US Congress say Pizza is vegetable

အမေရိကန်အောက်လွှတ်တော်က ပီဇာမုန့်ကို ဟင်းသီးဟင်းရွက်စားစရာအဖြစ် အတည်ပြု
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၀၁၁
စီးပွားပျက်ကပ်ဆိုက်မတတ်ဖြစ်နေပြီး အလုပ်လက်မဲ့ ၉% ရှိသော အမေရိကန်ပြည်၏ အောက်လွှတ်တော်က စိုက်ပျိုးရေးဝန်ကြီးဌာနအတွက် ပြဋ္ဌာန်းချက်တခု ဆုံးဖြတ်ပေးရာတွင် ဂျုံ၊ အသား၊ ခရမ်းချဉ်သီးပျော့ဖတ်တို့နှင့် ဖုတ်ထားသော ပီဇာမုန့်ကို ဟင်းသီးဟင်းရွက်စားစရာအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ ထိုဥပဒေကို ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်အမတ်များကြီးစိုးသော အောက်လွှတ်တော်က ကျောင်းများ၊ ရုံးများအတွက် အမြန်ချက်ပြုတ်စားစရာထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းရှင်ကြီးများ၏ တွန်းအားကြောင့် ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။
လက်ရှိအိုဘားမားအစိုးရက စာသင်ကျောင်းများတွင် ကလေးများ၊ လူငယ်များအတွက် မနက်နှင့် နေ့လည်စာများတွင် ကျန်းမာ၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ၊ ဟင်းသီးဟင်းရွက်များ ပိုမိုပါဝင်ရေး၊ ကလေးသူငယ်များ သွားရည်စာအစားများပြီး အ၀လွန် ကျန်းမာရေးထိခိုက်မှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေရာ ယခုအောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် လက်ရှိအိုဘားမားအစိုးရအတွက် ဆုံးရှုံးမှုဖြစ်သည်။
အမှန်တကယ်အားဖြင့် ခရမ်းချဉ်သီးပျော့ဖတ်၊ ယို၊ အချဉ်၊ ပေ့စ်ကို ဟင်းသီးဟင်းရွက်အဖြစ် မသတ်မှတ်နိုင်ကြောင်း ၎င်းသည် အသီးအမျိုးအစား (Fruit) သာဖြစ်ကြောင်း၊ Vegetable မဟုတ်ကြောင်း ကျန်းမာရေးပညာပေး လှုံဆော်သူတို့က ဝေဖန်ကြသည်။ အစားအသောက်ကုမ္မဏီများသည် အမေရိကန်အခြေခံပညာကျောင်းများအတွက် ကန်ထရိုက်စနစ်ဖြင့် နံနက်စာ၊ နေ့လည်စာများကို တင်သွင်းသည့် လုပ်ငန်းများဖြင့် မီလျံရာနှင့်ချီသော ၀င်ငွေကို ရရှိနေကြရာ ၎င်းတို့၏ နေ့လည်စာတွင် ဘီစကွတ်မုန့်၊ နို့နှင့်စိမ်စားသည့် မုန့်ခြောက်၊ ပီဇာ၊ ဟမ်ဘာဂါတို့ ထည့်သွင်းထားပြီး အမြတ်အစွန်းရယူလျက်ရှိသည်။ ဟင်းသီးဟင်းရွက်၊ အသီး၊ နို့၊ သစ်သီးရည် စသည်တို့ကို ပါလေယုံမျှထည့်သွင်းထားသဖြင့် ကျန်းမာရေးပညာပေး လှုံဆော်သူတို့က ဝေဖန်လျက်ရှိသည်။ ယခုကဲ့သို့ ကျောင်းနေ့လည်စာများတွင် ရှေးရိုးသုံးနေကျ ဓာတုနည်းဖြင့် ထုတ်လုပ်သော အမြန်စားစာ (fast food) များကို ပြုပြင်ပေးရမည်ကို ၀န်လေးသဖြင့် အဆိုပါလုပ်ငန်းရှင်ကြီးများက ဒေါ်လာသန်းချီသုံးပြီး အောက်လွှတ်တော်အမတ်အချို့ကို ၀င်ရောက်စွက်ဖက်ထားခဲ့ခြင်း ဖြစ်သည်။
ယခင် ရီပတ်ဘလစ်ကန်သမ္မတ ရော်နယ်ရီဂန်လက်ထက်ကလည်း ခရမ်းချဉ်သီးဆော့စ် (Ketchup) ကို ဟင်းသီးဟင်းရွက်စားစရာအမျိုးအစားအဖြစ် ကျောင်းနေ့လည်တွင် ထည့်သွင်းသတ်မှတ်သေးခဲ့သည်။ ထိုအစိုးရအဆက်ဆက်တွင်လည်း ဆိုဒါကို ကျန်းမာသော သောက်ရည်တမျိုးအဖြစ် သတ်မှတ်ပြီး ကျောင်းများတွင် ထားရှိသဖြင့် ဒီမိုကရက်များနှင့် ကျန်းမာရေးလှုံဆော်သူများက အကြီးအကျယ် တိုက်ခိုက် ကန့်ကွက်ခဲ့ရသည်။ ယခုအခါ ဆိုဒါသောက်သုံးခြင်းကို ကျန်းမာရေးမညီဟု အများက လက်ခံနေကြပြီ ဖြစ်သည်။
ဘယ်နိုင်ငံမှာမဆို ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ရှေ့တန်းရောက်နေရင် အသိဉာဏ်ပညာနဲ့ ဥစ္စာဓနအားနည်းတဲ့ ပြည်သူတွေကို သူတို့က အမြဲ အနိုင်ယူ၊ အမြတ်ထုတ်နေမှာပဲဟု ကျန်းမာရေးနှင့် အစားအသောက်ပညာပေး လှုံဆော်သူတဦးက မှတ်ချက်ပေးသည်။

Comments