Mar Mar Aye 398

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၈)
မာမာအေး
အောက်တိုဘာ ၁၇၊ ၂၀၁၁



သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့ တပတ်က ဂီတနယ်တွင်း အချင်းချင်းတွေထဲမှာ စိတ်ဝမ်းတွေကွဲကုန်ကြအောင် သွေးဆောင်မှု သွေးခွဲမှုတွေ ပြုခဲ့မှုနဲ့ စတီရီယိုဘိုးအေ ဆိုသူကြီးကို စည်းခြား ဖြတ်တောက် ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပြီလေ။

တာဝန်ရှိလူကြီးမင်းတွေ ထုတ်ဝေတဲ့ ဂီတအမှုဆောင် ရွေးခြယ်ပွဲဥပဒေတွေကို နယ်မြေဆင်း ရှင်းလင်းပြ တာဝန်အရ ဖြစ်လာတဲ့အခါ စည်းရုံး သွေးဆောင်စကါး တပြားသားတောင် မပါအောင် ရှောင်ရတော့ မောတာပေါ့ရှင်၊ တဖက်အုပ်စုလို့ ပြောရတော့
မောတာပေါ့ရှင်။ တဖက်အုပ်စုလို့ ပြောရတော့မယ့် ဘိုးအေကြီးတို့ တသိုက်ကတော့ စတီရီယိုအုပ်စုမှာ ဦးဆောင် ရပ်တည်နေကြပြီး မဟာဂီတ လူစုထဲက လူကြီးသူမနေရာရချင်လှတဲ့သူတချို့ အပါအ၀င် တေးသံသွင်းအစုနဲ့ PA အစုထဲက တချို့နဲ့ ပူးပေါင်းထားပြီ၊ တာမွေ ကျောက်မြောင်းလမ်းပေါ်က
စတီရီယိုမလေး အိမ်မှာ မဲဆွယ်ပွဲတွေ လုပ်တယ်၊ စည်းဝေးလုပ်ကြ၊ နေရာချ အကွက်ချကြတဲ့အကြောင်း သတင်း သောင်းပြောင်းတွေလဲ တက်လာသားဘဲ။ ဥပဒေအကြောင်းနဲ့ အလျှောက်ကေါင်းရင် မောင်းထုတ်ခံကြရမှာကို သိပေမယ့်၊ ကြည့်နေလိုက်ပါတယ်၊ သူတို့ မတက်စေချင်လို့ ကလန့်တာ ဘာညာနဲ့ အရစ်ရှည်နေရင် မကေါင်းဘူးမို့လား၊ ထားလိုက်တာပေါ့။

ဂီတကိစ္စတွေအတွက် နောက်ပိုင်းမှာ သက်ဆိုင်ရာက ခေါ်တဲ့ အစည်းအဝေးတွေကိုတော့ ကါလပေါ်ဂီတအစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်လူကြီးအဖြစ်နဲ့ "ဘိုကလေးဦးတင့်အောင်"က တက်ရောက် ညှိနှိုင်းဆောင်ရွက်ပေးဘို့ ခွင့်ပန် တောင်းဆို စေလွှတ်ခဲ့ကြပါတယ်။ မာအေးတို့ အနုပညာ ပန်တျာအုပ်စုထဲမှာ အရွယ်အရ သိက္ခါအရ၊ အတွေ့အကြုံ အဖက်ဖက်က ပြည့်စုံပြီး အားလုံးရဲ့ ချစ်ခင်မှုကို ရနေတဲ့သူဖြစ်လို့ 'အကိုလေး' လို့ ချစ်စနိုး ခေါ်နေကြတဲ့သူမို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။

ဒါတောင် မာအေးက အတွေးချောင်ချောင်နဲ့ 'ချိုထောင်'ချင်သေးတာ။ အကိုလေးဟာ ဂီတကေါင်စီဥက္ကဋ္ဌကြီးလဲ ဖြစ်ခဲ့ဖူးတာဘဲကိုး၊ အဲဒီအချိန်မှာ တာဝန်ရှိလူကြီးမင်းများဖက်က "စာပေစိစစ်ရေးအဖွဲ့"နဲ့ ပေါင်းပြီး ဂီတကေါင်စီက စာတွေ အသံတွေ စိစစ်ပေးဘို့ ညှိခဲ့ဖူးပါတယ်။ ရောင်းတန်းဓါတ်ပြားတွေ ရွှေခေတ်တုန်းက မြန်မာ့အသံ စိစစ်ရေးက အဲဒီတာဝန် ယူဖူးတာမျိုးပေါ့ရှင်။ အဲဒီ ဓါတ်ပြားတွေ လက်ဆောင်ပေးတဲ့ ကဏ္ဍအထိ
စစ်ဆေးပြီးမှ ဖွင့်ခွင့် အသံလွှင့်ခွင့် ပြုခဲ့တာမျိုး ဖြစ်မှာပါ။ ဓါတ်ပြားတုန်းက ဓါတ်ပြားတချပ်မှာ မျက်နှာက နှစ်ဖက် ဖွင့်ရတာမို့ အများဆုံး သီချင်း (၂) ပုဒ်သာ ပါနိုင်ပြီး တဖက်မှာ သုံးမိနစ်သာ ကြာပါတယ်။

