ကိုယ်က
အဖြူဆို၊ သူက အမည်း ဖြစ်နေတဲ့ အမေရိကန်နိုင်ငံရေးရှုခင်း ပြီးတော့ ဂျီကြီး လေးလုံး
နိုင်ငံတကာသာဂိ
ဒီဇင်ဘာ
၂၂၊ ၂၀၁၁
ခရစ်စမတ်မတိုင်ခင် အားလပ်ရက်အိမ်မပြန်ကြမီ
ဝါရှင်တန်ဒီစီက အထက်နဲ့ အောက်လွှတ်တော်အမတ်များက ဥပဒေများ၊ စည်းမျဉ်းများကို အတည်ပြုတာတွေ၊
သက်တမ်းတိုးတာတွေ လုပ်ကြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံတော်ဘတ်ဂျက်အတွက် အရေးကြီးတဲ့
ဥပဒေတွေ သက်တမ်းတိုး မတိုး အငြင်းပွားကြရပြန်တယ်။ အဓိကတခုကတော့ လခစားတွေရဲ့ ၀င်ငွေခွန်တွေကို
စီးပွားကျနေချိန်မှာ လျော့ပေါ့ခွင့်ပေးထားတဲ့ လစာဝင်ငွေခွန်လွတ်ငြိမ်းခွင့်ကို သက်တမ်းတိုးမလား၊
မတိုးဘူးလား ကိစ္စဖြစ်ပါတယ်။
လခစားတွေကို ၀င်ငွေခွန်ပေါ့ပေးထားလို့၊
သူတို့လစာတွေ များများအိမ်ပြန်သယ်မယ်။ များများပြန်သုံးမယ်။ စီးပွားရေးကြပ်တည်းမှုတွေ
ပြေလည်မယ်။ အစိုးရကတော့ ၀င်ငွေခွန်တွေ လျော့ပြီး ရလို့ အစိုးရနဲ့ ပြည်နယ်လုပ်ငန်းတွေက
အသုံးစာရိတ်တွေ ကြပ်တည်းမယ်။ ပညာရေးတွေ၊ လူမှုဖူလုံရေးတွေ၊ အစိုးရယန္တရားတွေ လည်ပတ်မှုတွေက
စာရိတ်တွေ ဆက်ပြီး လျော့ချရမယ်။ အဲသည်အတွက် သမ္မတက အစိုးရရဲ့ဘတ်ဂျက်ဝင်ငွေတွေကို ဘယ်ကအခွန်နဲ့
ထေမလဲလို့ အကြံပြုတာကတော့ မီလျံနာတွေဆီက အခွန်နဲနဲ တိုးတောင်းမယ်လို့ ဆန္ဒပြုပါတယ်။
အဲသည်မှာ အမေရိကန်ရဲ့ လွှတ်တော်နိုင်ငံရေးရဲ့ အငြင်းတော်ပုံကြီး စတော့တာပါပဲ။
ဇာတ်ကို လှန်သော် … သမ္မတက လူမည်း၊ ဒီမိုကရက်ပါတီဝင်
သမ္မတ၊ အောက်လွှတ်တော်က အတိုက်အခံ ရီပတ်ဘလစ်ကန်၊ အထက်လွှတ်တော်က ဒီမိုကရက်တွေ။ ဒီမိုကရက်တွေနဲ့
ရီပတ်ဘလစ်ကန်တွေက လူများရာ၊ မဲသာ၊ မဲများတဲ့ဘက် တရားနိုင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်
ဖြစ်နေတာဆိုတော့ သူတို့ရဲ့ ပါတီရိုးရာစွဲ မူဝါဒတွေမှာ အမြဲတမ်း အငြင်းပွား၊ ရန်ဖြစ်၊
တဖက်ကို တဖက် အပြစ်လုပ်နေကြဆိုတော့ အခုလို စီးပွားကြပ်နေချိန် လစာခွန်လွတ်ငြိမ်းခွင့်
ဥပဒေသက်တမ်းတိုးချိန်၊ အစိုးရမှာလည်း အခွန်ဝင်ငွေမရှိလို့ ဘတ်ဂျက်တွေ ပြတ်တောက် မျက်ဖြူဆိုက်ချိန်မှာ
