နိုင်ငံတကာနဲ့
အမေရိကန်က လူထုအုံကြွမှုများ သဘောထားကွဲလွဲမှုများ
နိုင်ငံတကာသာဂိ၊
နိုဝင်ဘာ ၂၃၊ ၂၀၁၁
နိုင်ငံတကာနဲ့ အမေရိကန်မှာ အထွေထွေစီးပွားကြပ်တည်းမှုနဲ့
စီးပွားကျမှု ဖြစ်နေတယ်။ အဲသည်တော့ သတင်းခေါင်းစဉ်တွေက အဲသည်အကြောင်းတွေချည်းပဲ များပါတယ်။
အိမ်ထောင်စုတခုမှာ မွဲနေရင်၊ ကြပ်တည်းနေရင် မိသားစုတွေအချင်းချင်း သဘောထားတွေကွဲကြ၊
ရန်တွေဖြစ်ကြ ကွဲကြ ပြဲကြ ဖြစ်ကြမှာပါပဲ။ ဒါက သဘာဝဆိုတော့ နိုင်ငံတကာမှာလည်း တိုင်းပြည်တွေမှာ
စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ဆိုတော့ အုံကြွမှုတွေ၊ သဘောထားကွဲလွဲမှုတွေ ဆက်တိုက်ဖြစ်နေမှာပဲ
ဖြစ်ပါတယ်။
ဥရော၊
ဂရိနဲ့ အီတလီ စီးပွားရေးအကြပ်အတည်း
နိုဝင်ဘာ ပထမပတ်မှာ ဥရောပသမဂ္ဂက ဂရိကို
စီးပွားရေးကယ်တင်မှုလုပ်လိုက်တယ်။ နိုင်ငံမှာတင်နေတဲ့အကြွေး
၅၀%ကို ရင်းနှီးမြုပ်နှံသူတွေက လျှော်ပစ်လိုက်တယ်။ ဂရိအစိုးရ အသစ်ပြောင်းပြီးတော့ တိုင်းပြည်တွင်း
ခြိုးချန်ချွေတာပြီးနေဖို့ စည်းကမ်းတွေ သတ်မှတ်မယ်လို့ ဆိုတယ်။ သူဆပ်ဖို့ ကျန်နေသေးတဲ့အကြွေးတွေကိုလည်း
အီးယူက ကျားကန်ပေးမယ်ပြောတယ်။ သူ့နိုင်ငံအကြွေးက သူတို့တိုင်းပြည်ထုတ်ကုန်ရဲ့ ၁၂၀%
ရှိတယ်။ ပြောရရင် သူတို့က ရှာနိုင်တာထက် ပိုပြောပြီး ငွေကိုသုံးခဲ့လို့ဆိုပြီး အများက
ဝေဖန်တာ ခံရတယ်။
နောက်ပြီးတော့ လိုက်လာတာက အီတလီပေါ့။
ဂရိကို ကယ်ပြီးတာနဲ့ အီတလီ ပြုတ်ကျတာပဲ။ သူ့မှာက အကြွေး ၁၁၈% ရှိတယ်။ သူ့ကိုလည်း အီးယူက
ကျားကန်မယ်။ တိုင်းပြည်လဲ ချွေတာရေးလုပ်ရမယ်။ အစိုးရလည်း ပြုတ်တာပဲ။
သူ့အစိုးရငွေချေးစာချုပ်ကို ၀ယ်ကြမယ်ဆိုရင်
အတိုး ၇ ကျပ်တိုး အီတလီကပေးရမယ်။ သူက ပေးရမှာလေ။
ဂျာမဏီက ငွေလိုရင် အပြင်ကို ငွေချေးစာချုပ်ရိုက်ရောင်းရင် သူပေးတဲ့အတိုးက ၁ ကျပ် ပြား
၈၀ဖိုးရှိတယ်။ ယုံတော့ ၀ယ်စုကြတယ်။ နောက် ငမွဲဖြစ်မယ့်တိုင်းပြည်က စပိန်၊ သူ့ငွေချေးစာချုပ်က
