Khin Hnin Lwin - နှစ်သစ်အစနဲ့ အစိုးရရဲ့ဈေးတက်ခြင်းများ

 နှစ်သစ်အစနဲ့ အစိုးရရဲ့ဈေးတက်ခြင်းများ
ခင်နှင်းလွင်၊ ရန်ကုန်
ဒီဇင်ဘာ ၁၇၊ ၂၀၁၁
မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၁ ရက်နဲ့ ဧပြီလ ၁ ရက်ဆိုရင် အစိုးရက  ဘယ်ဝန်ဆောင်မှုတွေ ဈေးတက်ဦးမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်နေရတာ နှစ်အတန်ကြာပါပြီ။ ဇန်န၀ါရီလ ၁ ရက်နေ့တွေမှာ ဖုန်းပြောဆိုခတွေမြှင့်တင်တဲ့ အဖြစ်ဟာ တကြိမ်မကတော့သလိုပဲ ယခင်နှစ် ဧပြီလတရက်မှာ မီတာထိန်းသိမ်းခ တက်ခဲ့တာကိုလည်း အမှတ်ရနေဆဲ ဖြစ်ပါတယ်။
အခုလာမယ့် ဇန်န၀ါရီလ ၁ ရက်နေ့မှာတော့ မီတာခကို ၂ ဆတက်ဖို့ ဒုဝန်ကြီးက ထုတ်ပြောထားပါပြီ။ လျှပ်စစ်မီး အနည်းငယ်မှန်လာတယ်လို့ လူတွေမှတ်ယူလာချိန်မှာ အခုလိုလျှပ်စစ်သုံးဆောင်ခကို မြှင့်တင်လိုက် တာပါ။  
စီးပွားရေး လုပ်ငန်းသုံးသူတွေဟာ တယူနစ် ၁၀၀ ကျပ် ဆောင်ရမှာဖြစ်သလို အိမ်သုံးသူတွေ အနေနဲ့ တယူနစ်ကို ၅၀ ကျပ်ပေးဆောင်ရမှာပါ၊ စီးပွားရေး လုပ်ငန်းသုံးဆိုပေမယ့် ကြီးကြီးမားမား လုပ်ငန်းမှ မဟုတ်ပဲ ကိုယ်နေတဲ့အိမ်ခန်းမှာ ကုန်စုံဆိုင်ဖွင့်တဲ့သူရော၊ လက်ဘက်ရည်ဆိုင်ဖွင့်သူ၊ နောက်ဆုံး လက်တိုလက်တောင်း ချိုချဉ် မုန့်လေးတွေ ရောင်းချတဲ့  အိမ်ကိုတောင် စီးပွားရေး လုပ်ငန်းသုံး စာရင်းထဲ ထည့်သွင်းကောက်ယူနေတာလည်း ဖြစ်ပါတယ်။
ဒေသတွင်း လစာနဲ့ မီတာခ နှိုင်းယှဉ်ကြည့်ရင်
မြန်မာနိုင်ငံဟာ ဒေသတွင်း ၁၅ နိုင်ငံမှာ မီတာခ အနိမ့်ဆုံးဖြစ်နေတယ်လို့ ဒုဝန်ကြီးက ပြောကြောင်း၊ အခုမြှင့်တင်လိုက်မယ့် နှုန်းသစ်နဲ့ဆိုရင် တတိယ အနိမ့်ဆုံးလို့ဆိုပါတယ်။ ဒုဝန်ကြီးကဘယ်လို တွက်တယ်မသိပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိမီတာခဟာ ဒေသတွင်း ၁၅ နိုင်ငံမှာ အနိမ့်ဆုံးလို့ ပြောနေပါတယ်။  တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ အိမ်နီးချင်းနိုင်ငံ တရုတ်တို့ ထိုင်းတို့ကနေ ၀ယ်သုံးနေကြပါတယ်။ သို့ပေမယ့် ဒိလောက် ဈေးကြီးတယ်မကြားမိပါ။  
နောက်အရေးကြီးတချက်ကတော့ မြန်မာနိုင်ငံက လူအများစုရဲ့ ၀င်ငွေပါ။ မြန်မာနိုင်ငံမှ ဈေးသက်သာနေတယ်လို့ ပြောတိုင်း မြန်မာနိုင်ငံရဲ့နဲ့ အိမ်နီးချင်းနိုင်ငံတွေက တဦးချင်း ၀င်ငွေကိုပါ နှိုင်းယှဉ်ပြောဖို့ တာဝန်ရှိပါတယ်။