နိုင်ငံရေးသမားတွေက တယောက်လည်မြို တယောက် နင်းကြတော့တာပါပဲ။
ပြည်သူတွေ သက်သာစေမယ့် ၀င်ငွေခွန်လွတ်ငြိမ်းခွင့်ကိုတော့
သက်တမ်းတိုးမယ်၊အဲဒါကို ပြန်ပြီး ဘတ်ဂျက်ချိန်ခွင်ညှိနိုင်ဖို့ လက်ရှိမှာ ၀င်ငွေနည်းနေတဲ့
အစိုးရတရပ် လည်ပတ်ဖို့ တခြားနည်းနဲ့ အခွန်ကောက်ချင်တဲ့ ဒီမိုကရက်တွေကို ရီပတ်ဘလစ်ကန်တွေက
အပြင်းအထန်ပိတ်ဆို့ ကန့်ကွက်ပြီး အစိုးရလုပ်ငန်းတွေ ထပ်မံလျော့ချဖို့ အကြပ်ကိုင်ကြတော့တာပဲ
ဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရဘတ်ဂျက်တွေ ဖြတ်သည်ထက် ဖြတ်၊ ပြတ်သည်ထက်ပြတ်နေတာမို့ ပညာရေးဌာနရဲ့
စာရိတ်တွေဟာ အနိမ့်ဆုံး အဆိုးဆုံးအခြေတောင် အမေရိကားမှာ ရောက်နေပါပြီ။
နောင်လာမယ့် ၂၀၁၂ မှာ သမ္မတရွေးကောက်ပွဲ
ရှိတာကြောင့် အားလုံးက တိုင်းပြည်ရဲ့ အခက်၊ နိုင်ငံရေးသမားတွေ အချက်အဖြစ် နိုင်ငံရေးအမြတ်ထုတ်ဖို့
ကြိုးစားနေကြတာဖြစ်ပါတယ်။ အဲသည် ဘတ်ဂျက်ဥပဒေသက်တမ်းတိုးဖို့ကို အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်တွေက
သူတို့အားပေးတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးကန်ထရိုက်တခုနဲ့ တွဲပြီး အတည်ပြုတဲ့
အဆိုကို တင်ပါတယ်။ မီလျံနာတွေကို အခွန်တိုးကောက်တာကို ဖြုတ်ချလိုက်ပါတယ်။ "အခွန်မကောက်ဘဲနဲ့
အစိုးရက ဒီထက်အသုံးစာရိတ်လျော့ပြီး အလုပ်လုပ် …" တဲ့။ သူတို့က အဆိုတင်ပါတယ်။ သမ္မတကလည်း
ဓာတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ တွဲတင်တဲ့ နှစ်ပေါက်တပေါက် ဥပဒေကို ဗီတိုနဲ့ ပယ်မယ်လို့
ရာဇသံပေးပါတယ်။ ဒီတော့ ဒီမိုကရက်ကြီးစိုးတဲ့ အထက်လွှတ်တော်က အောက်ကတင်တဲ့ အဆိုပြုချက်ကို
၂ လသက်တမ်းအဖြစ် (တနှစ်လုံးစာ ဥပဒေသက်တမ်းမတိုးဘဲ) နောက်နှစ်ကျ ဆက်ဆွေးနွေးကြဖို့၊
ယာယီအဖြစ် အတည်ပြုပေးလိုက်ပါတယ်။
အဲသည်မှာ ရီပတ်ဘလစ်ကန်ကြီးစိုးတဲ့ အောက်လွှတ်တော်က
ယမ်းပုံမီးကျ ဒေါသူပုန်ထပြီး အစိုးရ (အစိုးရ ဆိုတာက အိုဘားမားသမ္မတဖွဲ့ထားတဲ့ ၀န်ကြီးအဖွဲ့ကိုပြောတာပါ၊
