Interview with Cho Tu Zaw - Part 3

ချိုတူးဇော်နဲ့ စကားလက်ဆုံ (၃)
မိုးမခ၊ အောက်တိုဘာ ၂၇၊ ၂၀၁၁
မေး။ ။ ရုပ်ရှင်ရိုက်နေတဲ့ ဒါရိုက်တာတဦးအနေနဲ့ ဘာတွေ အားထုတ်ခဲ့သလဲ။
ဖြေ။ ။ ဒါရိုက်တာတယောက်အနေနဲ့ ကျနော်စဉ်ဆက်မပြတ်အားထုတ်ခဲ့တာ ၂ ပိုင်းရှိပါတယ်။ ပထမ ၁ ပိုင်းက မြန်မာပြည်ရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ မမျှတမှုတွေကို အနုပညာနဲ့တင်ပြဖို့၊ နောက်တပိုင်းကတော့ အနှစ်  နှစ်ဆယ်လုံးလုံး အဖျက်ဆီးခံလိုက်ရလို့ အဘက်ဘက်က ပျက်စီးသွားရတဲ့ ကျနော်တို့တန်ဖိုးကို ပြန်လည်တည်ဆောက်နိုင်ဖို့။
 မေး။ ။ ၉၂၊ ၉၃ တုန်းက ခင်ဗျားလုပ်နိုင်ခဲ့တဲ့ စတုတ္ထနှစ်မြို့ပြကျောင်းသူ ဇာတ်ကားလိုမျိုးတွေ ပြန်ရိုက်နိုင်လိမ့်မယ်လို့ ခင်ဗျားက မျှော်လင့်နေခဲ့တာပေါ့။ အထင်နဲ့ အမြင် ဘာကွာသလဲ။
ဖြေ။ ။  စိတ်ပျက်လက်ပျက်နဲ့  ၉ နှစ်တိတိကျောခိုင်းပြီးထွက်လာခဲ့တဲ့ ဗီဒီယိုဒါရိုက်တာအလုပ်ကိုပြန်လုပ်တော့ တိုင်းပြည်ကြီးဟာ ၈၈ ကာလနဲ့ အပုံကြီးကွာခြားသွားခဲ့ပြီ။ နေရာတိုင်းမှာ လာဘ်ပေးလာဘ်ယူတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ …။  ဒါတွေကိုကြည့်ပြီး ရန်သူကိုဘယ်လိုတိုက်ရပါ့ဆိုတာထက် ကိုယ့်တပ်ကိုကိုယ် ဘယ်လိုစုစည်းရပါ့လို့ ခံစားမိတဲ့ စစ်သည်တယောက်လို နာကျင်မိတယ်။
 မေး။ ။ ၂၀၀၆ မှာ ပြန်ရိုက်တဲ့ဇာတ်ကားက ဘာလဲ။ ခင်ဗျားကိုယ်တိုင်က ရင်ကော့ ခေါင်းမော့ပြီး အနုပညာတွေ ပြန်ဖန်တီး ထုတ်လုပ်နိုင်ခဲ့သလား။
ဖြေ။ ။ ၂၀၀၆ ခုနှစ်က စပြီးကားပြန်ရိုက်တဲ့အခါမှာ ဆရာငြိမ်းကျော်ရဲ့ဝတ္ထုမျိုးတွေ၊ သံသရာစက်ဝန်းတနေရာရာလို ဇာတ်ကားမျိုးတွေကို ကြိုးစားပြီးရိုက်ခဲ့တယ်။ ကျနော်တို့ကိုယ် ကျနော်တို့ တန်ဖိုးမထားတတ်ရင် အာဏာရှင်စနစ်သာမက နိုင်ငံတကာမှာ၊ လူမျိုးတိုင်းဆီမှာ ကျနော်တို့ကိုယ်တိုင် အနှိမ်ခံရမယ်။ ဒါဟာ ပိုဆိုးတယ်။  နေရာတိုင်းမှာ ကျနော်တို့လူမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရကောင်းမှန်းမသိအောင် ကျဆင်းသွားခဲ့ကြတယ်။ အချင်းချင်းလည်း တန်ဖိုးမထားကြတော့ဘူး။  ဘတ်စ်ကားစပယ်ယာက လူတွေကို အော်ဟစ်ဆဲဆို နေတယ်။ တက္ကစီဒရိုင်ဘာက ကားငှားတဲ့လူကို အထင်သေးဆက်ဆံတယ်။ လူတိုင်းက ပိုက်ဆံဆိုတာနဲ့ပဲ တန်ဖိုးဖြတ်ကြတယ်။ ပညာတတ်ဆိုတာတန်ဖိုးမဲ့အောင် ပညာရေးစနစ်ကနိမ့်ပါးသည်ထက်နိမ့်ပါး၊ လာတယ်။
