Interview with Cho Tu Zaw (Final Part)

ချိုတူးဇော်နဲ့ စကားလက်ဆုံ (၄) နောက်ဆုံးပိုင်း
မိုးမခ၊ နိုဝင်ဘာ ၃၊ ၂၀၁၁
မေး။    ။ ဒီတပတ်တော့ ခင်ဗျားနဲ့ အင်တာဗျုးကို ဇာတ်သိမ်းခန်းရိုက်ကြစို့ဗျာ။ အခုတလော ခင်ဗျားကိုယ်တိုင်ကလည်း အိုင်အိုဝါတက္ကသိုလ် စာရေးဆရာအစီအစဉ်မှာ ကိုယ်ဖန်တီးထားတဲ့ ရုပ်ရှင်တကားဖြစ်တဲ့ "အချစ်အကြောင်းပြောကြရအောင်" ဆိုတဲ့ကားကို ပြပြီးတော့ မြန်မာလူမှုဘ၀ကို ထင်ဟတ်ပြသနေတယ်လို့ ကြားတယ်။ မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာမှာ ကိုရီးယားကားတွေလိုမျိုး ပေါ်ပြူလာဖြစ်အောင် လုပ်ပြနိုင်မယ်လို့ မထင်ဘူးလား။
ဖြေ။     ။ ဒီကိုထွက်မလာခင်လေးတင် ဆင်ဆာအဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦးနဲ့ စကားအချေအတင်ဖြစ်ရတယ်။ အဓိကက ဂျာနယ်တစောင်ရဲ့ အင်တာဗျူးမှာ ၀ဿန်ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်လို့ ဝေဖန်လိုက်လို့ဗျ။  အဲဒီဂျာနယ်မှာ ကျနော်က ၀ဿန်ရုပ်ရှင်ပွဲတော် ပေါ်လာတာကို အင်မတန်မှ ၀မ်းသာတယ်၊ ဒါ မြန်မာ့ရုပ်ရှင်တိုးတက်လာစေမယ့် အထောက်အကူတခုလို့မြင်တယ်၊ ဒါပေမယ့် အတတ်နိုင်ဆုံး ပြန်ကြားရေးက ၀င်မပါပါနဲ့။  မပါလေကောင်းလေ၊ မပါမှ ကောင်းမှာ လို့ပြောလိုက်တာ။ အဲဒီမှာ ဒေါသူပုန်ထပြီး ကျနော် ထုတ်လုပ်ရေးတိုက်တတိုက်ရောက်နေတဲ့အချိန်၊ သူကလည်း အဲဒီထုတ်လုပ်ရေးတိုက်ကို ဖုန်းဆက်ရင်း ကျနော်ရောက်နေမှန်းသိလို့ ခေါ်ပြောရင်း ကောင်းကောင်း ကြိမ်းတော့တာပဲ။ ကျနော်ပြောချင်တဲ့ လွတ်လပ်တဲ့ အခြေအနေတခုမှာမှ ရုပ်ရှင်ဟာ အနုပညာဟာ တိုးတက်မယ်ဆိုတာ သူ နားလည်ပုံမရပါဘူး။ ဌာနဆိုင်ရာအသီးသီးမှာ စစ်ဗိုလ်တွေရဲ့စီမံခန့်ခွဲမှုတွေ ရှိနေသေးသရွေ့ ရုပ်ရှင်မတိုးတက်သလို မြန်မာပြည်လည်းမတိုးတက်နိုင်သေးဘူးလို့ပဲ မြင်မိတယ်။

မေး။    ။အဲသည်ကြားထဲက "အချစ်အကြောင်းပြောကြရအောင်" ကို ဘယ်လိုခွင့်ပြုချက်နဲ့ ပြသနေတာလဲဗျာ။