လွှတ်တော်တွေ မဟုတ်ဘူး) က အလုပ်မလုပ်ဘူး၊ လူလည်ကျတယ်။ အထက်လွှတ်တော်ကလည်း ပြသနာကို မဖြေရှင်းပဲ၊
အချိန်ဆွဲနေတယ် စသည်ဖြင့် စွတ်စွဲပြီး အထက်လွှတ်တော်က ပြင်ဆင်အတည်ပြုချက်ကို သူတို့
သဘောမတူဘူးဆိုပြီး ငြင်းတော့တာပါပဲ။ အခုပုံအတိုင်းဆိုရင် ပြည်သူတွေကို ၀င်ငွေခွန်သက်သာစေမယ့်
ဥပဒေကို သက်တမ်းမတိုးနိုင်ရင်ဖြင့် အဲသည်ဥပဒေဟာ အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ပြီး၊
နောက်နှစ် လွှတ်တော်က နောက်ထပ် ဥပဒေမထုတ်မချင်း လစာခွန်တွေ ပြန်ထိုးတက်ကုန်မှာ ဖြစ်ပါတယ်။
ပြည်သူတွေ မျက်ဖြူုဆိုက်ကုန်ကြမှာပေါ့ဗျာ။
ဒါကြောင့် အမေရိကန်က နိုင်ငံရေးဟာ ကိုယ်ကအဖြူုဆို
သူကအမည်းဆိုတဲ့ တယောက်ကို တယောက် ကန့်လန့်တိုက်တဲ့ နိုင်ငံရေးပေပဲလို မှတ်ချက်ချရမလို
ဖြစ်နေပါတယ်။ ရေများရာ ရေနိုင် … အစိုးရနဲ့ လွှတ်တော်မှာ ပါတီတခုတည်းက အင်အားများနေမှသာ
သူတို့ လုပ်ချင်တိုင်း တွင်ကျယ်နိုင်တာဖြစ်ပြီး အင်အားချိန်ခွင် မျှနေရင်ဖြစ်စေ၊ တဖက်ဖက်က
များပြီး တဖက်က အားနည်းနေရင် (အစိုးရက တပါတီ၊ လွှတ်တော်က တပါတီ (သို့မဟုတ်) လွှတ်တော်တခုဆီမှာ
တပါတီဆီ အားကောင်းကြရင်) ၀ါရှင်တန်နိုင်ငံရေးဟာ ကားတစီးတည်းကို စတီယာရင် ၂ ခုနဲ့ အနိုင်လုမောင်းနေကြသလို
ဘယ်မှ မရောက်နိုင်တဲ့ အဖြစ်ကို ရောက်ကြတော့တာပါပဲ။
ဒါကြောင့် လွှတ်တော်နိုင်ငံရေး၊ ၀ါရှင်တန်ဒီစီက
အတွင်းကြိတ် မဲဆွယ်နိုင်ငံရေးတွေကို လူထုက စိတ်ကုန်ကြတဲ့အတွက် ရှေးရိုးစွဲတွေက တီးပါတီလှုပ်ရှားမှု
(၂၀၁၀)၊ ခေတ်သစ်ဝါဒီတွေက ဝေါစထရိသပိတ်စခန်း (Occupy Wall Street ) လှုပ်ရှားမှု (၂၀၁၁)
တွေနဲ့ အုံကြွကြတာတွေကို မြင်ရတာပေါ့ ခင်ဗျာ။
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေမှာ သူတို့တန်ဖိုးထားတဲ့
ရိုးရာအစွဲတွေ မူဝါဒအစွဲတွေဟာ ဟိုဖက် အစွန်း၊ ဒီဖက်အစွန်း ခြားနားသလို တကယ်ပဲ ကွဲပြားခြားနားနေကြသလားလို့
မေးရင်ဖြင့် အင်း … ခြားနားပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲက နိုင်ငံရေးသမားတွေဟာ
