Local Media Quotes Overseas Burmese sites

ပြည်တွင်း သတင်းဂျာနယ်များ ပြည်ပမီဒီယာကို ကိုးကားခွင့်ရလာ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၃၊ ၂၀၁၁
ပြည်တွင်းထုတ်ဂျာနယ်များတွင် ယခင်က  တရားမ၀င်ဟု ယူဆထားသည့် ပြည်ပမီဒီယာများမှ သတင်းများကို ကိုးကားထားသည့် သတင်းများ ဖေါ်ပြခွင့်ရလာသည်ကိုတွေ့ရသည်။  ယခုတပတ်ထုတ် ပေါ်ပြူလာနယူးစ် သတင်းဂျာနယ်တွင် မျိုးဆက်သစ် လူငယ်များ Generation Wave ၄နှစ်မြောက် မွေးနေ့ ဆွမ်းကပ်သည့် သတင်းဖေါ်ပြရာတွင် “ ကိုးကား မိုးမခ” ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
တဖန် RFA Radio Free Asia မြန်မာပိုင်း သတင်းဋ္ဌာနမှ ဦးစိန်ကျော်လှိုင် နှင့်ပတ်သက်သည့် သတင်းကိုလည်း ဧရာဝတီ သတင်းမှ ကိုးကား၍ ဖေါ်ပြထားသည့် သတင်းလည်း ယင်းဂျာနယ်တွင်ပင် ဖေါ်ပြထားသည်။
ပြည်တွင်း သတင်းအယ်ဒီတာ တဦးက “ သတင်းကို ပြည်တွင်း ပြည်ပဆိုပြီး ခွဲခြားနေတာက သဘာဝမကျတော့ဘူး ထင်ပါတယ်။ အခုလို ကိုးကားဖေါ်ပြခွင့်ရတာ ကောင်းတဲ့ ကိစ္စပါ” ဟုပြောသည်။
ယခင်က ပြည်ပသတင်းဋ္ဌာနများမှ သတင်းများကို ကိုးကား  ရည်ညွှန်းခြင်းကို စာပေစိစစ်ရေးမှ ခွင့်မပြုခဲ့သော်လည်း မကြာသေးမီကစတင်ပြီး ပြည်ပသတင်းဝက်ဆိုက်များအား ဖွင့်ပေးခဲ့သလို သတင်းများကိုလည်း ကိုးကားဖေါ်ပြခွင့်ရလာခြင်း ဖြစ်သည်။
မကြာသေးမီကလည်း ပြည်တွင်းထုတ် သတင်းဂျာနယ် ၂ စောင်တွင် ချင်းမိုင် အခြေစိုက် ဧရာဝတီ သတင်းဋ္ဌာနမှ ဦးအောင်ဇော် နှင့် ဆက်သွယ်မေးမြန်းခြင်းနှင့် မဇ္ဈိမ သတင်းဋ္ဌာနမှ ဦးစိန်ဝင်းနှင့် ဆက်သွယ်မေးမြန်းထားသည်တို့ ဖေါ်ပြခွင့်ရခဲ့သည်။
အစိုးရသစ်တက်လာပြီး လအနည်းငယ်အကြာတွင် ပြည်တွင်း သတင်းဂျာနယ်များထဲမှ အကြောင်းအရာ ၅ မျိုးကို စိစစ်ရေး တင်ပြီးမှ ထုတ်ခြင်းထက် ၊ ထုတ်ဝေပြီးမှ စိစစ်ရေးတင်သည့်လုပ်ထုံး လုပ်နည်းသို့ပြောင်းလဲ ခဲ့သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာန၏ ဒု ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင့်ဆွေကလည်း စာမူများအား ကြိုတင်စိစစ်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ မှာပါ စာမူကြိုတင်စိစစ်ခြင်းသည် မရှိသင့်တော့ဟု RFA မြန်မာပိုင်းနှင့် မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။

Comments