သမဂ္ဂစိတ်ဓာတ်နဲ့ အလုပ်တာဝန်တွေ
မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဒီဇင်ဘာ ၂၃၊
၂၀၁၁
မြန်မာပြည်မှာ ထွက်ပေါ်လာတဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေထဲက
၈၈ မျိုးဆက်ကျောင်းသားများ အစုအဖွဲ့ရဲ့ ရပ်တည်ချက်တွေအကြောင်း ယခင်တပတ်က ပြောဖြစ်ပါတယ်။
ဒီတပတ်မှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် (ကျဆုံးခြင်း)
၇၃ နှစ်မြောက်နေ့ ကျင်းပခဲ့တဲ့မြင်ကွင်း၊ မျိုးဆက်အဆင့်ဆင့်နဲ့ဗကသများအဖွဲ့ချုပ်က သမဂ္ဂကျောင်းသားများ၊
ခေါင်းဆောင်များတက်ရောက်တဲ့ သမိုင်းတာဝန်ဆက်ခံပွဲအကြောင်းကို မေးဖြစ်ပါတယ်။
မေး။ ။ဗိုလ်အောင်ကျော်နေ့မှာ သမိုင်းခေတ်အဆက်ဆက်က ဗကသအဖွဲ့ချုပ်ရဲ့
ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ တက်ရောက်တဲ့ အခမ်းအနားဖြစ်တယ်။ ဆရာကိုယ်တိုင်လည်း တက်ရောက်တယ်။
ဗိုလ်အောင်ကျော်နေ့ အခမ်းအနားတင်မဟုတ်ဘူး၊ ကျောင်းသားအာဇာနည်တွေကို ဂုဏ်ပြုတဲ့ပွဲ၊
သမိုင်းတာဝန်ဆက်ခံပွဲလို့လည်း အမည်ပေးထားတော့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ၂၀၀၇ နဲ့ နောက်ပိုင်း
မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးလိုက်တဲ့ ပွဲမျိုးဖြစ်နေတယ်လို့ မြင်မိတယ်။ ဆရာ့အမြင်ကို
ပြောပါဦး။
ဖြေ။ ။ ကျနော့်အမြင်ပြောရရင် ဖိတ်စာထဲမှာက ယခင်ကလို
နိုင်ငံရေးအကျဉ်းသားဟောင်းများတို့၊ ကျောင်းသားဟောင်းများတို့၊
သမဂ္ဂအဖွဲ့ဝင်ဟောင်းများကလို့ ဖိတ်တဲ့စာမဟုတ်ဘူး၊
ဗကသများအဖွဲ့ချုပ်ကဆိုပြီး ဖိတ်တာ။ သဘောက ဗကသများအဖွဲ့ချုပ်ဆိုတာ ရှိတယ်။ အဲသည်ရှိတာကို
ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ လူတစုကနေပြီး ဖိတ်ကြားတယ်။ အဲသည်ဗကသများအဖွဲ့ချူပ်ကို
မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းတယ်လို့ ဆိုလိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အဲသည်တော့ ထုံးစံအတိုင်း ဗကသလို့ ဆိုလိုက်တာနဲ့၊
ကျောင်းသားသမဂ္ဂလို့ ဆိုလိုက်တာနဲ့ ဒါတွေဟာ ကွန်မြူနစ်တွေ၊ လက်ဝဲအုပ်စုတွေ၊ အဲသည်လူတစုတွေ၊
အုပ်စုတွေက သူတို့သဘောကျတဲ့သူတွေ၊ သူတို့ရွေးထားတဲ့သူတွေကို လက်ဆင့်ကမ်းကြတယ်လို့ ပြောကြ၊