ပါတီစွဲ အယူဝါဒတွေနဲ့ နိုင်ငံရေးလုပ်ကြသလိုမျိုး ပြည်သူလူထုကြားထဲက ပါတီဝင်တွေကလည်း
အဲသည်တန်ဖိုးတွေကို စွဲစွဲမြဲမြဲ ဆုတ်ကိုင်ပြီး မဲထည့်ကြ၊ မဲဆွယ်ကြတာကို တွေ့နိုင်ပါတယ်။
အင်း … လွယ်အောင် မှတ်မိလွယ်တဲ့ အသုံးနဲ့ ပြောရရင် ဒီမိုကရက် (ခေတ်ပေါ်သမား) နဲ့ ရီပတ်ဘလစ်ကန်
(ရှေးရိုးစွဲ) တွေက G ကြီး ၄ လုံး (4G) မှာ သဘောထားတွေ ကွဲကြပါတယ်။
ပထမ G က GOD ဖြစ်ပါတယ်။ ရှေးရိုးစွဲတွေက
ဘာသာရေးအစွဲကြီးပါတယ်။ (ကိုင်းရှိုင်းတယ်လို့ မဆို)။ ခရစ်ယာန်အယူများတဲ့အတွက် သူတို့တွေဟာ
အဲသည်တန်ဖိုးတွေမှာ အတိမ်းအစောင်း မခံပါဘူး။ ဒါကြောင့် သူတို့က ကိုယ်ဝန်တားဆီးတာ၊ သားဖျက်ချတာတွေကို
အပြတ် ဆန့်ကျင်ပါတယ်။ ဘာမှ လာမပြောနဲ့၊ NO ပဲ။ ခေတ်ပေါ်သမားတွေက ဒါတွေကို ဘာသာရေးအရ
မကြည့်ဘဲ သိပံ္ပနဲ့ လူမှုရေးမျက်မှောက်အခြေအနေကနေကြည့်တော့ တဦးချင်းဆီရဲ့ သဘောသဘာဝပဲဆိုပြီးတော့
သက်သက်သာသာ ထားပါတယ်။ ဒါကြောင့် ရီပတ်ဘလစ်ကန်အမတ်တွေ၊ သမ္မတတွေ မဲဆွယ်တဲ့အခါ အဲဒီ ဂျီကြီးကို
သိပ်ဂရုထားပါတယ်။
ဒုတိယ G က GAY ဖြစ်ပါတယ်။ ပထမ ဂျီနဲ့
အဆက်ပေါ့ ခင်ဗျာ။ လိင်ကွဲချင်း လက်ထပ်တာကို ရှေးရိုးစွဲတွေက မင်္ဂလာယူသော်လည်း လိင်တူချင်း
လက်ထပ်တာကို သူတို့က တူးတူးခါးခါး လက်မခံပါ။ ဘုရားသခင်က လိင်ကွဲတွေချင်း ယူတာကို အားပေးတော်မူတယ်။
လိင်တူတွေကို လက်ထပ်ပေးခြင်း မပြုနိုင်လို့ ငြင်းခုန်နေကြတာတွေ ရှိပါတယ်။ GAY
Rights ကို လက်ခံသော်လည်း GAY Marriage ကို လက်မခံတဲ့သဘောပါ။ ဘာကြောင့်ဆိုတော့ သူတို့ရှေးရိုးစွဲတွေထဲမှာ
Gay သားသမီးတွေ ရှိနေတာကြောင့် ဂေးခွင့်တော့ ပေးပြီး ဂေးလက်ထပ်ခွင့်ကိုတော့ မပေးလိုပါဘူး။
အင်း … ခေတ်ပေါ်သမားတွေက ဘယ်လိုလဲ။ ဒါက သဘာဝအရ ဖြစ်တာပဲ။ ဘယ်လိုမှ ပြောင်းလို့မရတာ။
Gay တွေဟာ born this way လို့ Lady Ga Ga က သီချင်းတောင် စပ်ဆိုလိုက်လို့ ဆုတွေတောင်
အများကြီး ရလိုက်ပါသေးသဗျာ။
တတိယ G က GUN ဖြစ်ပါတယ်။ ရှေးရိုးစွဲတွေဟာ
ကိုယ့်ဖာသာကိုယ် လွတ်လပ်စွာ ကာကွယ်ခွင့်ရှိရမယ်ဆိုတဲ့ အမေရိကန်အခြေခံဥပဒေပြင်ဆင်ပြဋ္ဌာန်းချက်ကို