 မေး။ ။ အဲဒါတွေကို ရုပ်ရှင်တွေထဲမှာ ပြန်ပြီး ထင်ဟတ်နိုင်ရဲ့လား။ ခင်ဗျားဘာတွေ ထင်ဟတ်ပြီး ပြနိုင်သလဲ။
ဖြေ။ ။အရင်က အရက်သောက်တာကို ရှက်စရာကြောက်စရာလို့ သဘောထားတဲ့လူမျိုးတွေ၊ အရင်က အင်မတန်မှ အရှက်အကြောက်ကြီးခဲ့တဲ့လူမျိုးတွေလေ။ အခုဆို ပလက်ဖေါင်းအပြည့် ဘီယာဆိုင်မှာ မိန်းကလေး ယောက်ျားလေးတွေ ညနေတိုင်းအပြည့်။ မိန်းကလေး ယောက်ျားလေး အရွယ်ရောက် ရုပ်ကလေးသင့်တင့်တဲ့သူမှန်သမျှ “စပွန်ဆာ” ဆိုတဲ့စကားလုံးကို ရေလဲသုံးလို့ လက်ဖြန့်နေကြတဲ့ ခေတ်။ အလဲအလှယ်တွေ လုပ်နေကြတဲ့ ခေတ်။ အဲဒီခေတ်ကြီးကိုမြင်အောင် ပြန်ပြီး ရှက်တတ်၊ ကြောက်တတ်လာအောင် ကျနော် အနုပညာသမားတယောက် အနေနဲ့အားထုတ်ပါတယ်။
 မေး။ ။ မြန်မာပြည်က ဆင်ဆာတွေ စိစစ်ရေးတွေကကော ခင်ဗျားတင်ပြတာတွေကို လက်ခံသလား၊ ခွင့်ပြုလို့လား။
ဖြေ။ ။ ဆင်ဆာအနေနဲ့ ကျနော်တင်ပြတာကို လက်ခံအောင် အနုပညာမြောက်အောင် ကြိုးစားပြီး အားထုတ်ခဲ့တယ်။ ကျနော် နိုင်ငံရေးသမား မဟုတ်ဘူး။ အနုပညာသမားပါ။ အနုပညာသမားဆိုတာ ခေတ်အဆက်ဆက် သူမြင်တာကို မြင်တဲ့အတိုင်း၊ ခံစားရတာကို ခံစားတဲ့အတိုင်း ရေးမှာ၊ ပြောမှာ၊ ဖန်တီးမှာပဲ လို့ … ပွင့်ပွင့်လင်းလင်း သူတို့ကို ပြောပြတယ်။ အဲဒီ့အတွက် ရှေ့ပိုင်း ဇာတ်ကားတော်တော်များများ လွတ်ခဲ့တယ်။
 မေး။ ။ ကျနော်တို့ကတော့ ခင်ဗျားကိုယ်တိုင် ဗီဒီယိုကားတွေရိုက်နေတဲ့ ဒါရိုက်တာထိုင်ခုံကနေ ၀ုန်းကနဲ ထရပ်ပြီး နေပြည်တော်ကို ဒေါသတကြီးနဲ့ ကန့်ကွက်ဖို့ ထထွက်သွားတဲ့ အပြင်က ဘ၀ဇာတ်ဝင်ခန်း အပြောင်းအလဲကို ပြောပြစေချင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ ချိုတူးဇော်တယောက် ခွပ်ဒေါင်းအလံတော်ကို ပါတီနိုင်ငံရေးအလံတခုအဖြစ် အလွဲမသုံးရအောင် ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်လေ။ ဘယ်လိုဖြစ်သွားရတုန်း အနုပညာသမားကြီး ရဲ့။