ကက်ဆက်ခွေခေတ်ကျတော့ SIDE A နဲ့ SIDE B နှစ်ဖက် (တစ်နာရီ)စာ ကြာပါတယ်။ တဖက်ကို မိနစ် (၃၀) ရှိတော့ကါ ဓါတ်ပြားနဲ့ စံချိန်ယူပြီး စီစဉ်ရင် သီချင်း (၅)ပုဒ် အနည်းဆုံး ဆန့်ပါတယ်။ တခွေလုံး ဆိုရင်တော့ ဆယ်ပုဒ်ထက် မနည်း ဆန့်တာပေါ့လေ။ အဲဒါတွေကို စိစစ်ပေးဘို့ ကိစ္စမှာ အကိုလေးက ငြင်းခဲ့ပါတယ်။ ဒါကြောင့်မို့ "အကိုလေးတို့အဖွဲ့ ဒီကိစ္စ လက်မခံလိုက်တာ ဆိုးတာဘဲ၊ ဂီတအကြောင်းမှ ကေါင်းကေါင်း မသိတဲ့ စိစစ်ရေးက အရာရှိမင်းယောက်ျား၊ မင်းမိန်းမတွေ လက်ထဲ ရောက်သွားတော့ စာသားတင်ရချရ ကိစ္စတွေမှာ မသက်မသာ လိုက်ရှင်းနေရတယ်။ ကြားပွဲစားတွေ ပါလိုပါ၊ လာဘ်မမြင်လို့ နှေးတာရော၊ မကြည်လို့ ခေါက်ထားတာတွေရော၊ အခွေထုတ်မယ့်ရက် ပျက်ပေါင်းများတော့ စိတ်ညစ်စရာကြီးပေါ့၊
သူတို့ဟာ ပေးလာတဲ့ အခွင့်အရေးဘဲ အကိုလေးတို့ ဘာလို့ လက်မခံရတာလဲ၊ ဂီတကိစ္စ ကိုယ့်အပိုင်းက ပိုသိတဲ့ဟာကို - ယူထားလိုက်ရင် ပြီးရော - ဘယ် မောစရာတွေ ဖြစ်တော့မလဲ" လို့ မာအေးက ဂြိုဟ်ထိုးခဲ့တာပေါ့။

'အကိုလေး' တို့ 'ကိုကို'တို့ကို အဖေလို့ ခေါ်ဖြစ်တဲ့ အထိ ရင်းနေလို့လဲ ပြောရဲဆိုရဲရှိတာပါရှင်။ မာအေးရုပ်ရှ်ရိုက်ဖြစ်တော့လဲ အကိုလေးက ဒါရိုက်တာ ဆရာကြီးမို့လား - ဘေးမဲ့ပေးထားတဲ့သဘော နေမှာပါ။

"တို့ကေါင်တွေ စာပေစိစစ်ရေးမှ အဲဒီလို သီချင်း ၀င်ပြီး စစ်ဆေးခွင့်များ ရသွားလို့ရှိရင်၊ လာဘ်စားတာတွေ ဘာတွေ ဖြစ်ကုန်နိုင်တယ်၊ တို့လောက နာမည်ပျက်သွားမှာပေါ့ဟ၊ ဒါမျိုးဖြစ်မှာစိုးလို့ လက်မခံလိုက်တာပါ" လို့ဘဲ ပြန်ပြောပါတယ်။ အကိုလေးက လူကြီးတွေးနဲ့ တွေးပြောတယ်လို့ နားလည်ရပါတယ်။ သည်းညည်းခံတဲ့ စိတ်လဲ အပြည့်ရှိတဲ့ပုဂ္ဂိုလ်ပါဘဲ။

