Kamar Pale - Poem

စောင်းပါးရိပ်ခြည် မဟုတ် ... ပစ္စုပ္ပန်တည့်တည့်လမ်းခွဲ
ကမာပုလဲ
နိုဝင်ဘာ ၃၀၊ ၂၀၁၁


ဇာတ်က မယ်သီတာလို
မီးပုံထဲ ခုန်ဆင်းမခိုင်းခဲ့ဘူး၊
ကိန္နရီ ကိန္နရာ
ချောင်းခြားခဲ့တာလည်း မဟုတ်ဘူး
ဘဝခြင်း မတူတော့တဲ့ စည်းတွေ
မဟာရံတံတိုင်းတွေလို ...။

ညက
အိပ်မက်ဟာ
ကျနော်တို့ ချွေးနည်းစာ ဘူတာရုံကလေးကနေ
အလံစိမ်းပြ ထွက်ခွာသွားခဲ့ပြီ ...။

တိမ်တွေက တိမ်လိုရွေ့တယ်
ငှက်တွေက ငှက်လိုပျံတယ်
လမင်းက
မိုးကောင်းကင်အလိုကျ
ပြည့်တယ်၊ ကွယ်တယ်
ညည့်ငှက်တွေက
ညည့်ငှက်တွေလို
အလင်းရောင်ကို မုန်းတယ်
ကျနော်တို့ကျမှ
ကြယ်ကြွေကောက်သူ
ဘာလို့ဖြစ်နေရပါသလဲ မေမေ ...။

ကျနော်တို့ ရေးနေတဲ့
သမိုင်းသစ်ဟာ
ခေတ်မမီ အစွန်းရောက်
လက်တွေ့မကျတော့ပြီလား
ပြီးပြီးမေ့မေ့
ထားရစ်ခဲ့မယ်လား
မိုက်မိုက်ကမ်းကမ်း
လွမ်းနေတတ်တဲ့သူတွေဟာ
မေမေ သင်ပေးလိုက်တဲ့အတိုင်း
ဘဝအပေါ်မှာ သစ္စာမြဲတယ် ...။

စီးဆင်းနေတဲ့ ... မြစ်ကို
ပေါင်းသင်း လက်ခံထားရတာ
မြေကမ္ဘာအတွက်တော့
မင်္ဂလာရှိတဲ့ ယဉ်ကျေးမှုပါ မေမေ
ခုတော့
မြစ်က
သူ့အလို စိတ်တိုင်းကျ
တိမ်ကောပျက်သုဉ်းသွားခဲ့တာ ...
ကော်ဇောနီ ခင်းပေးဖို့လည်းခက်
သပြေခက်နဲ့
ကြိုဖို့လည်း ခက်တယ် ... မေမေ။

ရေနစ်နေတဲ့
မြို့ပျက်ကြီးကို ထမ်းပိုးထားရင်း
ကျနော်တို့ ရေငတ်ခဲ့ပြီမေမေ
ကံဇာတ်ဆရာရဲ့ အလိုကျလို့
ဖြေရ ပြောရအောင်လည်း
သူကိုယ်တိုင်
ဘုမသိ ဘမသိပါပဲတဲ့ ...။

ရန်သူ့လက်ထဲ မရောက်အောင်
အရဲစွန့် ကယ်တင်ခဲ့
ချစ်ခြင်းမေတ္တာများ ...
မလိုသူတွေ
ဝမ်းသာနေမစိုးလို့
လမ်းခွဲရခြင်းကို
တင်ကြိုပြောမထွက်ခဲ့
ဝတ္တရားလည်း ရှိတယ်လေ ...။

ညက ...
အိပ်မက်ထဲ
ကျောင်းသူမကလေး
ဝင်းမော်ဦးရဲ့ လိပ်ပြာ
ကမ္ဘာမကြေဘူးတဲ့ ... ။ ။

Comments