ဗိုလ်ချုပ်မှူးကြီးနှင့်
ဒုဗိုလ်ချုပ်မှူးကြီး နေ့တဓူဝ ကိစ္စများတွင်ပါဝင် ပတ်သက်မှုမရှိတော့ဟု ဆို
မိုးမခ အထောက်တော်၊
ရန်ကုန်။ နိုဝင်ဘာ ၁၃၊ ၂၀၁၁
မတ်လ ၃၀ ရက်နေ့က နအဖ အဖွဲ့ကို
ဖျက်သိမ်းကာ အာဏာလွှဲအပ်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ ယခုအခါ အစိုးရအဖွဲ့၏ နေ့တဓူဝ
ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ဟု ၎င်းခေါင်းဆောင်ဟောင်း ၂ ဦး၏
နေအိမ်သို့ ၀င်ထွက်ခွင့်ရှိသူ လုပ်ငန်းရှင်ကြီးတဦး၏ အနီးကပ်
ဝန်ထမ်းက ပြောသည်။
ယင်းခေါင်းဆောင် နှစ်ဦးမှာ
တာဝန်များမှ အနားယူသွားခဲ့သော်လည်း အာဏာရှိသူများနှင့် နီးစပ်သူ ၊
မိသားစု၏ စီးပွားရေးပါ လုပ်ကိုင်ပေးနေသည့် လုပ်ငန်းရှင်ကြီးများက
ယခုချိန်ထိ အိမ်တော်ကိစ္စများ ကိုတာဝန်ယူထောက်ပံ့နေဆဲ ဖြစ်သည်ဟုလည်း သိရှိရသည်။
၎င်း ခေါင်းဆောင်နှစ်ဦး၏ လက်ရှိ
နေ့စဉ် လှုပ်ရှားမှု အနေဖြင့် မိသားစုနှင့် ပတ်သက်သည့် လှုပ်ရှားမှုမျိုးသာတွေ့မြင်ရကာ
အစိုးရအဖွဲ့သစ်မှ တာဝန်ရှိသူများ ၀င်ထွက်ခြင်း၊
အစိုးရသစ်၏ နေ့တဓူဝ ကိစ္စများတွင် ညွှန်ကြားသည့် လက္ခဏာ တစုံတရာ
မတွေ့မြင်ရကြောင်း ယင်း ၀န်ထမ်းက ပြောသည်။
မြန်မာနိုင်ငံအား ၁၈ နှစ်နီးပါး
အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ
ယင်းခေါင်းဆောင်နှစ်ဦး၏ နေအိမ်လုံခြုံရေး လုံခြုံရေးတပ်စိတ်များအား လဲလှယ်ခြင်း
မရှိတော့ဟုလည်း ယင်းဝန်ထမ်းက ဖြည့်စွက်ပြောဆိုသည်။
ယင်း ခေါင်းဆောင်နှစ်ဦးသည်
နေပြည်တော် ကြက်ပြေး နေပြည်တော်ဘက် အခြမ်းရှိ
အသစ်
ဆောက်လုပ်ထားသည့် နေအိမ်အသီးသီးတွင် နေထိုင်လျက်ရှိပြီး စစ်ဘက်ယူနီဖောင်းဝတ်ဆင်
သွားလာခြင်း မတွေ့ရဟုလည်း အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။
၂၀၁၀ ခုနှစ်
ရွေးကောက်ပွဲကျင်းပပြီး နောက် ၅ လအကြာ ယခုနှစ်မတ်လမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်းရွေးချယ်ခဲ့သည်ဟု ယူဆရသူ ဦးသိန်းစိန်ကို သမ္မတအာဏာ လွှဲအပ်ပေးပြီး လူမြင်ကွင်းမှ အနားယူခဲ့သည်။
၎င်းသည် ၁၉၉၃ ခုနှစ် န၀တ ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အနားယူစေပြီး အာဏာကို
ရယူထိန်းချုပ်ခဲ့သူ ဖြစ်သည်။ မတ်လကုန် အာဏာလွှဲ ပေးပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အဖြစ်တာဝန်ယူမည် သို့မဟုတ် နိုင်ငံ ဥသျှောင်အဖွဲ့နဲ့
အစိုးရအဖွဲ့ကို ချုပ်ကိုင်သွားမယ်လို့ နိုင်ငံရေး
အကဲခတ်သူများက မှန်းဆခဲ့ကြသောလည်း ယခုအချိန်မှာတော့ လူမြင်ကွင်းမှ
ပျောက်ကွယ်သွားခဲ့သည်သာမက လက်ရှိ အစိုးရအဖွဲ့ကို ညွှန်ကြား
ခိုင်းစေနေသည့် လက္ခဏာများလည်း ယခုချိန်ထိ မတွေ့မြင်ရဟု ဆိုကြသည်။

Comments