 ဖြေ။ ။ ကျနော်တို့လိုလူမျိုးတွေကို “ဘလက်ခ်လ်စ်”အနေနဲ့ သတ်မှတ်ထားပေမယ့် အတိုင်းအတာတခုအထိတော့ စောင့်ကြည့်နေခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားပြောသလိုပါပဲ … နောက်ပိုင်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတခုမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ မှတ်ပုံတင်ကြတော့ ပါတီတခုက ခွပ်ဒေါင်းအလံကို သုံးတာနဲ့ ကန့်ကွက်ဖို့ အရေးပေါ်လာကော။ သတင်းစာထဲမှာ အလံနဲ့ အမှတ်တံဆိပ်ကို ကန့်ကွက်နိုင်ကြောင်း ကြေညာထားပေမယ့် ကန့်ကွက်မယ့်သူ ဘယ်သူမှ မရှိကြသေးဘူး။  ကျနော်လည်း တဖြည်းဖြည်းနဲ့ စောင့်ကြည့်ခဲ့တယ်။ ဘယ်သူများကန့်ကွက်မလဲလို့။ ဟိုလူ လုပ်နိုး၊ ဒီလူ လုပ်နိုးပေါ့။ ကျနော်ကိုယ်တိုင်လည်း အဲသည် နိုးနိုးထဲမှာ ပါနေတယ် ပေါ့ဗျာ။
နောက်ဆုံးကြေညာထားတဲ့ ကန့်သတ်ရက်ကုန်ဖို့ ၂ ရက်ပဲ ကျန်တော့တယ်။ ဘယ်သူမှ ကန့်ကွက်မယ့်သူ ပေါ်မလာဘူး။ ဒါနဲ့ ဒီကသူငယ်ချင်းတချို့နဲ့ ကျနော်တို့ တာဝန်ယူပြီး ကန့်ကွက်ခဲ့ရတယ်။ အဲဒါ ၈၈ နောက်ပိုင်းကာလ ပထမဆုံး ရှေ့ကိုပြန်ထွက်ခဲ့တာပဲ။
၂၀၀၇ ရွှေဝါရောင်မှာလည်း နောက်ကပဲ နေခဲ့တယ်။ ကိုယ့်ဖါသာ လုပ်သင့်တယ် ထင်တာကို နောက်ကပဲ လုပ်ပေးခဲ့တယ်။ ၂၀၀၈ နာဂစ်မှာလည်း ကိုယ့်ဖါသာ ပိုက်ဆံရှာ၊ ပိုက်ဆံစု ဆန်တွေဝယ်၊ ဆန်အိတ်တွေလိုက်ပို့ တာမျိုးပဲ လုပ်ခဲ့တယ်။ ဘာမှ လူလုံးမထွက်ခဲ့ဘူး။ ဒါပေမယ့် ခွပ်ဒေါင်းအလံကို ခုလို ဖျက်လိုဖျက်ဆီး လုပ်ပစ်မယ်ဆိုတော့ မခံနိုင်တော့ဘူး။ အနီးမှာရှိတဲ့သူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ နေပြည်တော်ထိသွားပြီး ကန့်ကွက်စာ တင်ခဲ့တယ်။
မေး။ ။ အဲသည် ၂၀၁၀ ရွေးကောက်ပွဲအကြို ကာလတွေမှာ ခင်ဗျားအနေနဲ့ ဘာတွေ အကောင်းမြင်ပြီး ဗီဒီယိုရုပ်ရှင်တွေ ရိုက်ခဲ့တာ ရှိသလဲ။
ဖြေ။ ။ အဲဒီက စပြီး အာဏာပိုင်တွေက ကျနော့်ကို ဂရုစိုက်စရာဖြစ်သွားခဲ့တယ် ထင်တာပဲ။ အဲဒီအချိန်မှာ “စတုတ္ထနှစ်မြို့ပြကျောင်းသူ” နဲ့ချိတ်ဆက်တင်ပြထားတဲ့ “လွမ်းစိမ့်” ကို ရိုက်ပြီးနေပြီ။ “လွမ်းစိမ့်”ကို ရွေးကောက်ပွဲအကာအကွယ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး ဆိုတဲ့ နိဂုံးနဲ့ ရိုက်ခဲ့တယ်။