ဖြေ။     ။ ဒီိကိုလာခါနီးမှာ အိုင်ဒဗလျူပီ (Iowa University – International Writings Program) ရဲ့ အစီအစဉ်တခုဖြစ်တဲ့ ရုပ်ရှင်ပြတဲ့အစီအစဉ်မှာ ကျနော့်ကားတကားကားကို မြန်မာ့အနုပညာကို ပြသဖို့ သက်သက်အတွက် သုခမိန်ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ “အချစ်အကြောင်းပြောကြရအောင်” ကို ကျနော်ပြဖို့အားထုတ်တယ်။ ဒီမလာခင်လေးတင်ကမှ ပြီးအောင်တည်းဖြတ်၊ နောက်ခံအသံလိုတာတွေထည့်ပြီး၊ ပရိုဂျူဆာကို ခွင့်တောင်းတယ်။ ပရိုဂျူဆာ ဦးကျော်ကျော်က နားလည်စွာနဲ့ သဘောတူခွင့်ပြုပါတယ်။ ဒါကြောင့် ဇာတ်ကားမှာ စီတီဇက် (ctz) လိုဂိုကလေးနဲ့ ဒီဗီဒီ ကော်ပီတချပ်ကို ထုတ်ပေးတယ်။ ကျနော်က စာတန်းထိုးဖို့ကို ချက်မှာ ကျောင်းတက်နေတဲ့ မဝေမာညွန့်ကို အကူအညီတောင်းထားခဲ့တယ်။ အဲသည်မှာ ခုနင်ကပြောသလိုပဲ … ဖုန်းထဲကနေ ဒီကိစ္စကို မေတ္တာလှမ်းရပ်ခံပေမယ့် အဲဒီညွှန်မှူးက ကျနော့်ကို ဆင်ဆာမကျသေးမချင်း၊ ဘာမှ လုပ်မပေးနိုင်ဘူး လို့ငြင်းတဲ့အတွက် ကျနော်နဲ့တပါတည်း ယူမလာနိုင်ခဲ့ဘူး။ နောက်နေ့ မဝေမာညွန့်က စာတမ်းထိုးဖို့အတွက် အေဗီအိုင် (avi) ဖိုင်တောင်းပြန်တော့ ပရိုဂျူဆာက ဆင်ဆာရုံး က ဖုန်းဆက်လို့ မပေးရဲတော့ဘူးတဲ့ဗျာ။ ဒီလိုနဲ့ ကျနော့်မှာ နိုင်ငံတကာပရိတ်သတ်တွေကို ဒီဗီဒီကနေပြန်ကော်ပီချပြီး ဆူညံသံတသောသောနဲ့ ကားကို တောင်းတောင်းပန်ပန်နဲ့ပြရပါတယ်။ 

မေး။    ။ နိုင်ငံတကာက လာတဲ့ အနုပညာသည်တွေကြားထဲမှာ ခင်ဗျားရဲ့ မြန်မာကားက ဘယ်လိုတိုးနိုင်မှာလဲဗျာ။
ဖြေ။     ။ ကိုယ့်ရှေ့မှာ ပြသွားတဲ့မောင်တွေက အမျိုးမျိုးလက်စွမ်းတွေပြထားလိုက်ကြတာ၊ အလင်းအမှောင် အယူအဆတွေ၊ နောက်ခံအသံတွေ အားကောင်းကောင်းနဲ့။  ကျနော့်အလှည့်ကျတော့ ဒီတနှစ် အိုင်ဒဗလျူပီမှာ ပါလာတဲ့ ရုပ်ရှင်သမား ၄ ဦးရဲ့ကားတွေကို ကျနော်တို့ ကြည့်ပြီးပါပြီ၊ တကယ့်ကို အနုပညာမြောက်လှတဲ့ ရိုက်ချက်တွေကို ခင်ဗျားတို့ကျနော်တို့ကြည့်ခဲ့ရပါတယ်၊ ခု မတူထူးခြားတဲ့ အနုပညာမမြောက်တဲ့ ရုပ်ရှင်ကို ကြည့်စားတော်မူကြပါ လို့ အရင်စကားခံလိုက်တယ်။
သူတို့ဝေါခနဲပွဲကျသွားတယ်။ နောက်ကားကို စ ပြလိုက်တယ်။
