ထောက်လှမ်းရေးစခန်းတွင် ကွယ်လွန်ခဲ့သည့် ဦးမောင်ကိုအကြောင်းသည် သူကွယ်လွန်ပြီး ၂၁ နှစ် ပြည့်ချိန်တွင် ထွက်ပေါ်လာသည် (ဓာတ်ပုံ - DVB)
စစ်အစိုးရလက်ထက် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် ဦးမောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။
ဦးမောင်ကိုကို အမှတ်ရတဲ့အနေနဲ့ ဦးမောင်ကိုရဲ့သမီးထွေး မဆွေဆွေက “မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တပွင့်” အမည်နဲ့ ဖခင်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ထဲမှာ စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းမှာ အသက် ဆုံးခဲ့ရတဲ့ ဦးမောင်ကိုရဲ့ ဖြစ်ရပ်တွေ အပါအဝင် နှစ် ၂၀ ကျော်ကာလမှာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးလောက အခြေအနေတွေကိုပါ ဖော်ထုတ်ထားပါတယ်။
စာအုပ် ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို စာရေးသူ မဆွေဆွေက “ကျမတို့ မိသားစု အခု ခံစားခဲ့ရတယ်နော်။ ဒီလို အဖြစ်မျိုး ဖြစ်ခဲ့တယ်ဆိုတာ ဗမာပြည်ထဲမှာ ဥပမာ တခုအနေနဲ့လို့ပဲ ကျမက ရည်ရွယ်တာ။ ကျမတို့ မိသားစုလို အဖြစ်မျိုးတွေ၊ ဒီ့ထက်ဆိုးတဲ့ အဖြစ်တွေ၊ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဗမာပြည်မှာ ဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ မိသားစုတွေက သေကွဲ ရှင်ကွဲ အမျိုးမျိုးနဲ့ ကွဲခဲ့ရတယ်။ အဲဒီတော့ အဲဒီ ဒီခံစားခဲ့ရတဲ့ လူတွေ အားလုံးရဲ့ ဒုက္ခတွေ အားလုံးကို ဒီစာအုပ်လေး တအုပ်က ကိုယ်စားပြုမယ်လို့ ကျမ မျှော်လင့်ပြီးတော့ ဒီဟာလေးကို ရေးတယ်။ ကျမရဲ့ ပုဂ္ဂလိက ခံစားချက် တခုတည်းကို တင်ပြချင်တာထက် ဒါမျိုးဟာ တကယ်ဖြစ်ခဲ့တယ်၊ ဒါမျိုး အဖြစ်တွေဟာ ဖေဖေ့ ကိစ္စတင် မဟုတ်ဘူး အများကြီး ရှိနေသေးတယ် ဆိုတာကို ကျမ ရည်ညွှန်းပြီးတော့ ဒီစာအုပ်လေးကို ရေးဖြစ်ဖို့ ဖြစ်လာတာပါ။”
စာမျက်နှာ ၂၀၀ ပါဝင်တဲ့ ဒီစာအုပ်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့က အမှာစာ ရေးသားပေးထားကြပါတယ်။
ဒါ့အပြင် ဦးမောင်ကိုရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း၊ ဦးဇင်လင်းနဲ့ ဒေါ်ခင်မိုးမိုးတို့လည်း အောက်မေ့ဖွယ် ဆောင်းပါးတွေ ရေးသားထားကြပါတယ်။
ဦးမောင်ကိုဟာ မြန်မာ့ဆိပ်ကမ်းမှာ မန်နေဂျာအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန် ထမ်းခဲ့ပြီး ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်မှုကြောင့် သူ့ကို အာဏာပိုင်တွေက အငြိမ်းစားပေးလိုက်ပါတယ်။
ဒီနောက် ဦးမောင်ကိုဟာ စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်တဲ့ နောက်ဆုံးအချိန် ၁၉၉၀ ပြည့်နှစ် အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်သမား လုပ်ငန်း အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်သွားပါတယ်။
ဦးမောင်ကိုရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးမှာ တွေ့ရှိသူတွေက အကြောင်းကြားမှ မိသားစုက သိရသလို သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာ အများအပြားကို တွေ့ခဲ့ကြရပါတယ်။
ဦးမောင်ကို ကျဆုံးခြင်း ၂၁ နှစ်ပြည့်မှာ အောက်မေ့ဖွယ်အဖြစ် မိသားစုက ဒီနေ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်ဖျား ကျောင်းတိုက်မှာ ကျင်းပပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းသွားပါတယ်။
မူရင်း - ဒီမိုကရက်တစ်မြန်မာ့အသံ http://burmese.dvb.no/
Comments