အရူးအမူးစွဲကိုင်ပါတယ်။ သူတို့တွေမှာ သေနတ်တွေ စုဆောင်းမယ်။ ကိုယ်ပိုင် ကာကွယ်ရေးအဖွဲ့တွေ
ထူထောင်မယ်။ ကျုးကျော်သူတွေကို လက်နက်နဲ့ ဖြေရှင်းမယ်။ လူပုံအလည်မှာ သေနတ်တွေ ချိတ်ဆွဲပြီး
လည်ပတ်သွားလာခွင့်ရှိရမယ် စသည်ဖြင့် ဒါတွေကို ဂုဏ်လုပ်လေ့ရှိပါတယ်။ ခေတ်ပေါ်သမားတွေကတော့
ငြိမ်းချမ်းရေးကို တောင်းဆိုတာ၊ စစ်ကို ဆန့်ကျင်တာ၊ အကြမ်းဖက်မှုကို ရှုတ်ချတာတွေ လုပ်ကိုင်ကြတာမို့
သူတို့က Gun တွေကို ကန့်သတ်တာ၊ ထိန်းချုပ်တာတွေကို အစဉ်အားပေးကြပါတယ်။
နောက်ဆုံး G ကတော့ Greed ဖြစ်ပါတယ်။
ရှေးရိုးစွဲတွေက အစိုးရတွေကို အားမပေးပါဘူး။ အစိုးရကို သူတို့က ထိန်းချုပ်ကန့်သတ်ချင်ပါတယ်။
သူတို့က ကိုယ်ပိုင် ဓနဥစ္စာကို ကြီးပွား တိုးတက်အောင် အမြောက်အများ အထိန်းအချုပ်မရှိ
ရှာဖွေ စုဆောင်း သုံးစွဲနိုင်တာကိုပဲ အားပေးပါတယ်။ လိုလားပါတယ်။ ငါတို့ ချမ်းသာမှ ငါတို့ကိုယ်
ငါတို့ ကောင်းအောင်လုပ်နိုင်မယ်။ ငါတို့ကောင်းမှ သူများတွေ ကောင်းအောင် လုပ်နိုင်မယ်။
အစိုးရဆိုတာ ဒီလိုအရေးတွေမှာ ၀င်ရှုပ်နေတာ၊ စည်းမျဉ်းတွေ၊ ဥပဒေတွေ၊ အခွန်အတုတ်တွေ ကောက်နေတာ
အလကားပဲ။ ဒီကောင်တွေကို လျော့ချရမယ်၊ ကြပ်ထားရမယ်လို့ သဘောထားရှိပါတယ်။ ဆင်းရဲတဲ့သူတွေ၊
ပညာမတတ်တဲ့သူတွေ၊ အားနည်းတဲ့သူတွေဟာ သူတို့ဘ၀ပေးကံကြောင့် ဒုက္ခရောက်ရရှာတာ၊ God's
will ပဲ။ ငါတို့ သနားရင်တော့ ကယ်မှာပေါ့။ သနားအောင် နေကြဆိုတဲ့ စိတ်မျိုးနဲ့ အထက်စီးက
ကြည့်လေ့ရှိပါတယ်။
အမေရိကန်မှာ စတော့ဈေးကစားသူတွေ၊ ငွေကြေးရင်းနှီးမြုတ်နှံသူတွေ၊
ဘဏ်လုပ်ငန်းရှုင်တွေရဲ့ လောဘဇောကြောင့်၊ အခွင့်အရေးသမား စီးပွားရေး၊ နိုင်ငံရေးသမားတွေကြောင့်
တိုင်းပြည်စီးပွားပျက်ကပ်ဆိုက်တော့ အစိုးရက ပြည်သူ့အခွန်နဲ့ လုပ်ငန်းရှင်တွေ၊ ဘဏ်တွေကို
ဝင်ကယ်ပေးခဲ့ရပါတယ်။ ပြီးတော့ အဲသည်လုပ်ငန်းတွေ နောင်ကို လောဘဇောတိုက်ပြီး စားသုံးသူတွေကို
လိမ်လည်လှည့်ဖြား ဈေးမကစားနိုင်အောင် စည်းမျဉ်းဥပဒေတွေနဲ့ စည်းကြပ်မယ် အရေးယူမယ်လည်း