အတိုး ၆ ကျပ်ဈေးရှိတယ်။ တရုတ်ကများ ၀ယ်မလားလို့ ဥရောပသားတွေက မျှော်နေကြလေရဲ့။
အမေရိကန်
လိုငွေပြမှု ဘတ်ဂျက်ကို မဖြေရှင်းနိုင်ပြန်
ဒီလ ကျေးဇူုးတော်နေ့မှာ အမေရိကန်အစိုးရရဲ့
ဘတ်ဂျက်မှာ ငွေ ၁.၂ ထီလျှံ (ဘီလျံ ၁ထောင်ပေါ့နော်)
လျော့ချနိုင်ဖို့ ဆူပါကော်မီတီ ၁၂ ဦးနဲ့ ရေးဆွဲတာ မလုပ်နိုင်တဲ့အကြောင်း လက်လျှော့လိုက်ကြောင်း
ထုတ်ပြန်လိုက်တယ်။ ပြိုင်ဖက်ပါတီ ၂ ခု ဖြစ်တဲ့ ဒီမိုကရက်နဲ့ ရီပတ်လစ်ကန်တွေဟာ လက်ရှိဒီမိုကရက်သမ္မတ
လက်ထက်မှာ ဘယ်အရေးကိစ္စကိုမှ သဘောတူညီချက် မရခဲ့ကြဘူး။
ဒီမိုကရက်တွေ ကွန်ဂရက်မှာ လူအင်အားအသာစီးရတုန်းက
ဥပဒေတွေ အတည်ပြုခဲ့စဉ်ကလည်း ရီပတ်ဘလစ်ကန်တွေနဲ့ အတိုက်ခံပဲ။ အခု ရီပတ်ဘလစ်ကန်တွေ ကွန်ဂရက်ထဲ
အသာစီးပြန်တော့လည်း သူတို့တွေက သမ္မတလုပ်သမျှ နိုး နိုး နိုးပဲ။
အခုအချိန်မှာတော့ဖြင့် အစိုးရမှာ လည်ပတ်ဖို့
ဝင်ငွေရဖို့အရေး ချမ်းသာသူများထံက အခွန်တိုးကောက်ဖို့ ပါတီ ၂ ခု ချိုချင်းဆိုင်နေကြလေရဲ့လို့
ပြောရမယ်။ အစိုးရဆိုတာက အခွန်တော်စနစ်နဲ့ လည်တယ်။ ငွေလိုရင်လည်း အာမခံတွေ၊ ချေးငွေတွေ
ထုတ်ရောင်းတယ်။ (အကြွေးယူတယ်ပေါ့ဗျာ။ မိသားစုတွေတော့ မလုပ်နိုင်ဘူး၊ အစိုးရတွေပဲ လုပ်နိုင်တယ်)။
အခု ထောက်ပြနေကြတာက ပြည်သူတွေက ၀င်ငွေခွန်ကို ၃၅ % ပေးရတယ်။ ပျမ်းမျှ။ အဲ ရင်းနှီးမြုပ်နှံလို့
ရတဲ့ အမြတ်ခွန်ကကျတော့ ၁၅ % ပဲ ရှိတယ်လို့ ထောက်ပြကြတယ်။
ယခင်တုန်းက ငွေကြေးဖောင်းပွတာတွေ၊ စီးပွားကောင်းတော့
လူတွေက ငွေတွေ အလုပ်အကိုင်ကနေ ၀င်ကြတာတွေ များပြားတော့ ၀င်ငွေခွန်က အစိုးရအတွက် အဓိကပေါ့ဗျာ။
ရင်းနှီးမြုပ်နှံလို့ ၀င်တဲ့ အမြတ်ခွန်ကို ရစ်ပတ်ဘလစ်ကန်အမတ်တွေက သူုတို့အာဏာရတိုင်းမှာ
လျော့ချခဲ့ကြတာ အခုတော့ ၁၅ % ပဲ ရှိတော့တယ် ပြောတယ်။ အခုစီးပွားကျနေတော့ လူတွေက အလုပ်မရှိ၊
ဝင်ငွေမရှိတော့ အခွန်မရှိ၊ သည်တော့ အခြားအမြတ်ခွန်တွေကို အစိုးရမျက်စောင်းထိုးတဲ့ဆီမှာ