 မြန်မာနိုင်ငံရဲ့ တဦးချင်းပျှမ်းမျှ ၀င်ငွေဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံများ အကြားမှာ အနိမ့်ဆုံး အဆင့်မှာရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင် တော်တော်ကြီးကိုကွာခြားပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေ သန်းနဲ့ချီ ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေတာကို ကြည့်ရင် မြန်မာနိုင်ငံက ၀င်ငွေနိမ့်နေတာ ထင်ရှားပါတယ်။
အစိုးရလုပ်သူအနေနဲ့ မိမိနိုင်ငံက လျှပ်စစ်၊ သယ်ယူပို့ဆောင်ခ နှုန်းထား၊ တယ်လီဖုန်းပြောဆိုခတွေကို မိမိနိုင်ငံသားရဲ့ ၀င်ငွေနဲ့ ချိန်ထိုးခြင်းမပြုပဲ နှိုင်းယှဉ်ပြောဆိုတာဟာ နည်းလမ်းမကျပါဘူး။ ဒီအချက်ဟာ အဖြစ်မှန်၊ အခြေနေမှန်ကို မျက်ကွယ်ပြုပြီး ပြောဆိုနေသလို ဖြစ်ပါတယ်။
အခုဆိုရင် သာမန် ၀န်ထမ်းတယောက်အဖို့ ပျှမ်းမျှလစာ ၄ သောင်း၊ ၄ သောင်းခွဲပဲ ရချိန်မှာ အိမ်ခန်းတခန်းရဲ့ လစဉ် မီတာခက ၄ထောင်နဲ့ ၆ ထောင်ကြားမှာရှိပါတယ်။ လေအေးပေးစက်မသုံးတဲ့ နှုန်းပါ။ လစာရဲ့ ၇ ပုံ ၁ပုံ၊ ၈ ပုံ ၁ပုံကို လျှပ်စစ်မီတာခ ပေးဆောင်ရမယ့် သဘောပါ။
လောင်စာဆီ နဲ့ တယ်လီဖုန်းပြောခ တိုးမြှင့်စဉ်မှာလည်း အစိုးရ အရှုံးပေါ်တယ်၊ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်နေတယ်ဆိုတဲ့ ဆင်ခြေကို ပေးတာဟာ အခြေနေမှန်ကို ဖုံးကွယ်ပြီးပြောတာ ဖြစ်သလို  အစိုးရ အနေနဲ့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ အခြားသော အရင်းမြစ်တွေသုံးစွဲတာဟာ ၀င်ငွေနိမ့်နေတဲ့ လူထု ပိုပြီးဒုက္ခ မရောက်အောင် ရည်ရွယ်လုပ်ဆောင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။
သာမန်လူတွေ ထိခိုက်မယ့် အစီအစဉ်
မြန်မာနိုင်ငံက သာမန်လူထုဆိုတာဟာ လျှပ်စစ်မီတာခမပေးရတဲ့ စစ်တပ်ထဲမှာ နေထိုင်သူမဟုတ်ကြပါဘူး။ ဘယ်မြို့မှာမဆို တပ်ရင်း စစ်တိုင်းဋ္ဌာနချုပ်တွေထဲမှာ မီတာခ မပေးဆောင်ရသလို ချွေချွေတာတာလည်း သုံးစွဲခြင်းမရှိကြပါဘူး။
