မနက်ဖြန် ... ကိစ္စ
ကမာပုလဲ၊ နိုဝင်ဘာ ၉ ၊ ၂၀၁၁
ခုတလော...လေထုထဲပါးစပ်ဖျား မချ
ပြောပြောနေကြတာ
မနက်ဖြန် ကိစ္စဖြစ်တယ်။
မနက်ဖြန်မှာ
သားတော်မောင် ရွှေအိုးထမ်း ပြန်လာလေမလား
ပြဒါးတွေ ... သံတွေ ... သေလို့
နေ့ချင်း ညချင်းကိုပဲ
တဆွေလုံး တမျိုးလုံး ဖုတ်သွင်းရထား ဆိုက်လေမလား ...
တတိုင်းပြည်လုံးပဲ ကြွယ်ဝချမ်းသာတော့မှာလား ...။
မနက်ဖြန် မရောက်သေးခင်
ဒီကနေ့ ...
ဒီကနေ့ မရောက်ခဲ့ခင်
မနေ့က အတိတ်ကာလများ ...
ခေတ်အဆက်ဆက် မက်ခဲ့တဲ့ အိပ်မက်ဟာ
ဘာများပါလိမ့် ...
ဘယ်သူ မှတ်မိကြသေး သလဲ
မနက်ဖြန်အတွက်
ပွဲတက်ဝတ်စုံ ကောင်းကောင်း တစုံသာ ...။
ဘယ်လို နတ်ဘုရားမျိုးကိုများ
ဘ၀ကို ပုံအပ်လို့ ယုံကြည်ကိုးကွယ်ရပါ့မလဲ
အဆိုးရွားဆုံး
အမှောင်ဆုံး
နှစ်ကာလများ
... ... ... ... ... များ။
မနက်ဖြန်ဟာ ပေးစာကမ်းစာလား
မနက်ဖြန်ဟာ မရိုးသားမှုရဲ့ ကြွယ်ဝယစ်မူးမှုလား
မနက်ဖြန်ဟာ ညင်ညင်သာသာ ဒူးထောက်အညံ့ခံရေးလား။
မနက်ဖြန်ဟာ
ပင်လယ်ကို ဖြတ်မကူးရဲသူအတွက်
ရသေ့စိတ်ဖြေ စမ်းချောင်းကလေး ။
မနက်ဖြန်ဟာ
ယုံတမ်း ပုံပြင် တပုဒ် ...။
မနက်ဖြန်ဟာ
ချစ်ခြင်းမေတ္တာတရားအတွက် ဆူးခက်သရဖူ ...။
မည်သို့ ဖြစ်စေ
မနက်ဖြန်ဟာ
ခေတ်အဆက်ဆက်
ယုံယုံကြည်ကြည်မက်ခဲ့တဲ့ ... အိပ်မက်
သစ္စာမြဲသူတို့ ... ခေတ်ဦး
လွတ်မြောက်ရေးရဲ့ .....
အရုဏ်ဦးစစ်စစ် ... ဖြစ်ရမယ် ။ ။
နိုဝင်ဘာ ၃၊ ၂၀၁၁

Comments