အဲသည်မှာ ကျနော့်ရုပ်ရှင်ရဲ့ ဇာတ်လမ်းတွေက စာရေးဆရာမ မစန္ဒာရဲ့ ၀တ္ထုတို သုံးပုဒ်ကို ယူပြီး ရိုက်ထားတာနော်။ "အမေချက်တဲ့ ပုစွန်ကျားခုနစ်ကောင်"၊ "သူ့ကုသိုလ်"၊ "သည်သို့ပင်မျှော်လင့်မိပါသည်"။ စသဖြင့် ၀တ္ထုတိုသုံးပုဒ်ကို ချိတ်ဆက်ပြီး ဖန်တီးထားတဲ့ အချစ်အကြောင်းပြောကြရအောင် ကို အမေရိကန်တွေ ငြိမ်ပြီး ကြည့်ကြတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာ တီးတိုးအာမေဋိတ်သံတွေထွက်တယ်။ နောက်ဆုံးပိုင်း
ဖြစ်တဲ့ "သည်သို့ပင်မျှော်လင့်မိပါသည်" မှာ သူတို့တွေ ၀ါးခနဲပွဲကျကြ၊ ရယ်ကြ နဲ့အတော်ဖြစ်လာပြီ။ ဇာတ်ကားပြီးသွားတဲ့အခါမှာ လက်ခုပ်သံတွေတဖြောင်းဖြောင်းထွက်လာတယ်။ နောက်က စကော့တလန်စာရေးဆရာမ ဇိုး က ကျနော့်ကို ချို. . အနုပညာမြောက်ပါတယ် လို့ လှမ်းအော်တယ်။

မေး။    ။ ဟုတ်ပါ့မလား ကိုချိုတူးဇော်ရယ်လို့ မေးရမလိုဖြစ်နေပြီ။ ခင်ဗျားရုပ်ရှင်ဇာတ်လမ်းက မြန်မာပြည်က ဘ၀သရုပ်ဖော်ဝတ္ထုတွေပဲ။
ဖြေ။     ။ အမှန်အတိုင်းပြောရရင် ကျနော်သိပ်မယုံဘူးဗျ။ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုက မြန်မာတွေလိုပဲ
အားလည်းနာတယ်၊ ခင်လည်းခင်တယ် သိပ်များတယ်။ အဲဒီပရိုဂရမ်တွေကို တာဝန်ယူရတဲ့ အမျိုးသမီး နာတာရှာ ဝေဖန်ပုံက စိတ်ဝင်စားစရာကောင်းတယ်လို့တော့ သတိထားမိလိုက်တယ်။
“ မင်းလုပ်တာ ငါတို့ ကျောင်းသားတွေကို စာသင်ဖို့သိပ်ခက်သွားတယ်။ ငါတို့က အင်မတန်မှ ကိုယ်ပိုင်လွတ်လပ်ခွင့်များတဲ့နိုင်ငံလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတာ မင်း ဇာတ်ကားကိုကြည့်မှ ငါတို့ ရဲ့ အားနည်းချက်ကို ကွင်းကွင်းကြီး ထောက်ပြထားတယ်” တဲ့။
ဒီလိုနဲ့ ကျနော် ဆန်ဖရန် က စာပေဟောပြောပွဲကို နောက်နေ့ထွက်လာခဲ့လိုက်တယ်။ ရုပ်ရှင်ပြစရာရှိတာ ပြပြီးပြီ လို့ပဲ သဘောထားလိုက်တယ်။  ပြန်လာတော့ ကယ်လီဆိုတဲ့ အိုင်ဒဗလျူပီ ၀န်ထမ်းတယောက်က သူ့ဦးလေးစာသင်တဲ့ ဒင်ဗာပို့မြို့က စကော့ကွန်မြူနီတီကောလိပ် မှာ ညနေပိုင်းလက်ချာချိန်တချိန်မှာ ကျနော့်ရုပ်ရှင်ကားကို လိုက်ပြပေးနိုင်မလား၊ နာတာရှာပြန်ပြောတဲ့အတွက် အဲဒီကားကို သူတို့တွေ အရမ်းစိတ်ဝင်စားနေကြတယ်။ ကြည့်ချင်ပါတယ် တဲ့။ ကြည့်ချင်တယ် ဆိုတော့ ၀မ်းမြောက်ဝမ်းသာပြရတာပေါ့ဗျာ။ ဒီတခါမှာတော့ညစဉ်ညတိုင်း ၀ယ်ထားတဲ့ အက်ဒစ်ဆော့ဖ်ဝဲလေးနဲ့ ဆူညံသံတွေအတော်များများလည်း ဖျောက်လိုက်နိုင်ပါပြီ။  စကော့ကွန်မြူနီတီကောလိပ် က ကျောင်းသားတွေဟာ လူကြီးပိုင်းတွေပါ။ ၄၀ တန်း တွေ၊ တော်တော်ကြီးတာတွေတောင်ပါတယ်။ ဇာတ်ကားကို ကြည့်ပြီးတာနဲ့ မေးခွန်းတွေအဖြေတွေလာတဲ့အခါမှာ သူတို့ထဲကတယောက်က ဒီလိုပြောပါတယ်။
“ မြန်မာအဖွားဖြစ်ချင်တယ် ” တဲ့။
အဲဒီအခါမှာတော့ စိတ်ချ လက်ချ ကျနော် ယုံသွားပါတော့တယ်။ ကျနော့်ကားကို အမေရိကန်တွေ တကယ်ကြိုက်ကြတာဗျ။ ခင်ဗျားသိတယ်နော်။ မစန္ဒာရဲ့ ၀တ္ထုထဲမှာ မြန်မာမိသားစုတွေ တအိုးတအိမ်တည်းမှာ မျိုးဆက်အဆင့်ဆင့် နေထိုင်ကြတာ၊ ရိုင်းပင်းချစ်ခင်ကြတာ ဒါတွေကိုပဲ ရိုးရိုးလေး ပြထားတာနော်။ ဒါပါပဲ။

မေး။    ။ဒါက ခင်ဗျားရုပ်ရှင်ထဲက ခင်ဗျားမြန်မာပြည်ထဲက မိသားစုဘ၀သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားလေ။ မြန်မာပြည်အပြင်ဖက်က မြန်မာမိသားစုတွေ မြန်မာကွန်မြူုနီတီတွေကတော့ရော ခင်ဗျား ရုပ်ရှင်ထဲကလို "မြန်မာအဖွားဖြစ်ချင်တယ်" လို့ ပြောချင်စရာရှိသလား။
ဖြေ။     ။ ၈၈ တုန်းက ဆိုင်ဂုံဝတ္ထုကို ဖတ်ပြီး ရန်ကုန်မြို့ကြီးမီးဟုန်းဟုန်းတောက်နေ လူတွေက ရရာ လှေတွေ သင်္ဘောတွေနဲ့ထွက်ပြေးကြတဲ့ ပြည်တွင်းစစ်ဘေးကြီးကို ရုပ်ရှင်ရိုက်ပြချင်တဲ့ စိတ်ကူးတွေယဉ်ဘူးခဲ့သလို၊ အမေရိကားကို ရောက်တဲ့အခိုက်အတန့်မှာ မြန်မာအဖွဲ့အစည်းတွေ၊ မျိုးဆက်သစ်မြန်မာကလေးတွေကို မြင်ရတွေ့ရတော့ ကြည့်ဖူးတဲ့ တိုင်တမ်အေအီး ဆိုတဲ့ ကာတွန်းကားလေးတကားကို သွားသတိရမိပြန်တယ်။
          အဲဒီကားထဲမှာ ကမ္ဘာကြီး ပေါက်ကွဲပျက်စီးခါနီးမှာ သိပ္ပံပညာရှင်တွေက နောဧ လှေလို ဂြိုဟ်တုကြီးတစင်းဖန်ဆင်းပြီး လူသားမျိုးနွယ်တွေရဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အပင်မျိုးစိတ်တွေ၊ အကောင်တွေ၊ သတ္တ၀ါတွေမျိုးစိတ်တွေရဲ့ DNA တွေကို Back up အနေနဲ့သိမ်းပြီး အာကာသထဲလွှင့်တင်ထားကြတယ်။ 