အတိုက်အခံပါတီက အာဏာရအစိုးရကို ပေးမစားနိုင်တဲ့ သဘောလို့ ပြောနေကြတယ်။
အစိုးရကော လွှတ်တော်ကော ကိုယ့်လူချည်းသာ
ဆိုလို့ကတော့ စိတ်တိုင်းကျပေါ့လေ။ နိုင်ငံရေးသမားတွေများ ပြောပါတယ်။
တက္ကသိုလ်ထဲ
ရောက်လာတဲ့ ကျောင်းသားအုံကြွမှုသပိတ်တွေကို နှိမ်နှင်းပုံများ
ယခင်အပတ်က UC Berkeley မှာ ကျောင်းသားတွေက
ကျောင်းလခတွေ မိုးပေါ်တက်လို့ အုံကြွတယ်။ ပုလိပ်တွေက နံပါတ်တုတ်တွေနဲ့ ထိုးနှက်ပြီး
နှိမ်နှင်းလို့ ကျောင်းအုပ်တွေ အရှက်ရကြရတယ်။ လက်ရှိ UC Berkeley မှာ ကျောင်းသားတွေဟာ
ဆက်ပြီး အုံကြွနေဆဲပဲ။ ကျောင်းအာဏာပိုင်တွေကလည်း အစိုးရက ဘတ်ဂျက်တွေ ဖြတ်ထားလို့ ကျောင်းသားတွေဆီက
လခတိုးတောင်းရတာပဲလို့ ဆင်ခြေကို ခြေကန်ပြီး ပေးနေရတယ်။
ဒီတပတ်မှာတော့ဖြင့် UC Davis မှာ ကျောင်းသားတွေက
ကျောင်းလခတိုးတာကို ကန့်ကွက်ပြီး ထိုင်သပိတ်ကျင်းပတယ်။ ရင်ဘောင်တန်း လက်ချင်းချိတ်
ထိုင်နေတဲ့ ကျောင်းသားတွေရဲ့မျက်နှာတွေကို ကျောင်းပုလိပ်တွေက ငရုတ်ကောင်းပက်ဆေးဗူးတွေနဲ့
စိန်ပြေနပြေ ပက်ပြီး မှုတ်ပြီး ပက်ပက်စက်စက်ကြီး နှိမ်နင်းနေလိုက်တာများ၊ တီဗီမှာ ကြည့်မိတဲ့သူတွေဟာ
မခံမရပ်နိုင် ဖြစ်ကြရတယ်။ ကျောင်းသားတွေဟာ ခေါင်းတွေငုံပြီး ဘာမှပြန်မလုပ်ဘဲ ခံပြီး
တောင့်ခံပြီး ဆန္ဒပြနေရရှာတယ်။
နောက်ရက်တွေမှာ အဲသည်အမှုဟာ တနိုင်ငံလုံးမှာ
ကန့်ကွက်ဝေဖန်သံတွေ ဘ၀ဂ်ကို ညံသွားတဲ့နောက် ကျောင်းအုပ်ကြီးကို အလုပ်က ထွက်ဖို့အထိ
ပြင်းထန်တဲ့ ကန့်ကွက်ဆူပူမှုတွေ ဖြစ်ကုန်တယ်။ အခုတော့ ပုလိပ် ၂ကောင်နဲ့ ရဲမှူးကို ရာထူးက
ခေတ္တချပြီး စစ်ဆေးနေတယ်လို့ ပြောတာပဲ။
ဘယ်နိုင်ငံမှာဖြစ်ဖြစ် အုံကြွမှုမှာ ကျောင်းသားလူငယ်တွေဟာ
ရှေ့တန်းက ချီတက်ရတာပဲ။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ပုလိပ်တွေ ရဲတွေဟာ အဲသည်ကလေးတွေကို
ရက်ရက်စက်စက် ရိုက်နှိပ် ပစ်ခတ် ဖမ်းဆီး သတ်ဖြတ် နှိမ်နင်းရတာပဲ။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ်