မာအေးသာ သူ့နေရာမှာ ဆိုရင်တော့ ဟိုလူကြီးမင်းတွေ တာဝန်ပေးချင်တဲ့ ကိစ္စကို လက်ခံလိုက်မှာဘဲ။ ကိုယ့်ထဲ ကိုယ့်ယာက ဘယ်သူဘဲဖြစ်ဖြစ်ပေါ့လေ။ တံစိုးလက်ဆောင်ဝါးလို့၊ မတော်မတရား လုပ်လို့ကတော့ ခြေမ မကေါင်းခြေမ၊ လက်မ မကေါင်း လက်မ၊ ဒီစံနစ်နဲ့ ရှင်းရမှာပေါ့လို့ တွေးခဲ့တာကိုးရှင့်။ တရားတဖက်နဲ့ ဓါးတလက်နဲ့ နေသူပါလို့ ကြွေးကြော်ထားသူဘဲ၊ မကေါင်းတာလုပ်ရင် မကေါင်းတဲ့အတိုင်း နေပေ့စေပေါ့နော၊ သဘော ပြောတာပါ၊ ခုတော့လဲ ဒီအတိုင်း ဆက်နေကြရတယ် ထင်ပါရဲ့၊ ဟိုတုန်းကတည်းကသာ ဂီတဥပဒေသ မူလအသိတွေနဲ့ ဖိဖိစီးစီး စာကိုလဲ စာအလျှောက်၊ အသံဆိုလဲ အသံအလျှောက်၊ ဂီတာအရေးနဲ့ အသံဖန်တီးပေးနိုင်တဲ့ ဆရာ့ဆရာများ လက်မှာ ထားပြီး ထိန်းမတ် ကူညီခွင့်ရှိခဲ့မယ် ဆိုရင် ခုလို မဆင်မချင် ဒေါင်ဒေါင်ဒင်ဒင်တွေချည်း စင်ပေါ် မရောက်လောက်ဖူးပေါ့လို့ သတိရသေးတာဘဲ၊

ပျက်ပြယ်သွားခြင်းခံရတဲ့ မြန်မာနိုင်ငံ ဂီတပညာရှင်များ အဖွဲ့ချုပ်ဟာ အဲဒီ လွတ်သွားတဲ့ငါးလို အခွင့်အရေးကို ပြန်ပြီး ဆယ်ယူ အသက်သွင်းဘို့ ကျိုးစားတဲ့ ဂီတချစ်သူများအဖွဲ့လို့ စဉ်းစားကြည့်ရင်း မြင်လိုက်ပါ။ ဒီ ဂီတအုပ်စုလေးမှာ အစဉ်သဖြင့် ဂီတကို စံနစ်တက မဟာဂီတ မြန်မာမှုနဲ့
စခဲ့ကြသူတွေ အများစု ရှိနေတဲ့အတွက် အဖက်ဖက်က မြန်မာသံမကျ - မကွယ် မပစေရအောင် လုပ်ဆောင်ကြဘို့ သဘောမတူစရာ ဘယ်မှာ ရှိပါ့မလဲ လို့ ယူဆထားရာကနေပြီးတော့မှ အာဏါတွေ ပါဝါတွေ ပေါ်ထင်ချင်တာတွေ ဖြစ်နိုင်တဲ့၊ အခွင့်အရေးတွေ ရနိုင်တဲ့ အကြောင်း တွေ့လာတော့ စိတ်ပြောင်းသွားနိုင်တာပေါ့လေ။ ဟိုး ရှေးရှေးတုန်းက အကြောင်း မကေါင်းတဲ့သူတွေကို စောင်းမြောင်း စပ်ဆိုဖူးတဲ့ သီချင်းလေးထဲကလိုဘဲ 'ငါတို့ဋ္ဌာနီစားခွက်လုကြသည်' လို့ ပြန်ဆိုပြရမယ့်ကိန်း ဆိုက်လာတာ မဆန်းပါဘူး။ ခြံကူးတို့ သာကူးတို့ ဗူးပေါ်သလို ပေါ်လာတော့လဲ ကိုယ်က သူတို့နဲ့ ဝေးဝေးနေမှ ကေါင်းမှာလား၊ နီးမှ ကေါင်းမှာလား၊ ညှိရကေါင်းမလား၊ ဖြတ်မှ ကေါင်းမလား၊ ဝေတေ၀ါးတား မဖြစ်တော့ဘူးပေါ့ရှင်။ မာအေးတို့နိုင်ငံက စာချစ်သူ - စာဖတ်သူတို့အကြိုက်၊ နာမည်ကျော် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ 'ငှက်တို့၏တေး' ခေါ်တဲ့ ကဗျာလေးထဲက တပိုဒ် ဟစ်ပြလိုက်ရင် သိမယ် ထင်ပါရဲ့။

မလိုက်ရဲလျှင်တော့
အသိုက်ထဲမှာဘဲ ကျန်ခဲ့လေ။ ။
တနေ့ နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွဲ့
ငှက်ဆိုတာက ပျံရင်း သေ။

[မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာမှ]



BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

Comments