ဗိုလ်သန်းရွှေက အချိန်ပြည့် စာဖတ်သည့်အလုပ်သာ လုပ်နေကြောင်း ဦးကျော်ဆန်း ပြောဆို
မိုးမခအထောက်တော် အမှတ် ၀၁၃
နိုဝင်ဘာ ၁၇၊ ၂၀၁၁
မိုးမခအထောက်တော် အမှတ် ၀၁၃
နိုဝင်ဘာ ၁၇၊ ၂၀၁၁
မြန်မာပြည်ကို နှစ် ၂၀ နီးပါး ချုပ်ကိုင် အုပ်စိုးခဲ့သူ ဦးသန်းရွှေသည် ယခုအခါ စာဖတ်ခြင်းတွင်သာ မွေ့လျော်နေသည်ဟု အစိုးရ ၀န်ကြီးတစ်ဦးက ပြောကြားလိုက်ကြောင်း ယနေ့
The Wall Street Journal (WSJ) အာရှဒေသ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးအဖြစ် သြဇာကြီးမားခဲ့သူ ဦးသန်းရွှေ၏ လက်ရှိအခြေအနေအကြောင်း WSJ သတင်းစာဆရာက မေးမြန်းရာ "သူ့အိမ်မှာပဲ ရှိနေပါတယ်" ဟု ဦးကျော်ဆန်းက ပြန်လည် ဖြေဆိုလိုက်သည်။
"အပြည့်အ၀ အနားယူသွားပြီလား" ဟု သတင်းစာဆရာက ထပ်မံ မေးမြန်းရာ "သူ့အိမ်ထဲမှာပဲ အမြဲတမ်း စာတွေ ဖတ်ပြီး ရှိနေပါတယ်" ဟု ဦးကျော်ဆန်းက ရှောင်တိမ်း ဖြေကြားသွားပုံကို WSJ ၏ ရုပ်မြင်သံကြား အစီအစဉ်တွင် ထင်ထင်ရှားရှား ထည့်သွင်း ဖော်ပြထားသည်။
မည်သည့်စာများကို ဖတ်ရှုနေကြောင်း ဦးကျော်ဆန်းက ရှင်းလင်းခြင်း မရှိဘဲ "ကျေးဇူးတင်ပါတယ်" ဟူသော စကားဖြင့် သူ၏ အဖြေကို အဆုံးသတ်လိုက်သည်။
ဤ တွေ့ဆုံမေးမြန်းခန်းသည် ၃ နာရီ ကြာမြင့်သည်ဟု ဆိုသည်။ ကြံ့ခိုင်ရေးအစိုးရက အနောက်တိုင်း သတင်းဌာနကြီးတခုကို ပထမဆုံးအကြိမ် အချိန်များစွာ ပေးပြီး ဖြေကြားခဲ့သော တွေ့ဆုံမေးမြန်းခန်း ဖြစ်သည်။
ဦးကျော်ဆန်းက မေးခွန်းများကို အစိုးရကိုယ်စား ဖြေကြားခြင်း ဖြစ်သည်။
ဦးကျော်ဆန်းက မေးခွန်းများကို ကြိုတင် ရရှိထားဟန်ဖြင့် စိတ်အေးလက်အေး ဖြေဆိုသွားပုံကို ၆ မိနစ်ခန့်ကြာသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
သတင်းစာဆရာက အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းပြီး ဦးကျော်ဆန်းက မြန်မာဘာသာဖြင့် ဖြေဆိုသည်။ ၎င်းတို့ကြားတွင် ဘာသာပြန်ပေးသူတဦး ရှိသည်။

Comments