ဆိုရော ရှေးရိုးစွဲတွေက လက်ရှိအိုဘားမားအစိုးရကို ကွန်မြူနစ်ဖြစ်ကုန်ဘီ၊ လက်ဝဲ၀ါဒီမှိုင်းမိနေပြီဆိုပြီး
ကုန်းအော်တော့ တာပါပဲ။
သူတို့က စားသုံးသူတွေ ညံ့လို့၊ တုံးလို့၊
ဖျင်းလို့ အလှည့်ဖြားခံရတာပဲ။ အလိမ်ခံသူက အလိမ်ခံလို့ ငါတို့ စီးပွားဖြစ်တာဆိုတဲ့ လက်ဝါးကြီးအုပ်
အရင်းရှင်ဝါဒကို ဆုတ်ကိုင်ပြီး အစိုးရကို နေရာတကာ ၀င်မရှုပ်အောင် ရာဇသံပေးပါတယ်။ အလုပ်သမားအခွင့်အရေးတွေ၊
နိုင်ငံသားအခွင့်အရေးတွေ၊ သမဂ္ဂတွေ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှုပေးနေတာကို
မျက်မုန်းကျိုးပါတယ်။ အစိုးရရဲ့ လူထုကျောင်းနဲ့ ကောလိပ်ပညာရေးလုပ်ငန်းတွေကို သူတို့က
နှခေါင်းရှုံပါတယ်။ အလုပ်သမားနဲ့ အလယ်အလတ်တန်းစားတွေကို ပစားပေးလွန်းတယ်လို့ ထင်ပါတယ်။
ပညာတတ်ချင်ရင် အစိုးရကျောင်းတွေတက်နေဖို့ မလို၊ သူတို့လို ကိုယ်ပိုင်ကျောင်းတွေ ကိုယ်ပိုင်ဆရာတွေနဲ့
သင်ကြ တက်ကြပေါ့လို့ ဆိုတဲ့ အယူရှိပါတယ်။ ထမင်းငတ်နေရင် ပေါင်မုန့်ကင်စားရောပေါ့ ဆိုတာမျိုးပေါ့လေ။
ခေတ်ပေါ်သမားတွေကတော့ အတ္တဟိတ၊ ပရဟိတကို
မျှမျှတတသုံးစွဲချင်တယ်။ အားနည်းသူတွေကို ကာကွယ်ပေးချင်တယ်။ လူတန်းစားအမြင်လည်း ရှိကြတာမို့
အဲသည် အားနည်းသူတွေကို ကာကွယ် အားပေးမှုလုပ်နိုင်မယ့် အစိုးရတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းတွေကို
လိုလားကြ၊ နိုးကြားလှုံဆော်ကြတဲ့ သူတွေ ဖြစ်ပါတယ်။
နိဂုံးချုပ်ရမယ် ဆိုရင်ဖြင့် အမေရိကန်နိုင်ငံရေးမှာ
အထက်ပါ ဂျီကြီး လေးလုံး၊ (ဂြိုဟ်ကြီး ၄ လုံး လို့ ဆိုချင်ဆို) နဲ့ ပတ်သက်လာပြီဆိုရင်ဖြင့်
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီ၊ ခေတ်ပေါ်ဝါဒနဲ့ ရှေးရိုးစွဲဝါဒီတို့တတွေဟာ ကိုယ်က အဖြူ
ဆို သူက အမည်း အမြဲ ရန်ဖြစ် တိုက်ခိုက်နေဆဲ ဖြစ်လိမ့်မယ်လို့ ပြောလိုက်ချင်တာပဲ။
ဘယ်လိုလဲ မိတ်ဆွေ၊ သင်ကကော အထက်ပါ ဂျီကြီး
လေးလုံးထဲမှာ ဘယ်လို ဂျီကောင်ကြီး ဖြစ်နေပြီလဲ။ (စာကြွင်း - မြန်မာပြည်မှာဆိုရင် 4 P ပေါ့နော်။ power, political prisoners, peace and party (ဟဲဟဲ))
Comments