Before Thee Brothers go home, Talk with MoeMaKa

ပြည်ပရောက် သီးညီနောင် ပြည်တော်မပြန်မီ စကားစမြီ
မိုးမခအထောက်တော် ၀၀၃၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
စွယ်စုံရအနုပညာရှင်နှင့် ပြည်သူ့အချစ်တော် ဇာဂနာရဲ့ သီးလေးသီးအငြိမ့်အဖွဲ့သားများဖြစ်တဲ့ ကြယ်သီး၊ ပန်းသီးနဲ့ မြစပယ်ငုံတို့ မကြာမီ ပြည်ပအနုပညာလှုပ်ရှားမှုများပြီးဆုံး၍ မြန်မာပြည်သို့ ပြန်တော့မည်ဟု သိရပါတယ်။ အောက်တိုဘာ ၁၂ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကိုဇာဂနာ မလွတ်မြောက်မီကတည်းက သီး ၂သီး ဖြစ်တဲ့ စိန်သီးနဲ့ ဇီးသီးတို့က သူတို့အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာနဲ့ ဇနီးသည် ချောစုမျိုးတို့နှင့်အတူ ပြည်တော်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုမှာတော့ ကိုဇာဂနာနဲ့ တိုင်ပင်ပြီး သူတို့တွေ ပြန်ချိန်ရောက်ပြီဖြစ်တယ် လို့ ကိုပန်းသီးက မိုးမခကို ပြောပါတယ်။
ကိုပန်းသီးက ပရိသတ်များချစ်ခင်အားပေးတဲ့ သီးလေးသီးအဖွဲ့အဖြစ် ရပ်တည်သွားနိုင်အောင် ဆရာဖြစ်တဲ့ ကိုဇာဂနာရဲ့ သဘောထားကို ခံယူပြီးတော့ ကြိုးစားသွားမယ်။ ပြည်ပမှာ မိမိတို့ အနုပညာတာဝန်တွေ ကျေပွန်အောင် ကိုယ်တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တယ်လို့ ခံယူတယ်လို့ ပြောပါတယ်။
မိုးမခနဲ့ အတိုချူံး မေးမြန်းမိသလောက်မှာ -
မေး။ ။ ပြည်ပမှာ အနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့တာတွေကို ကျေနပ်ပါသလား။
ဖြေ။ ။ ကျေနပ်ပါတယ်။

မေး။ ။ ပြည်ပမှာ နေထိုင်စဉ်အတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဘယ်လိုသဘောထားသလဲ။
ဖြေ။ ။ ပြည်တွင်းမှာ ဒီအတွေ့အကြုံတွေကို ပြန်လည်ဝေမျှနိုင်မယ်၊ ပြန်အသုံးချနိုင်မယ်လို့ ယူဆပါတယ်။

မေး။ ။ ပြည်တွင်းနဲ့ ပြည်ပက ပရိသတ်တွေကို ဘယ်လို ခွဲခြားပြီး မြင်သလဲ။
ဖြေ။ ။ မမြင်ပါဘူး။ အားလုံး အတူတူပါပဲ။ မြန်မာပြည်ကို ချစ်တဲ့ မြန်မာပြည်သားတွေချည်းပဲ။

မေး။ ။ ဘယ်အလုပ်တွေကို အမှတ်တရ ဖြစ်နေမလဲ။
ဖြေ။ ။ လတ်တလောမှာ ရေကာတာဆန့်ကျင်ရေးအခွေလေး လုပ်ခဲ့ကြတာ အမှတ်တရပါ။ ဧရာဝတီမြစ်ဆုံအရေးကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျနော်တို့ အနုပညာနဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။

မေး။ ။ နောက်ကျတော့လဲ ကိုဂေါ်ဇီလာတို့နောက်လိုက်ရတာပဲလို့ ပြောရင် ဘယ်လိုသဘောထားမလဲ။
ဖြေ။ ။ အခုအချိန်မှာ ကိုဇာဂနာလွတ်မြောက်လာတယ်။ ကိုဇာဂနာအတွက် ခွန်အားတွေဖြည့်ဖို့ ကျနော်တို့တိုင်းပြည်ကို ကျနော်တို့ ပြန်ကြတယ်။ ဒါပါပဲ။

မေး။ ။ ပြည်ပက ပရိသတ်ကြီးကို ကျောခိုင်းသွားတာလား။
ဖြေ။ ။ ပြည်တွင်း ပြည်ပ ပရိသတ်ကြီးဟာ အားလုံး အတူတူ၊ တမိသားစုတွေပဲ။ ကျောခိုင်းတာမဟုတ်ပါဘူး။ 

မေး။ ။ ကိုဇာဂနာဆီမှာ အင်အားတွေ တိုးနေပြီပဲ။ ခင်ဗျားတို့ကော လိုအပ်သေးလို့လား။
ဖြေ။ ။ လိုအပ်ပါတယ်။ သီးလေးသီးဆိုတာ ကိုဇာဂနာရဲ့ ကိုယ်ပွားတွေ၊ ဒါမှမဟုတ်ရင် သူ့အင်အားတွေ၊ မျိုးဆက်သစ်တွေပါ။ 

မေး။ ။ ကိုဇာဂနာက ဘယ်လိုလူမျိုးလဲ။ နိုင်ငံရေးအလုပ်တွေ ပိုလုပ်လာမယ် ထင်သလား။
ဖြေ။ ။ တိုင်းပြည်ကို ချစ်တဲ့ အနုပညာသမား၊ နိုင်ငံရေးသမားလို့ မြင်မိပါတယ်။ အနုပညာရော နိုင်ငံအရေးတွေကော ၂ မျိုးစလုံး ဆက်လုပ်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ပိုပြီး ဦးစားပေးလုပ်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ အခု ပြည်တွင်းမှာ ဘာတွေ လုပ်မှာလဲ။
ဖြေ။ ။ အငြိမ့်သဘင်တိုးတက်အောင် လုပ်ချင်တယ်။ အလိုအပ်ဆုံးက အနုပညာလွတ်လပ်ခွင့်ပဲ။ ပြည်သူတွေကို အကျိုးပြုတဲ့ အနုပညာမျိုးတွေ လုပ်ချင်တယ်။

မေး ။ ဘာတွေ နောင်တရသလဲ။ ဘာတွေ ဆက်မလုပ်တော့ဘူးလဲ၊ ဘာတွေ ဆက်လုပ်ဦးမလဲ။
ဖြေ။ ။ နောင်တဆိုတာ မရှိပါဘူး။ အမှားတွေက အတွေ့အကြုံရပါတယ်။ သင်ခန်းစာရပါတယ်။ သီးလေးသီးကိုယ်တိုင်က အစပြုပြီးတော့ ညီညွတ်ရေးကို ဆက်လုပ်ပါမယ်။

မေး။ ။ သီးလေးသီးညီညွတ်ရေးပဲလား။
ဖြေ။ ။ မြန်မာလူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်း ညီညွတ်ဖို့ လိုပါတယ်။ အဲသည်အတွက် ၀ိုင်းပြီး လုပ်ကြရပါမယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။ နောက်လည်း တွေ့ကြသေးတာပေါ့။

Comments