ဆိုကြ ဝေဖန်ကြတာတွေ မထွက်လာဘူးလား ဆရာ။
ဖြေ။ ။ အဲသည်လိုမျိုး ပြောကြဆိုကြ၊ ထင်မြင်ချက်ပေးကြတာတွေ
ထွက်လာပါတယ်။ တချို့ကဆိုရင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တချို့အပါအ၀င် အဲသည်အခမ်းအနားကို
သွားမတက်ကြတော့ဘူး။ အလုပ်များလို့ မတက်နိုင်ကြတာကတော့ တပိုင်းပေါ့လေ။ ခုနင်က ခင်ဗျားပြောသလို
အထင် အမြင်တွေနဲ့ သွားမတက်ကြတာတွေ ရှိတယ်။
မေး။ ။ ဒါပေမယ့် ဆရာကိုယ်တိုင် အဲသည်အခမ်းအနားကို တက်ရောက်တာကို
ကျနော်တို့ တွေ့လိုက်တယ်။ ဆရာက ဘာကြောင့် သွားတက်တာလဲ။
ဖြေ။ ။ ကျနော်ကတော့ သွားတက်ပါတယ်။ ကျောင်းသားသမဂ္ဂ တည်ရှိရေး၊
ခေတ်အဆက်ဆက် ဆက်လက်သယ်ဆောင်နိုင်ရေးဆိုတဲ့ မူကို ထောက်ခံတဲ့အနေနဲ့ ကျနော်ကတော့ သွားပါတယ်။
တချို့ကတော့ လုပ်တဲ့သူတွေ၊ လုပ်နည်းလုပ်ဟန်တွေကို မေးခွန်းထုတ်ကြတယ်။ သံသယရှိတယ် ပြောကြတယ်။
ကျနော်ကတော့ အဲသည်လို သဘောမထားပါဘူး။ သူတို့တတွေဟာ လုပ်နိုင်တဲ့သူတွေအနေနဲ့ လုပ်စရာရှိတာကို
လုပ်တာပဲ။ သမဂ္ဂပေါ်ထွန်းရေးအတွက် စွဲစွဲမြဲမြဲနဲ့ ဆုပ်ဆုပ်ကိုင်ကိုင်နဲ့ မဆုတ်မနစ်နဲ့
ပုံသဏ္ဍန်ကို ဖော်ဆောင်ကြတာကို ထောက်ခံတဲ့အနေနဲ့ ကျနော်က သွားတက်တာ ဖြစ်ပါတယ်။
မေး။ ။ အဲသည်မှာ ခေတ်အဆက်ဆက်က သမဂ္ဂရဲ့ ကျောင်းသားခေါင်းဆောင်ကြီးတွေကို
ကျနော်တို့ တွေ့ရတယ်လေ ဆရာ။ ဒဂုန်တာရာ၊ မန္တလေး တကသက ဦးအောင်သူ၊ ရန်ကုန် တကသက ဦးလှရွှေ၊
၈၈ ဗကသအဖွဲ့ချုပ်က ကိုညိုထွန်းတို့ကို ဓာတ်ပုံတွေထဲမှာ တွေ့တယ်။ ၂၀၀၇ သံဃာ့အရေးတော်ပုံမှာ
ဗကသအလံကို ကိုင်စွဲပြီး ထွက်ပေါ်လာခဲ့တဲ့ အခုအကျဉ်းကျနေတဲ့ စည်သူမောင်တို့၊ ကျော်ကိုကိုတို့နဲ့
အတူလက်တွဲခဲ့ကြတဲ့ မျိုးဆက်သစ် သမဂ္ဂကျောင်းသားလူငယ်တွေလည်း တွေ့ရတယ်လေ ဆရာ။
ဖြေ။ ။ ဟုတ်တယ်။ ဒီပွဲကို ဖိတ်တာက ကျောင်းသားသမဂ္ဂဖြစ်ရေးကို
လိုလားတဲ့သူတွေကနေပြီး ဖိတ်တာမျိုးမဟုတ်ဘူး။ တည်ရှိနေပြီးတဲ့ ကျောင်းသားသမဂ္ဂကနေ ဖိတ်တာ၊
ခေတ်အဆက်ဆက်မှာ ကျောင်းသားခေါင်းဆောင်တွေအဖြစ် ရပ်တည်လှုပ်ရှားခဲ့တဲ့ မျိုးဆက်တွေကနေပြီး
ဖိတ်တာလို့ ပြောလို့ရတယ်။ ခေတ်လေးခေတ်ပေါ့ကွာ။ ကိုလိုနီခေတ်က ဒဂုန်တာရာ၊ ၆၂ ဆဲဗင်းဂျုလိုင်က
ကိုလှရွှေတို့၊ ကိုအောင်သူတို့တွေ၊ ၈၈ ကာလက ဗကသခေါင်းဆောင်တွေကတော့ ထောင်ထဲမှာပေါ့ကွာ။