        သိပ္ပံပညာရှင်ကြီးရဲ့သားတယောက်မှာ အဲဒီဂြိုဟ်ကြီးဝှက်ထားတဲ့နေရာကို မြေပုံပေးထားခဲ့တယ်။ ထားပါတော့ ကမ္ဘာကြီးပျက်စီးသွားတဲ့အခါမှာ လူသားမျိုးနွယ်စိတ်တွေဟာ တခြားဂြိုဟ်ကမ္ဘာတွေပေါ်မှာ ချို့ချို့ငဲ့ငဲ့ မျက်နှာငယ်ငယ်နေထိုင်ခဲ့ရတယ်။
ကိုယ်ပိုင်ကမ္ဘာကိုပြန်ရဖို့ အဲဒီ ဒီအန်အေတွေနဲ့ ကမ္ဘာသစ်ကိုပြန်တည်ဆောက်ဖို့ကို ပြန်ကြိုးစားကြရတယ်။  ဂြိုဟ်သားတွေဟာ ဘယ်လောက်ပဲ ဥာဏ်ရည်တွေထက်မြက်ပါစေ၊ လူသားတွေမှာရှိတဲ့ ပိုင်ဆိုင်တဲ့ တန်ဖိုးတွေကိုတော့ မရှိကြဘူးလေ။
၈၈ နောက်ပိုင်းမှာ ကျနော်တို့မြန်မာတွေဗျာ... အမေရိကားအပါအ၀င် ကမ္ဘာအနှံ့ခြေဆန့်နေထိုင်လာလိုက်ကြတာ. . ၊ ကျနော်တို့တွေ တခြားဂြိုဟ်ကမ္ဘာတွေပေါ်မှာ နေထိုင်လာလိုက်ရတာ …။ ကျနော့်အမြင်မှာတော့ တိုင်းနယ်နမိတ် အစည်းအတားတွေထက်၊ ဘယ်နိုင်ငံမှာပဲနေနေ၊ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ဖို့ ကြိုးပမ်းအားထုတ်မှုသာလျှင် အဓိကကျမယ် လို့ခံစားမိတယ်။
ကျနော့်သဘောပြောရရင် ဘယ်မှာနေနေ၊ ဘယ်နိုင်ငံသားကို ခံယူခံယူ အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ်ရောက်နေတဲ့ လူ့အဖွဲ့အစည်းမှာ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်အောင်၊ အောင်မြင်တဲ့ လူတယောက်ဖြစ်အောင် ကြိုးပမ်းအားထုတ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ခံယူမိတယ်။
အဲဒီလိုအောင်မြင်တဲ့လူ ဆိုတာ အဲဒီလူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကို ခံပြီး ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာစင်စစ်ကနေအမေရိကန်လုံးလုံးလျားလျားဖြစ်သွားရတာထက်၊ အမေရိကန်တွေဆီကကောင်းတာကိုယူ၊ မြန်မာတွေရဲ့ကောင်းမွန်တဲ့ အရာတွေကို ပြန်ရှယ်ပေးနိုင်မယ့် လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်နိုင်ပါမှ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်နိုင်မယ် လို့မြင်မိပါတယ်။
ဆူရှီမျိုးဟေ့ တို့ဗမာ တဲ့ … ဆရာဦးတင်မိုးက စာပေဟောပြောပွဲတိုင်းမှာ အရွှန်းဖေါက် သရော်ခဲ့ပါသတဲ့။
