ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်ပြည့်မွေးနေ့
ရန်ကုန်၊ အောက်တိုဘာ ၁၉၊ ၂၀၁၁
တာရာဝေယံ
တာရာဝေယံ

ကိုမင်းကိုနိုင်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ဆုမွန်တောင်းစကားကို မဖြိုးဖြိုးအောင်က ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။
မွေးနေ့အခမ်းအနားကို ဒီနေ့မနက် ၈ နာရီမှ ၁၂ နာရီထိ ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ သမိုင်း မြို့မပရိယတ္တိစာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗိုလ်ကြီးဝင်းထိန် အစရှိတဲ့ အဲန်အယ်ဒီခေါင်းဆောင်းများနှင့် မြို့နယ်အသီးသီးမှ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်များ၊ ဗကသကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနဲ့ ဖိတ်ကြားထားတဲ့ မိတ်သင်္ဂများ တထောင်ခန့်တက်ရောက်ခဲ့ကြပါတယ်။
ကြွရောက်လာကြသူများကို ကိုမင်းကိုနိုင်ရဲ့ဖခင် ဦးသက်ညွှန့်နှင့် ဇနီး၊ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နဲ့ မငယ်တို့က နို့စိမ်းခေါက်ဆွဲနဲ့ ဧည့်ခံခဲ့ကြပါတယ်။
မွေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပွဲဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်စူးကျင်းပတဲ့ပွဲဖြစ်တာမို့ ကိုယ်ကိုတိုင် တဦးချင်းစီကလဲ အဂတိတရား (၄) ပါးကနေ လွတ်ကင်းပြီး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ကိုမင်းကိုနိုင်ဆောင်ရွက်သယ်ပိုးခဲ့တဲ့ ဗကသသမိုင်းကို မိမိတို့ကလည်း ဆက်လက်ဆောင်ရွက်နေကြောင်းကို ဗကသမွေးနေ့သ၀ဏ်လွှာမှာ မဖြိုးဖြိုးအောင်က ဖတ်ကြားခဲ့ပါတယ်။
ချင်းအမျိုးသားပါတီမှ ဦးဇိုခမ်က ကိုမင်းကိုနိုင်နဲ့အတူ ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးအတွေ့အကြုံများကိုပြောကြားရင်း ခွဲထွက်ရေးမဟုတ်ဆိုတဲ့ ဖက်ဒရယ်မူကို တင်ပြပြောဆိုခဲ့ပါတယ်။
ကိုဇာဂနာက ကိုမင်းကိုနိုင်နဲ့ အထူးတိုက်မှာ (၄) နှစ်ကျော်နေခဲ့ရတဲ့ကာလတွေကိုပြောပြရင်း ကိုမင်းကိုနိုင်အတွက် မွေးနေ့လက်ဆောင်အဖြစ် အကျဉ်းထောင်မှ လွှတ်ပေးရန် နိုင်ငံတော်သမတကြီးကို ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာကြရန်အတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်ရဲ့အမဖြစ်သူ မငယ်က သူ့မောင်လေးကို ကျိုင်းတုံထောင်မှာ ထောင်ဝင်စာသွားတွေ့ရင်း ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကိုဖွဲ့ဆိုထားတဲ့ ကဗျာတပုဒ်ကို ဖတ်ပြခဲ့ပါတယ်။
မွေးနေ့ကို ဂီတအစီအစဉ်များနဲ့ ဆက်လက်ဖျော်ဖြေရာမှာ ကိုနေ၀င်းရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်”၊ ဆောင်းဦးလှိုင်၊ အက်စစ်အဖွဲ့မှ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဇေယျာသော်တို့အပြင် ကျောင်းသားကျောင်းသူများရဲ့ ပျံသာပျံပါခွမ်းဒေါင်းနီ အစချီတဲ့ ဗကသ သီချင်းသံများနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ သံတိုင်ကြားမှာ အနှစ် (၂၀) ကျော် အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်အပါအ၀င် ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုဇေယျာ၊ ကိုသက်ဇော်၊ ကိုဌေးကြွယ် အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းများအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လုံးဝလွတ်မြောက်ရေးအတွက် တက်ရောက်လာကြသူများက ဆုမွန်ကောင်းတောင်းရင်း အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ မှတ်တမ်းဓာတ်ပုံများ











Comments