မေး။ ။ ကျနော်တို့အနေနဲ့ ပြောရရင် အဲသည်တုန်းက စစ်အစိုးရဖက်က ၈၈ အရေးတော်ပုံကို နင်းခြေ စော်ကား ဖျက်ဆီးထားတဲ့ ၀ါဒဖြန့်ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်နေ ထုတ်နေ ပြသနေတယ်လို့ပဲ မှတ်မိတယ်။ ခင်ဗျားရုပ်ရှင်အကြောင်း အသံတောင် မကြားခဲ့ရပါဘူး။
ဖြေ။ ။ ဟုတ်တယ်။ အမြဲတမ်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေဟာ ၈၈ အရေးတော်ပုံကို မင်းမဲ့စရိုက်တွေ၊ လူဆိုး လူသွမ်း၊ လူရမ်းကားတွေရဲ့ လုပ်ရပ်တွေ၊ ဆူပူလှုံဆော် အကြမ်းဖက်တာတွေအဖြစ် အမြဲတမ်း သရုပ်ဖော်တယ်။ အဲသည်လို ကားတွေ အများကြီးပဲ။ နံမယ်တပ်ပြီး မပြောချင်ဘူး။ မြန်မာတပြည်လုံး သိပါတယ်။ ဒါကြောင့် ကျနော်က “လွမ်းစိမ့်”ကို ရိုက်တာ ဖြစ်ပါတယ်။  စစ်အစိုးရက သူတို့လူတွေ (နံမယ်တပ်ပြောမယ်ဗျာ၊ မပြောလို့ရှိရင် သူနိုးနိုး ငါနိုးနိုးနဲ့ ဟိုလိုလို ဒီလိုလို လူတွေချည်းပဲမို့လို့) စင်ရော်မောင်မောင်တို့၊ တင်သန်းဦးတို့၊ ဝေမှိုင်းညိုတို့ ဒါရိုက်တာတွေနဲ့ နှစ်စဉ် ၀ါဒဖြန့်ရိုက်နေတဲ့၊ ရိုက်ခဲ့တဲ့ ၈၈ ကို လူဆိုးလူသွမ်း လူရမ်းကားတွေက ဆူပူအောင်လုပ်ခဲ့တာဆိုတဲ့ ဇာတ်ကားတွေကို ချေဖျက်ဖို့ ကျနော် ရုပ်ရှင်ရိုက်တယ်။ 
၈၈ ဆိုတာ တကယ့်ကို စာပေအနုပညာအလုပ်တွေကို ရှေ့တန်းကလုပ်ခဲ့တဲ့ တကယ့်ကိုတိုင်းပြည်ကိုချစ်တဲ့၊ တကယ့်ကို ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတဲ့ လူငယ်လေးတွေက ကျောင်းသားလေးတွေက တိုင်းပြည်အတွက် အသက်တွေ ဘ၀တွေ စွန့်ပြီးလုပ်ခဲ့တာဆိုတာကို ပြဖို့ ကျနော် “လွှမ်းစိမ့်” ကို ရိုက်ခဲ့တာ။ ကျနော် ဇာတ်ကား ပြသခွင့် မရခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲလို ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပေါင်းစည်းရေးဆိုတဲ့ နိဂုံးနဲ့ ရုပ်ရှင်အနုပညာတခု ဖန်တီးထုတ်လုပ်ခွင့်၊ ပြသခွင့်မရဘူး။ အပိတ်ခံခဲ့ရတယ်။ ခင်ဗျားတို့ ဘာအသံကြားမှာလဲ။
 မေး။ ။ ခင်ဗျားက ဒီလောက် ပြူးပြဲနေတဲ့ ဆင်ဆာဘုတ်တွေ စိစစ်ရေးတွေအောက်မှာ ဘယ်လိုမျိုး ရိုက်ခဲ့တာလဲ။