အုပ်ချုပ်သူတွေ၊ ၀န်ထမ်းတွေ၊ လူကြီး မိဘတွေ၊ နိုင်ငံရေးသမားတွေဟာ နောက်ဆုံးကျတော့မှ
အချိန်ထပ်ဆွဲလို့ မရတော့မှ အနောက်ကျကြီး နောက်ကျမှ အလျော့ပေးစေ့စပ်တာ လုပ်ရတာပါပဲ။
(Blowing in the wind သီချင်းကို သတိရ)
ပင်စတိတ်က
လိင်တူချင်း အနိုင်ကျင့်မှုနဲ့ သဘောကွဲပုံများ
ပင်စီဗေးနီးယားပြည်နယ်တက္ကသိုလ်က အမေရိကန်ဘောလုံးအသင်းက
နံမယ်ကြီးတယ်။ သူတို့ အားကစားမှူး နည်းပြကလည်း ပွဲတိုင်းကျော်ဖြစ်တယ်။ သို့သော် ယခင်တပတ်မှာတော့ဖြင့်
သူတို့ အကြီးအကျယ် နံမယ်ပျက်တော့တာပဲ။ သူ့ရဲ့ လက်ထောက်နည်းပြက ၁၅နှစ်လုံးလုံး ကလေးတွေ
လူငယ်လေးတွေကို လိင်တူချင်း အနိုင်ကျင့်ဆက်ဆံမှုတွေ လုပ်ခဲ့တာ ဗူးပေါ်သလိုပေါ်ပြီး အစိုးရရဲ့
ဖမ်းဆီးအရေးယူခြင်းကို ခံရတော့တယ်။
ဆိုးတာက ဒါကို ပင်စတိတ်က နည်းပြတွေ၊ ဆရာတွေ၊
အုပ်ချုပ်သူတွေက တနည်းနည်းနဲ့ သိသော်လည်း ရေငုံနှုတ်ပိတ်နေတာ ၁၅ နှစ်တောင်ကြာတယ်ဆိုတာပဲ။
တိုင်တဲ့ လက်ထောက်ဆရာတယောက်က အထက်ကို တင်ပြခဲ့တာ ကြာပြီတဲ့ဗျာ။ အခုတော့မှ ကလေးတွေထဲက
ထွက်ပြီး တိုင်တာ ပြောဆိုစွပ်စွဲတာတွေ လုပ်မှ အစိုးရက အရေးယူရတဲ့အဖြစ်။ အဲဒါနဲ့ ကျောင်းအုပ်ကြီးနဲ့
ပွဲတိုင်းကျော် နည်းပြကြီးကို ကျောင်းဘုတ်အဖွဲ့က ရာထူးက ချက်ခြင်းထုတ်ပြီး အရေးယူလိုက်တယ်။
သို့သော် ဖြစ်ချင်တော့ ပင်စတိတ်အသင်းက ဖိုင်နယ်ပွဲတွေ
ကစားနေတဲ့အချိန်ကောင်းကြီးမှာ နည်းပြကြီး အဖြုတ်ခံရတော့ ရည်မှန်းချက်ကြီးမားတဲ့ အားကစားဝါသနာရှင်
ကျောင်းသား ၁ ထောင်ကျော်ဟာ တက္ကသိုလ်ထဲမှာ ဆူပူ သောင်းကျန်းပဲ ကန့်ကွက်ဆန္ဒတွေ ပြထည့်လိုက်တာ
သတင်းယူတဲ့ တီဗီစတရှင်တခုက ကားကို မှောက်ပစ်၊ ဓာတ်တိုင်တွေ ချိုးပစ် ဖြစ်ကုန်တော့တာပဲတဲ့။
နောက်တရက်ကျတော့မှ ကျောင်းသားအများစုက အဲသည် သောင်းကျန်းသူအားကစားဝါသနာရှင်တွေကိုယ်စား
အရှက်ကြီး ရှက်မိကြောင်း ပြန်လည် တုန့်ပြန်ပြောဆိုကြလေတယ်။
စဉ်းစားကြည့်လေ ၁၅ နှစ်လုံးလုံး ကလေးသူငယ်တွေ
