၈၈
မျိုးဆက်ကျောင်းသားများအဖြစ် ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မည်မဟုတ်ဟု
ထုတ်ပြန်
မိုးမခအထောက်တော်
၀၀၂၊ ဒီဇင်ဘာ ၅၊ ၂၀၁၁
မြန်မာပြည်တွင်းရှိ ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့က လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ်
သဘောထားထုတ်ပြန်ရာတွင် -
တိုင်းရင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးမှသာ
ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပဋိပက္ခများ ဖြေရှင်းနိုင်ရေးတို့
ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိရွေးကောက်ပွဲဝင်ရောက်ရေးကို
မိမိတို့ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ မိမိတို့ ၈၈
မျိုးဆက်ကျောင်းသားများကို ကိုယ်စားပြု၍သော်၎င်း၊ ၈၈
မျိုးဆက်ကျောင်းသားများဟူ၍သော်၎င်း ယခုကြံ့ဖွံ့အစိုးရကျင်းပပေးမည့်
ရွေးကောက်ပွဲကို ၀င်ရောက်ခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်ကို
တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို
လူထုခေါင်းဆောင်အဖြစ် သဘောထားကြောင်း၊ အင်န်အယ်ဒီပါတီ၏ အများစုဆန္ဒဖြင့်
လာမည့်ရွေးကောက်ပွဲဝင်ရောက်ခြင်းကို လေးစားကြောင်း၊ မိမိတို့
တဦးချင်းသဘောထားဆန္ဒအလျောက် ရွေးကောက်ပွဲဝင်ခြင်းကို မကန့်ကွက်ကြောင်းကိုလည်း
ထည့်သွင်းရေးသားထားသည်။
လက်ရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖြစ်
ထွန်းမြင့်အောင်၊ စိုးထွန်း၊ မြတ်သူ နှင့် ကိုကိုကြီး (စမ်းချောင်း) တို့က
လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်ကို တွေ့ရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွယ်၊
ဂျင်မီ၊ နီလာသိန်း၊ ကိုမြအေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအများအပြားကို လက်ရှိအစိုးရက
လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ ယခင်စစ်အစိုးရ၏ ပြစ်ဒဏ်များအတိုင်း ဆက်လက် ထားရှိခဲ့သည်မှာ
ယခုအချိန်အထိဖြစ်သည်။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ထွေး၊
ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် ၊ ကိုဥာဏ်လင်းထွန်းနှင့် ကိုဇော်ဇော်မင်းနှင့်အတူ စုစုပေါင်း
၃၅ ဦး သူတို့ကို လောင်စာဆီဈေးနှုန်း လျှော့ပေးရေးဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ၂၀၀၇ သြဂုတ်အတွင်း
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထောင်ဒဏ်ပေါင်း ၆၅ နှစ် ချမှတ်ပြီး နယ်ဝေးက ထောင်များသို့
ပြောင်းရွှေ့ ချုပ်နှောင်ထားသည်။

Comments