ဖြေ။ ။ ကျနော့်ဇာတ်ကားက (ဗီဒီယို) က ၈၇၊ ၈၈ အဖြစ်အပျက်တွေနဲ့ ကျနော်တို့ အာရ်အိုင်တီကျောင်းကြီးကို နောက်ခံထားတယ်။ ၈၇မှာ ၇၅ကျပ်တန်ငွေတွေ အသိမ်းခံရတာတွေ ပါတယ်။ ၈၈ အကြောင်းပါတယ်။ အဲဒီကားမှာ အဲဒီခေတ်တက္ကသိုလ်နဲ့ အဲဒီခေတ်က တက္ကသိုလ်ရဲ့ စာပေ အနုပညာလှုပ်ရှားမှုတွေကို အဓိကထား တင်ပြထားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် က ခင်ဗျားတို့ ကျနော်တို့တွေ၊ ညီအကို မောင်နှမတွေ လွယ်အိတ်လေးတွေ လွယ်ပြီး တက္ကသိုလ်ပရ၀ုဏ်ထဲမှာ သွားလာနေတာတွေ ပြန်မြင်ယောင်ပြီး ပြထားတယ်။
 မေး။ ။ အဲဒါက နောက်ဆုံးကျတော့လည်း ပြခွင့်မရဘူးဆိုတဲ့ သဘောပေါ့။
ဖြေ။ ။ အဲသလို ပြောရမှာပဲ။  အဲဒီဇာတ်ကားကို ပထမပြင်ဆင်ချက် ၁၈ ချက်နဲ့ ပြင်ဆင်ခိုင်းခဲ့တယ်။  ကျနော်တို့က အဲဒီပြင်ဆင်ချက်တွေကို ငြင်းဆန်ပြီး ပြန်လည်ထုချေတဲ့စာတစောင်တင်ခဲ့တယ်။  ပြင်ဆင်ချက်တွေအတိုင်းပဲ ပြင်ဆင်ပါ၊ လုံးဝ ထုချေခွင့်မပြုနိုင်ဘူး ဆိုတဲ့ စာ အကြောင်းပြန်ခဲ့သလို၊ အဲဒီလို ထုချေတဲ့အတွက် ပိုဆိုးမယ်လို့ ဆင်ဆာညွှန်ကြားရေးမှူးကိုယ်တိုင်က ပရိုဂျူဆာကို ခေါ်ပြောခဲ့တယ်။ အဲဒီနောက်မှာတော့ ကျနော့်ရဲ့ လွမ်းစိမ့်ကို “ဆိုင်းငံ့” ဆိုတဲ့ စာ တကြောင်းနဲ့ပိတ်ထားလိုက်တာ. . ခုချိန်ထိပါပဲ။
 မေး။ ။ အင်း … အဲသည်အချိန် ခေတ်ပြိုင်ကာလမှာ ကျနော်တို့ အမေရိကန်ပြည်ထောင်စုမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျားကို ပြောပြမှ ဖြစ်မယ်ထင်တယ်။ ဒါရိုက်တာတင်သန်းဦးရဲ့ “အရုဏ်ဦးမှာဖူးသည့်ကြာ” ကို ကန့်ကွက်တဲ့အနေနဲ့ အဲသည်ဇာတ်ဝင်ခန်းတွေရိုက်ခဲ့တဲ့ သရုပ်ဆောင်တဦးနဲ့ သူ့အပေါင်းအပါတွေ အမေရိကန်ကို လာဖျော်ဖြေကြတော့ အမေရိကန်ရောက်  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူုတွေက ကန့်ကွက်ခဲ့တယ်။ ဆန္ဒပြဆန့်ကျင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေကို အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ရတယ်။ အမေရိကန်ရောက် မြန်မာကွန်မြူနီတီအများစုအနေနဲ့ စစ်အစိုးရနောက်လိုက် အနုပညာသမားဆိုသူတွေကို “အနီကပ်” ပြနိုင်ခဲ့တယ် ဆိုကြပါဆိုဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ကြတာတခုပေါ့လေ။
ဖြေ။     ။ ကျနော် ကြားတော့ ကြားလိုက်ပါတယ်။ ကျနော်တို့ဆီမှာကတော့ အဲသည်လိုမျိုး သတင်းကိုတောင် ပွင့်ပွင့်လင်းလင်း မကြားရတဲ့ အဖြစ်ပါဗျာ။ 

