Burmese reporters restricted for coming Clinton Trip


ဟီလာရီ ကလင်တန် ခရီးစဉ် သတင်းယူခွင့် တင်းကြပ်စွာကန့်သတ်ထား
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂၀၁၁
လာမည့် အင်္ဂါနေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်းလိုက်ပါသတင်းယူမည့် ပြည်တွင်းသတင်းထောက်များ အရေအတွက် ကန့်သတ်ထားသည့်ပြင် ကိုယ်ရေးရာဇ၀င်နှင့် ဓါတ်ပုံလေးပုံကိုလည်း ယနေ့ညနေ နောက်ဆုံးထား၍ စာပေစိစစ်ရေးသို့ တင်ပြရမည်ဟု ပြည်တွင်းသတင်းထောက်များကပြောသည်။
ဟီလာရီ ခရီးစဉ်အတွင်း သတင်းယူမည့် သတင်းဂျာနယ်တိုက်များကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနမှ ပြည်တွင်းဂျာနယ်တိုက်များသို့ ယနေ့ နံနက်ပိုင်းတွင် ဆက်သွယ်၍ ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်ဟုလည်း သတင်းထောက်တဦးက ပြောသည်။
“ဓါတ်ပုံလေးပုံနဲ့ ကိုယ်ရေး ရာဇ၀င်ပါဖြည့်ရတယ်။ သတင်းဂျာနယ်တိုက်တတိုက်ကနေ ဘယ်နှယောက်ပဲ လိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်း ရှိတယ်”
ဟု ယင်းသတင်းထောက်ကပြောသည်။
သတင်းလိုက်ပါရယူခွင့် အတွက် မည်သည့်အတွက်ကြောင့် ယခုလို ဓါတ်ပုံလေးပုံနှင့် ကိုယ်ရေးရာဇ၀င်တောင်းယူရသည်ကို နားမလည်နိုင်ဟုလည်း ၎င်းကပြောသည်။ လိုက်ပါခွင့်ပြုသည့် ပြည်တွင်းမီဒီယာများတွင် စာပေစိစစ်ရေး၌ မှတ်ပုံတင်ထားသည့် သတင်းဂျာနယ် အုပ်စုတွင်ပါဝင်သည့် ဂျာနယ်များ၊ အစိုးရ အသိအမှတ်ပြု ပြည်ပသတင်းဋ္ဌာနများတွက် လုပ်ကိုင်လျှက်ရှိသည့် ပြည်တွင်းသတင်းထောက်များသာပါဝင်ပြီး အလွတ်သတင်းထောက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာနများ မပါဝင်ပေ။
သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်ကို အလေးထားသည်ဟု ပြောဆိုသော်လည်း သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်လျှက်ရှိသူတိုင်း တန်းတူ သတင်းရယူခွင့်မရှိခြင်းနှင့် နောင်လာမည့် လွှတ်တော်တွင် အတည်ပြုရန် ရှိသည့် မီဒီယာဥပဒေတွင် ယခုလိုကန့်သတ်ခြင်းမျိုး ထည့်သွင်းထားရန် မသင့်ဟု ပြည်တွင်း သတင်းထောက်အချို့က ဝေဘန်ပြောဆိုလျှက်ရှိသည်။
ယခုလ ၁၄ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲသို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်မှ  ဖိတ်ကြားရာတွင် “ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအားလုံး”  ဆိုသည့်စကားလုံး ပါဝင်ပြီး ပြည်ပအခြေစိုက်မီဒီယာများအတွက်  ပြည်တွင်းမှ လုပ်ကိုင်ပေးနေသည့် သတင်းသမားများအား အသိအမှတ်ပြု ဖိတ်ကြားထားသည်ကိုတွေ့ရသည်။
ဟီလာရီ ကလင်တန်၏ ခရီးစဉ်သည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအဆင့်ရှိသူ မြန်မာနိုင်ငံသို့ လာရောက် နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးလာရောက်သည့် ခရီးစဉ်တခုဖြစ်သလို သမ္မတ ဦးသိန်းစိန် အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လိုသည့် လက္ခဏာများ မြင်တွေ့နေရသည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။

Comments