ့တယ် ။
ကြယ်ဆိုတာ နေပါဘဲ တဲ့
ကမ္ဘာ ကို တည် ခဲ့
စကြာဝဠာ ကို ဖြစ်ခဲ့
ကိုယ်ပိုင်အလင်းတွေ
ဖြန့်ထုတ်ခဲ့
လူတွေကို နွေးထွေး စေခဲ့
´ တဲ့ ၊
ဖတ်ဖူးခဲ့တဲ့ ကဗျာ
တစ်ပိုဒ်ကို ရွတ်ရူး
ကြယ်ယစ်မူး သူတစ်ယောက်
တိမ်တွေကိုကြည့်
ကောင်းကင်ကြီးကိုကြည့်
ည ကိုကြည့်
အမှောင် ကိုကြည့် ရင်း
တီးတိုး ရွတ်ဆိုတယ် . ။
ဟော ဟိုက
တိမ်တိုက်မည်းတွေအောက်မှာ
ကြယ်ကလေးတွေ . . .
ပြိုးပြက် လက်နေတယ် . . .
တဲ့
။ ။
(ချိုတူးဇော်)
(ဆက်လက်ဖော်ပြပါမည်)

Comments