 မေး။ ။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ၈၈ရဲ့ သမိုင်းအမှန်ကို အနုပညာနဲ့ ရင်ဆိုင် ထုတ်ဖော်ဖို့ ကြိုးစားခဲ့တာတောင် မအောင်မြင်ခဲ့ဘူး။ ခုထိလည်း ဆိုင်းငံ့ဆိုပြီး ပိတ်ထားတယ် ဆိုတော့ ကျနော်တို့ မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာလည်း နိုင်ငံရေးပွင့်လင်းမှုတွေ ပြောဖို့ ထားဦး၊ ခင်ဗျားရဲ့ အနုပညာပွင့်လင်းမှုတွေတောင် မမြင်ရသေးဘူးလို့ ပြောရင် ရမလား။
ဖြေ။ ။ အဲဒါတော့ ခင်ဗျားပြောတာပဲ။ ကျနော်ကတော့ “ဆိုင်းငံ့” ဆိုတဲ့ စာတကြောင်းနဲ့ အခု မြင်တဲ့အတိုင်းပဲလေ။

မေး။    ။ ခင်ဗျားအခုပြောနေတာတွေကို မယုံဘူးဗျာ။ ကျနော်က အဲသလိုပြောမယ်။ ဘာမဟုတ်တဲ့ စိတ်ကူးယဉ် တက္ကသိုလ်နောက်ခံ အချစ်ဇာတ်ကားတကားကို အစိုးရတရပ်ရဲ့ ဆင်ဆာဘုတ်က "နိုင်ငံရေးတွေပါနေတယ်" ဆိုပြီး "ဆိုင်းငံ့" လုပ်ပြီး ပြသခွင့်ပိတ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မယုံဘူး။ ခင်ဗျား လျောက်ပြောနေတာပဲလို့ ကျနော်က ပြောမယ်။ ခင်ဗျားလက်ထဲမှာ အဲသည် အစိုးရရဲ့ ဆင်ဆာဘုတ်က ပြင်ဆင်ခိုင်းတဲ့စာကို ပရိသတ်ကြီးကို တိုက်ရိုက်ချပြလို့ မရဘူးလား။ ကျနော်တို့အားလုံး ရုပ်ရှင်မကြည့်ရရင်နေပါ။ စစ်အစိုးရဆင်ဆာလူကြီးတွေရဲ့ စာကိုတော့ ကြည့်ခွင့်မပေးနိုင်ဘူးလား။
ဖြေ။     ။ ရပါတယ်။ ကျနော်ရဲ့ "လွမ်းစိမ့်"  ဆိုတဲ့ ဇာတ်ကားအခွေနဲ့ အတူ တွဲသိမ်းထားတဲ့ စာ ဒီမှာ ခင်ဗျားကို ကျနော် ထုတ်ပြလိုက်မယ်။ ကြည့်ပါ။




 (ချိုတူးဇော်၏ လွမ်းစိမ့်ကားကို မြန်မာအစိုးရ ဗီဒီယိုဆင်ဆာအဖွဲ့က အချက် ၁၈ ချက်နှင့် ပြင်ဆင်မှုပြုရန် တားမြစ်သည့် စာ)

 (ဆက်လက်ဖော်ပြပါမည်)

Comments

Anonymous said…
အင်တာဗျူးမေးသူက “ခင်ဗျား” နဲ့ မေးနေတာက စစ်ကြောရေးမှာ စစ်ဗိုလ်လေးက သူ့အဖေလောက်ရှိသူကို မေးနေသလို ခံစားရတယ်။ လေသံနည်းနည်း လျှော့စေချင်တယ်ဗျာ။
Anonymous said…
အပေါ်က ပေးထားတဲ့ ကွန်မန့်အတိုင်းပါပဲ။ အင်တာဗျူးဖတ်ရတာ ဘယ်လိုကြီးလည်း မသိဘူ။ နည်းနည်း ရင့်သလိုပဲ။
Anonymous said…
မရင့်ပါဘူး.. နိုင်ငံခြားသတင်းစာတွေက အင်တာဗျူး ဖတ်နေရသလိုပဲ ဆန်းသစ်တယ် မိုက်တယ်...