ကဗျာဆရာ လှသန်း
(၁၉၆၃ - ၂၀၁၁)
တာရာဝေယံ၊
အောက်တိုဘာ ၂၃၊ ၂၀၁၁
မြန်မာစစ်အစိုးရ
အဆက်ဆက်အောက်မှာ ကလောင်အမည်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် ပိတ်ခံခဲ့ရပေမယ့်
ကဗျာရေးသားခြင်းကို မစွန့်လွှတ်တဲ့ ကဗျာဆရာ ကိုလှသန်း (၄၉ နှစ်) ဟာ ၂၀၁၁
အောက်တိုဘာ ၂၂ ည ၉ နာရီ ၂၀ က
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကျောက်ကပ်ရောဂါဆောင်မှာ ကွန်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
“မနေ့ညနေက လန်းလန်းဆန်းဆန်းနဲ့
ဆေးရုံရှေ့ထွက်ထိုင်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောတယ်။ ဒီတခါတော့ သေပြီ ထင်တာ၊
အခုလိုဆိုရင် မသေတော့ဘူးကွာ။ လာတဲ့သူတွေက အရမ်းများတော့ ငါလည်း စိတ်ရှုပ်တယ်ကွာ။
ဒီညနေ အမဲအူပြုတ်နဲ့ ထမင်းစားဦးမယ်ကွာ” လို့ဆိုပြီး ကိုလှသန်းက
ပြောခဲ့တယ်လို့ ကဗျာဆရာ မိုဃ်းဇော်က ပြောပြပါတယ်။
“ဒီတခေါက် ဆေးရုံတင်တာ
ပြီးခဲ့တဲ့ စနေနေ့က ဆိုတော့ တပတ်လောက် ရှိပြီပေါ့။ မနေ့ညနေကတော့ အကောင်းပဲ။
မနေ့ညပိုင်းက စ ဖောက်သွားတာ။ ကျောက်ကပ် ၂ ခုစလုံး အလုပ်မလုပ်တော့ဘူး။
အဆုပ်ထဲမှာလည်း ရေတွေပြည့်နေတယ်။ ဆီးလည်း မသွားနိုင်တော့ သွေးအဆိပ်ဖြစ်တယ်လို့
ဆရာဝန်က ပြောတယ်။ ရက်ပိုင်းပဲ ခံတော့မယ်တဲ့” လို့ ကိုလှသန်းရဲ့
မိသားစုဝင်တဦးက ပြောခဲ့ပါတယ်။
ကိုလှသန်းဟာ ၁၉ ၈၇၊ ၁၉ ၉ ၉ ၊
၂၀၁၁ မတ် ကာလတွေမှာ ကျောက်ကပ်ရောဂါနဲ့ ဆေးရုံ ၃ကြိမ် တက်ခဲ့ရပါတယ်။ ယခုအကြိမ်ဟာ
ကျောက်ကပ်ရောဂါနဲ့ ၄ ကြိမ်မြောက် ဆေးရုံတက်ရတာဖြစ်ကြောင်း သိရပါတယ်။
ကဗျာဆရာလှသန်းဟာ ၁၉ ၉ ဝ
ခုနှစ်တုန်းက ကျောင်းသားတပ်မတော် ABSDFနဲ့ ဆက်သွယ်လို့ အင်းစိန်အကျဉ်းထောင်မှာ
နိုင်ငံရေးအကျဉ်းသားအဖြစ် ၃ နှစ် ကျော် နေခဲ့ရပါတယ်။
ကိုလှသန်းဟာ
ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၈ ယောက်အနက် ဒုတိယသားကြီး ဖြစ်ပါတယ်။ ငယ်စဉ်က
စပြီး စာဖတ်၊ သီချင်းနားထောင်၊ ပန်းချီဆွဲ၊ ဂစ်တာတီးနဲ့
ရုပ်ရှင်ကြည့်ခြင်းတို့ကို အရသာတွေ့ခဲ့တယ်။ အသက်မွေးဝမ်းကြော်းအမျိုးမျိုး
ပြောင်းခဲ့ပေမယ့် ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကို ဘ၀ရဲ့ တသက်တာအလုပ်အဖြစ်
ခံယူထားသူ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ စာသင်ပြသူတဦနဲ့ နှစ်ဦသဘောတူ
ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။
၁၉၈၂ မိုးဝေမဂ္ဂဇင်းမှာ ပါတဲ့
“ဆူးလေရဲ့ ရာဇ၀င်” ကဗျာဟာ သူ့ရဲ့ ပထမဦးဆုံး ပုံနှိပ်ကဗျာ ဖြစ်ပါတယ်။