သို့သော်လည်း သူ့မိတ်ဆွေတွေ ရဲဘော်တွေလည်း တက်ရောက်ကြတယ်။ အခု ၂၀၀၇ ရွှေဝါရောင်က ဗကသမျိုးဆက်တချို့တွေကလည်း
ထောင်ထဲမှာပဲ။ ဒါပေမယ့် လွတ်မြောက်နေတဲ့၊ လွတ်မြောက်လာတဲ့ သူတို့ရဲဘော်တွေလည်း တက်ရောက်ကြတယ်
ပြောပါတယ်။ အခုမှာ ရှေ့မျိုးဆက်တွေက နောက်မျိုးဆက်ကို လက်ဆင့်ကမ်းတဲ့ အခမ်းအနားလို့
ပြောကြတယ်။ သမဂ္ဂအမွေနဲ့ တာဝန်တွေကို လူကြီးတွေချည်းက ဆုပ်ကိုင်ထားတာမဟုတ်ဘူး၊ လူငယ်တွေကို
ဆက်ပြီး လက်ဆင့်ကမ်းတယ်လို့ ပြောရင် ရပါတယ်။
မေး။ ။ နိုင်ငံရေးပုံသဏ္ဍန်တွေမှာ ကျောင်းသားသမဂ္ဂတွေ တည်ရှိရေး၊
ပေါ်ထွက်လာရေးဆိုတာ အရေးပါတယ်လို့ ဆရာက ယူဆတယ်ပေါ့။
ဖြေ။ ။ ကျနော်က ဒါကို ထောက်ခံပါတယ်။ ယုံကြည်ပါတယ်။
မျိုးဆက်တွေ လက်ဆင့်ကမ်းတဲ့သဘော၊ လက်ဆင့်ကမ်းတဲ့နေရာမှာ စနစ်တကျနဲ့ လူကြီး လူငယ် စုံစုံလင်လင်နဲ့
လုပ်တာဖြစ်တယ်လို့ မြင်ပါတယ်။ အရေးကြီးပါတယ်။ နေ့ထူးနေ့မြတ်နဲ့လည်း တိုက်ဆိုင်တယ်။
သူတို့ဖြစ်စေချင်တဲ့ Legality (သမိုင်းဝင်မှု) ဖြစ်ရေးလည်း ပါဝင်တယ်။ ကောင်းလည်း ကောင်းပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ ၈၈ မျိုးဆက်တွေရဲ့ ရပ်တည်ချက်တွေ
ပေါ်ထွန်းလာတယ်။ အခုလိုမျိုး လူငယ်မျိုးဆက်သစ်တွေရဲ့ ကျောင်းသားသမဂ္ဂအနေနဲ့ ရပ်တည်ချက်တွေ
မြင်တွေ့လာရတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အင်န်အယ်ဒီပါတီခေါင်းဆောင်တွေက
လက်ခံတွေ့ဆုံ ဆွေးနွေးမှုတွေ တွေ့လာကြရလိမ့်မယ်လို့ ထင်ပါသလားဆရာ။ (ဒီမေးခွန်းကို ယမန်နေ့က
ဒေါ်စုနှင့် ၈၈ မျိုးဆက်တို့ မတွေ့ဆုံမီမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်)
ဖြေ။ ။ အဲသည်လို ၈၈မျိုးဆက်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့
တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာမယ်။ ပြီးတော့ ရွေးကောက်ပွဲတို့၊ ပါတီတို့ ၀င်ရောက်တာတွေ၊
ထူထောင်တာတွေ မလုပ်ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ၀န်းရံဖို့မှာ
အားလုံးက တသဘောတည်း ရှိကြလိမ့်မယ်။ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ကျေးဇူးတင်ပါတယ်။ ။
Comments