Former Political Prisoners helped blast survivors in Rangoon

မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများက အစားအသောက်နဲ့ အ၀တ်အထည် ၁၀ သိန်းဖိုး သွားရောက်လှူဒါန်း
မိုးယံမခ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားဟောင်းများက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးဘေးသင့်ပြည်သူများကို အစားအသောက်နဲ့ အ၀တ်အထည်များများက ငွေကျပ် ၁၀ သိန်းဖိုး လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရပါတယ်။
 

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ၊ နံနက် ၁နာရီ ၃၀ က နံနက် ၄ နာရီ ၃၀ အထိ လောင်ကျွမ်းခဲ့သော မီးကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်နှင့် အရုဏ်ဦးရပ်ကွက်များတွင် လူနေအိမ်ခြေ ၇၀ ကျော်နဲ့ ဂိုဒေါင် ၁၆ လုံး ပျက်စီးသွားသည်ဟု ဆိုပါတယ်။ ထိုမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၅ ဦး အပါအ၀င် လူ ၂၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိကြောင်း သိရပါတယ်။

မီးဘေးသင့်ပြည်သူများကို ပုသိမ်ညွန့်ရပ်ကွက်ရှိ ရာကျော်ကျောင်းတိုက်အတွင်းမှ ဘုန်းတော်ကြိးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ပြီး လက်ခံထားတာကိုတွေ့ရပါတယ်။ မီးဘေးသင့်ပြည်သူ ၁၀၀ ကျော် ရှိကြောင်း သိရှိရပါတယ်။




“ကျနော်တို့ လူမှုရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေက စားစရာ၊ ပစ္စည်းတွေ လာပေးကြပါတယ်။ နိုင်ငံတော်အကြီးအကဲတွေဆီက အားပေးစကားပြောတာမျိုး မတွေ့ရသေးဘူးဗျ” ဟု မီးဘေးသင့်ပြည်သူတဦးက ပြောပါတယ်။
ဒီအလှူနဲ့ဆိုရင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ လှူတာ ၂ ကြိမ် ရှိပါပြီ။ ပထမအကြိမ်က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာပါ။ ကျနော်တို့တတွေ ချွေးနည်းစာတွေရယ်၊ တချို့သူတွေက ကျနော်တို့အဖွဲ့ကို လာလှူကြတာတွေရယ် စုပေါင်းပြီး လှူတာ ဖြစ်ပါတယ်။ ”
လို့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောကြားပါတယ်။

  “ကျနော်တို့လှူနေတဲ့အချိန်မှာ အင်န်အယ်ဒီက ဦးတင်ဦး၊ ဒေါ်မေ၀င်းမြင့်၊ ဦးနိုင်းနိုင်း၊ နောက် အင်န်ဒီအက်ဖ်က ဒေါ်သန်းသန်းနု စတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေလာကြတယ်။ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်တို့လည်း ပစ္စည်းတွေလှူပြီး မီးဘေးသင့်ပြည်သူတွေကို နှစ်သိမ့်အားပေးစကားပြောကြတာကို တွေ့ရပါတယ်။”
လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

Comments