အမေရိကား ဟာ ဂြိုဟ်ကမ္ဘာသစ် ဆိုရင် မြန်မာတွေရဲ့ အငွေ့အသက်တွေ၊ ကောင်းမွန်တဲ့ မြန်မာတွေရဲ့  အငွေ့အသက်တွေကို ပြန်လည်ဝေမျှနိုင်အောင် တခြားလူမျိုးတိုင်း အသိအမှတ်ပြုလာအောင် အားထုတ် သင့်တယ်ထင်ပါရဲ့။ 

မေး။    ။ အင်းလေ … ဘယ်လိုမျိုး အားထုတ်ကြရမှာလဲ။ ဒီအင်အေတွေလိုမျိုး ပြန်ရှာထည့်သလို ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလိုမျိုးတော့ အပြင်မှာ လုပ်လို့မရဘူး ထင်တယ်လေ။
ဖြေ။     ။  ဒီလိုအားထုတ်ဖို့ဆိုတာ မြန်မာပြည်ကလာတဲ့ သူတွေက ခုဆို သက်လတ်တန်းတွေရောက်နေကြပြီ။ ဒီမှာမွေးတဲ့ ဒီမှာကြီးတဲ့ ကလေးတွေအဖို့ ဘယ်လိုသယ်ဆောင်မလဲ။ ခုနက ဇာတ်ကားထဲ ဒီအန်အေတွေ
မပျက်စီးပါမှ ကမ္ဘာသစ်ကို တည်ဆောက်နိုင်မှာဖြစ်သလို၊ "ကျနော်တို့စာပေ၊ ကျနော်တို့စကား၊ ကျနော်တို့
ရိုးရာယဉ်ကျေးမှုတွေကို၊ ကျနော်တို့ ဘိုးဘွားတွေနဲ့ လက်ရှိ ရုန်းကန်နေဆဲ သမိုင်းဖြစ်ရပ်မှန်၊ အစစ်အမှန်တွေကို အမေရိကားရောက်ရောက် တကမ္ဘာလုံးဘယ်မှာဖြစ်နေပါစေ၊ ပြန်လည်ဖြန့်ဝေနိုင်တဲ့အခြေအနေဖြစ်ဖို့၊ တခြားလူမျိုးတွေက အားကျ အတုခိုးလာစရာဖြစ်ဖို့၊ မြန်မာပြည်သစ်ကို ကမ္ဘာသစ်ကို တည်ဆောက်နိုင်ဖို့ ဒီအင်အေတွေ လက်ဆင့်ကမ်းသယ်နိုင်ပါမှ လို့ခံစားရမိတယ်။

မေး။    ။ ခင်ဗျားတွေ့တဲ့ အထဲမှာ လက်ဆင့်ကမ်းသယ်နေတာတွေ တွေ့နေရပြီလား။
ဖြေ။     ။ ဒီရောက်ရောက်ချင်း စီဒါရက်ပစ်လေဆိပ်မှာ "ကျနော်မြန်မာမဟုတ်ဘူး" လို့ "မြန်မာလို" ငြင်းခဲ့တဲ့ ကျောင်းသားလေးတယောက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ကျနော် မြန်မာပါ၊ ကျနော့်ဘိုးဘွားတွေက မြန်မာပါလို့ ဂုဏ်ယူစွာကြွားလာကြဖို့ ကျနော်တို့တွေ အားထုတ်စေချင်တယ်။ ဒီနိုင်ငံမှာနေဗျာ။ ဒီနိုင်ငံသားခံယူဗျာ။ ဒီမှာမွေးလာတဲ့ကလေးတယောက်ယောက်ဟာ အမေရိကန်နိုင်ငံသားအနေနဲ့ နောင်ရာစုနှစ်အတွင်း သမ္မတတောင်ဖြစ်လာနိုင်တယ်။ မြန်မာရဲ့ကောင်းတဲ့ စိတ်နှလုံးဝိညာဉ်တွေကို ဝေမျှနိုင်ရင် ကမ္ဘာကြီးကောင်းသထက်ကောင်းလာဖို့မျှော်လင့်တယ်။ အဲလိုမဟုတ်ပဲ.. ကျနော်တို့ဆီက ရန်ဖြစ်တဲ့အကျင့်တွေကူးသွားပြီး အမေရိကန်တွေပါ အချင်းချင်းထချသွားမှ ဒုက္ခလို့လဲ စဉ်းစားမိပါရဲ့ ကိုမောင်ရစ် ရေ …။

Comments