ဆယ်ကျော်သက် လူငယ်လေးတွေကို သက်ကြားရွယ်အို လက်ထောက်နည်းပြကြီးက လိင်တူချင်း အနိုင်ကျင့်ဆက်ဆံနေတာကိုတော့
ကန့်ကွက်ဖို့၊ ရှုတ်ချဖို့ မစဉ်းစားနိုင်ကြဘူး။ ကိုယ်ရဲ့ ညီငယ်လို ကလေးတွေရဲ့ သနားစရာဒုက္ခငရဲကို
ကိုယ်ချင်းစာ သနားဖေးမဖို့ စိတ်မပေါ်နိုင်ဘဲ သူတို့အားကစားအသင်းကြီး အရေးနိမ့်ပါချည်ရဲ့ဆိုပြီး
ဆူပူသောင်းကျန်းရဲကြတာကို အခြားကျောင်းသားတွေက ရှက်ကြတာပေါ့ဗျာ။ နောက်နေ့ ဘောလုံးပွဲမှာတော့
လိင်တူချင်း စော်ကားအနိုင်ကျင့်ခံရတဲ့ ကလေးလူငယ်များကို စာနာတဲ့ လက္ခဏာအဖြစ် ပရိသတ်တွေက
အကျီအပြာတွေ ၀တ်ပြီး ကစားပွဲကို လာကြည့်ကြတယ်၊ အင်အားပြကြတယ်လို့ ဆိုပါတယ်။
အုံကြွတာတွေ၊
သဘောထားကွဲတာတွေက သဘာဝပဲ။ ရှေ့ဆက်နိုင်ဖို့က အဓိကပါ
သတင်းတွေက စိတ်ညစ်စရာပါ။ သို့သော် အဖြစ်တွေအားလုံးဟာ
အဲသည်မှာတင် မတ်တပ်ရပ်လို့ လမ်းမှငိုနေတာနဲ့ ပြီးတာ မဟုတ်ပါ။ သတင်းတွေ အဖြစ်အပျက်တွေဟာ
ရှေ့ဆက်ပြီး သွားနေပါတယ်။ မှားရင်ပြင် မှန်တာလုပ်တာက အရေးကြီးတယ်လို့ သုံးသပ်ကြပါတယ်။
နောက်တခုကတော့ အမေရိကန်ရဲ့ ထူးခြားတဲ့ အလှတခုကတော့ ရှုံးနိမ့်ခြင်းရဲ့ အလှဖြစ်ပါတယ်။
အောင်နိုင်သူတွေကိုချည်း အလှဆင်တာမဟုတ်။ သူတို့က ရှုံးနိမ့်တာကိုလည်း အလှတခု၊ အနုပညာတခု၊
သင်ခန်းစာတခုလို သဘောထားတယ်လို့ ဆိုကြတယ်။
သူတို့တက္ကသိုလ်၊ ရပ်ကွက်၊ ကျောင်း၊ စာပေအနုပညာနဲ့
သတင်းစာတွေမှာ ရှုံးနိမ့်တာ၊ ပျက်စီးဆုံးရှုံးတာတွေကို လေ့လာသင်ယူ ထုတ်ဖော်ပြောဆို သုတေသနလုပ်ပြီး
ချီတက်ကြတယ်လို့ တိုင်းမ်စ်မဂ္ဂဇင်းရဲ့ အထူးထုတ်တခုမှာ မှတ်သားဖူးပါတယ်။ အိုဘားမားနဲ့
ဒီမိုကရက်ကို ရှုံးသွားတဲ့ ရစ်ပတ်ဘလစ်ကန်တွေနဲ့ ရှေးရိုးစွဲတွေဟာ နောက်တနှစ်အတွင်းမှာ
တီးပါတီလှုပ်ရှားမှုနဲ့ နိုင်ငံရေးစင်မြင့်ပေါ်ကို ပြန်တက်လာတယ်။
အခုကျနော်တို့တွေ သဘောထားတွေ ကွဲကြ၊
အုံကြွကြ ဆိုတာလည်း သင်ယူခြင်း တမျိုးပဲပေါ့။








Comments