ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး
နိုဗယ်ဆု နှစ် ၂၀ ပြည့် အခမ်းအနားကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်။ ဒီဇင်ဘာ ၁၀၊
၂၀၁၁
လွန်ခဲ့သည့် နှစ် ၂၀ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိသည့်
၁၉၉၁ ခုနှစ်ဒီဇင်ဘာလတွင် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို
ဂုဏ်ပြုပွဲနှင့် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပခဲ့ကြသူများက နှစ် ၂၀ ပြည့်မြောက်အခမ်းအနားကို
ရန်ကုန်မြို့ သာဓုပရိယတ္တိ စာသင်တိုက်တွင် ကျင်းပသည်။
ယနေ့ နှစ် ၂၀ မြောက်ဂုဏ်ပြုပွဲနှင့်အတူ ရွှေည၀ါကျောင်းပညာ့ဗိမာန်တွင်
ဗုဒ္ဓစာကြည့်တိုက်ဖွင့်ပွဲကိုလည်း တပြိုင်နက်ထည်း ကျင်းပသည်။ ယနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်
၊ ဦးဝင်းတင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ အစရှိသည့် နိုင်ငံရေး ခေါင်းဆောင်များနှင့်
စာပေ၊ နိုင်ငံရေးသမားများတက်ရောက်ကြသည်။
ယနေ့ အခမ်းအနားကို ကျင်းပသူများဖြစ်သည့် ၁၀ D ဟုအတိုကောက်အမည်ပေးထားသည့်
ဒီဇင်ဘာ ၁၀ ရက်နေ့ လှုပ်ရှားမှု ၈၈ ကျောင်းသားများအဖွဲ့က ရည်ရွယ်ချက် ၅ ခုထား၍ ကျင်းပခြင်းဖြစ်သည်ဟု
၎င်းတို့အထဲမှ ကိုဆန်နီကပြောသည်။ ယင်းရည်ရွယ်ချက်များအနက် မြန်မာနိုင်ငံအတွက် လက်ရှိအရေးကြီးဆုံးဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ကိုအဓိက ရည်ရွယ်ကြောင်း
ပြောဆိုသည်။
ယနေ့ပွဲတွင် အမှာစကားပြောကြားသူများ အနက် တဦးဖြစ်သူ
ရွှေည၀ါဆရာတော်က နတ်တော်လပြည့်နေ့တွင် ဗုဒ္ဓစာကြည့်တိုက်ဖွင့်လှစ်နိုင်သည့်အတွက် သိပ်ဝမ်းသာကြောင်း၊
ကြည်နူးဂုဏ်ယူကြောင်း ပြောဆိုသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နိုဗယ်ဆု၊
ပြည်တွင်းငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းရေးဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို ရှင်းလင်းပြောဆိုသွားသည်။
“လွယ်လွယ်ပြောရရင် ငြိမ်းချမ်းရေးဆိုတာ အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါ ချမ်းသာရမယ်
လို့ ရိုးရိုးပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်” ဟုပြောဆိုသည်။
အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံရေး အပြောင်းအလဲလှေကြီးကို လှော်ခတ်နေသူအဖြစ်နှင့် တင်စားပြီး အချို့မှာလှေပေါ်မတက်သော်လည်း
လှေနဘေးမှ ရေကူးလိုက်နေသူများလည်း ရှိသည့်အဖြစ်နှင့် လှေပေါ်တက်ပြီး လိုက်ပါကြဖို့ ဖိတ်ခေါ်ကြောင်း
ပြောဆိုခဲ့သည်။
ထိုစဉ်က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆု ကိုဒေါ်အောင်ဆန်းစုကြည်အား
ချီးမြှင့်လိုက်ကြောင်း ကြေညာပြီးနောက် တက္ကသိုလ်ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား
ဂုဏ်ပြုပွဲနှင့် စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများကို စစ်အုပ်ချုပ်ရေးဖြင့်
အုပ်ချုပ်နေသည့် န၀တ အစိုးရက စစ်ခုံရုံးဖွဲ့ကာ ထောင်ဒဏ် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် နှစ်
၂၀ အသီးသီးချမှတ်ခံခဲ့ကြရသည်။ ၉၀ ရွေးကောက်ပွဲနောက်ပိုင်း တက္ကသိုလ်ကျောင်းဝင်းများအတွင်း
ကျောင်းသားများ၏ ပထမဦးဆုံး အုံကြွမှုဖြစ်သည်။ ကျောင်းများကို စစ်အစိုးရက ၁ နှစ်
နီးပါး ပိတ်ပစ်ခဲ့သည်။
ယင်းတို့အနက် အချို့မှာ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း
နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် ဖမ်းဆီးခံရသူများအပြင် ယခုထက်တိုင် အကျဉ်းထောင်များထဲတွင်
နိုင်ငံရေးအကျဉ်းသားများအဖြစ် ဖမ်းဆီးခံနေရဆဲဖြစ်သည်။
“ကိုမင်းကိုနိုင်က အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့အချိန်၊
ကိုကိုကြီးကို အဲသည်တုန်းက ဖမ်းပြီး ထောင် အနှစ် ၂၀ ချခဲ့တယ်။ နောက်ပိုင်း ကိုမင်းကိုနိုင်နဲ့
ရှေ့ဆင့်နောက်ဆင့် ၂၀၀၄ နောက်ပိုင်းမှာ ပြန်လွတ်လာတယ်။ အကြိမ်ကြိမ် ထိန်းသိမ်းခံရတယ်။
၂၀၀၇ သြဂုတ် လောင်စာဆီအရေးအခင်းမှာ
အဖမ်းခံရပြီး ခုထိ မလွတ်သေးဘူး။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ မျိုးဆက်တွေကို စစ်အစိုးရက
ဖမ်းထားတယ်။”
ဟု ထို၁၉၉၁ ဒီဇင်ဘာလ ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့သူတဦးက
ပြောပြသည်။









Comments