၁၉၉၄ နိုဝင်ဘာ ဟန်သစ်မဂ္ဂဇင်းက
“ဖြောင်ချက်” ကဗျာကို အဲသည်အယ်ဒီတာအဖွဲ့ရဲ့ တနှစ်တာအကြိုက်ဆုံးကဗျာအဖြစ်
သတ်မှတ်ခံခဲ့ရပါတယ်။
“လက်” (၁၉၉၈ သြဂုတ်လ
ရနံသစ်မဂ္ဂဇင်း) ကဗျာက ၁၉၉၈ မန္တလေးစာဖတ်သူများရဲ့ အကြိုက်ဆုံးကဗျာဆု (နောင်တွင်
ထန်းရိပ်ညိုကဗျာဆု) ရရှိခဲ့ပါတယ်။
“အနေအထိုင် မတတ်မှုများ”
(၁၉၉၉ ဇူလိုင်၊ ရနံသစ်) ကဗျာက
ပြင်ဦးလွင်လူငယ်တွေ နှစ်သက်တဲ့အတွက် ငွေ ၃ သောင်း ဂုဏ်ပြုမှုကို
မ၈္ဂဇင်းတိုက်ကတဆင့် ပေးပို့ ချီးမြှင့်ခံရပါတယ်။
“တောင်အမေရိကကို သွားချင်တယ်”
(၂၀၀၅ ဒီဇင်ဘာ ရနံသစ်) ကဗျာက ၂၀၀၆ ခုနှစ် ပျဉ်းမနား အလယ်ရိုးမကဗျာဆု
ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
“အာရှတိုက်ရဲ့ တနေရာ” (၂၀၀၅
ဒီဇင်ဘာ နှလုံးအိမ်မဂ္ဂဇင်း) ကဗျာနဲ့ ၂၀၀၆ ရွှေအမြုတေ ကဗျာဆု ရရှိခဲ့ပါတယ်။
“ငါလည်း တနေ့” (၂၀၀၆ အောက်တိုဘာ
မဟေသီ) ကဗျာနဲ့ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့ပါတယ်။
“ဒီပင်္ဂရ” (၂၀၀၈ မေ၊ ချယ်ရီမဂ္ဂဇင်း)
ကဗျာဟာ မိစ္ဆာနဲ့ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့တဲ့ ဒီပဲရင်းမြို့ဝန်းကျင်က
သမိုင်းဝင်အဖြစ်အပျက်ကို ရေးသားခဲ့တာ ဖြစ်လို့ ကဗျာဖတ် ပရိသတ်တွေရဲ့ ရင်ကို
လှုပ်ခတ်ပြီး စာပေစိစစ်ရေးက နောက်ကြောင်းပြန်အရေးယူခံခဲ့ရတဲ့ ကဗျာတပုဒ်ဖြစ်ပါတယ်။
“ကဗျာ ၁၀၀ နှင့်
ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို “ကြည်မောင်သန်း” အမည်နဲ့ ၂၀၀၇ စက်တင်ဘာမှာ
ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲသည်စာအုပ်နဲ့ တော်ဘုရားကလေး စာပေဆု ရရှိခဲ့ပါတယ်။
၂၀၁၁ မတ်လ ၂၁ ကမ္ဘာကဗျာနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၀ မန္တလေးခေတ်ပေါ်ကဗျာဆု (ဒုတိယအကြိမ်)
အတွက် တနှစ်တာအတွင်း အနှစ်သက်ဆုံး ကဗျာဆရာအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ကဗျာဆရာ လှသန်း ဆိုတဲ့ အမည်ကို
စာပေစိစစ်ရေးပ ပိတ်ခဲ့တဲ့အတွက် ကြည်မောင်သန်း၊ နမိတ်ထွန်း၊ စံသိုက်၊
လိပ်ပြာသန့်သန့်၊ ရန်မခ၊ မောင်သီးသန့် စတဲ့ ကလောင်ပေါင်း မြောက်များစွာနဲ့ လူထုအတွက်
ကဗျာတွေကို ကြံ့ကြံ့ခံရေးသားခဲ့ပြီး …
“ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ
သေဖို့သာပြင်လို့ အရင်ကရေးခဲ့ဖူးပါတယ်။ အခုတော့ သေဖို့ အသင့်ပြင်ထားရင်း
ရှင်မယ့်ကဗျာတွေ ရေးဖြစ်ပါတယ်” လို့ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
(ဓာတ်ပုံ
မကွယ်လွန်မီ ညနေက ကဗျာဆရာ ဆေးရုံပေါ်က ရုပ်ပုံ)

Comments