အဲလိုပဲသာမန်လူထုဟာ  ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလည်း မရှိ၊ အစိုးရနဲ့ ပေါင်းပြီး ကန်ထရိုက်တွေလည်း မရ၊ အစိုးရဋ္ဌာနမှာ လာဘ်လာဘ ကောင်းကောင်းရတဲ့အရာရှိတွေလည်း မဟုတ်တာကြောင့်  မြှင့်တက်လာမယ့်  မီတာခဟာ သူတို့ရဲ့ လစဉ်ဝင်ငွေကို ကြီးကြီးမားမား ထိခိုက်စေမှာပါ။ စားစရာလို ကုန်ပစ္စည်းဈေးတက်ရင် တခြားရွေးချယ်စရာ ရှိပေမယ့် လျှပ်စစ်မီးနဲ့ ပတ်သက်ရင်တော့ အစိုးရရဲ့ လျှပ်စစ်မီးကို မသုံးပဲ ရွေးချယ်စရာ မရှိကြပါဘူး။ ပုဂ္ဂလိက အနေနဲ့ လျှပ်စစ်မီးပေးဖို့ရာ လုပ်ပိုင်ခွင့်လည်း ပေးမထားပါဘူး။
မြန်မာနိုင်ငံ ရန်ကုန်မြို့အနေနဲ့ မိသားစုနဲ့ နေထိုင်တဲ့  အိမ်ထောင်စု တစုအဖို့ မီတာခ အနည်းဆုံး ၈ထောင် ၀န်းကျင်ကနေ  အများဆုံး ၁ သောင်းခွဲ ၂ သောင်းကျသင့်ပါတယ်။ လေအေးပေးစက် သုံးရင် ဒိထက်ပိုကျသင့်ပါတယ်။ အဲဒီပမာဏဟာ နောက်လကျရင် ၂ ဆပေးရတော့မယ်ဆိုတာရဲ့ အဓိပ္ပါယ်က မိသားစုတွေဝင်ငွေထဲက လျှပ်စစ်အသုံးစရိတ်တွက် လစဉ် သောင်းဂဏန်းနဲ့ ပိုသုံးကြရမယ် ဆိုတာပါပဲ။
မိသားစုတွေအဖို့ လျှပ်စစ်မီတာခအတွက် စားသောက်စရိတ်၊ ကျန်းမာရေးစရိတ်တွေကို ဖဲ့ပြီး ပေးရတော့မယ့် သဘောလည်း ဖြစ်ပါတယ်။
မလိမ့်တပတ်နဲ့ ငွေကောက်ခံနည်း တရပ်
လူထုထံမှ ငွေကို လှည့်ပတ်ယူတဲ့ နည်းတနည်းလည်း ရှိပါသေးတယ်။ အဲဒီနည်းက မီတာထိန်းသိမ်းခ မြှင့်ပြီး ယူတဲ့နည်းပါ။ လွန်ခဲ့တဲ့ တနှစ်သာသာကပဲ မီတာထိန်းသိမ်းခ တလုံးကို ကျပ် ၅၀၀ ကနေ ၁ ထောင်ကျပ် မြှင့်တင်ခဲ့ပါတယ်။ မီတာဘောက်စ် ၂ လုံးတပ်ဆင်ထားတဲ့ ရန်ကုန်က နေအိမ်ခန်းတွေအဖို့ တလ ၂ ထောင်ကျပ် အနိမ့်ဆုံးပေးရမယ့်သဘောလည်း ဖြစ်ပါတယ်။ အဲလို ထိန်းသိမ်းခ မတိုးမြှင့်မီ နယ်မြို့တွေ၊ ရန်ကုန်နဲ့ နယ်မြို့များမှာ ယခင်လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေကို မီတာပုံး  လိုက်တပ်ဆင်ပေးခဲ့ပါတယ်။
လျှပ်စစ်မီးတာပုံးတပ်ဆင်ခွင့်ကို ယခင်က တင်းကြပ်ထားခဲ့ရာကနေ လွယ်လွယ်ကူကူ တပ်ဆင်ပေးလိုက်တဲ့ ရည်ရွယ်ချက်ဟာ တိုးမြှင့်လိုက်တဲ့ မီတာထိန်းသိမ်းစောင့်ရှောက်ခ လိုချင်တာကြောင့်လို့ လူအများနားလည်လာကြပါတယ်။ ကျေးရွာတွေ မြို့စွန်ရပ်ကွက်တွေ အနေနဲ့လည်း တလမှာ လျှပ်စစ်မီး ၃ ရက်ပဲလာလာ၊ ၄ ရက်ပဲလာလာ လျှပ်စစ်ဋ္ဌာနက လကုန်ရင် ကျပ် ၁ ထောင်ကောက်ခံမှာပဲ ဖြစ်ပါတယ်။ မြို့တမြို့မှာ မီတာပုံး ၁ သိန်းရှိရင် မီးမလာလည်း လစဉ် သိန်း ၁ ထောင်ရပြီးသား ဖြစ်အောင် မလိမ့်တပတ်နဲ့ လုပ်ဆောင်လိုက်တာပါ။
အခုလို စားသုံးသူဘက်က အခွင့်အရေးဆိုစရာ၊ စောဒက တက်စရာ၊ ရွေးချယ်စရာမရှိတာကြောင့်လည်း မြန်မာအစိုးရ လျှပ်စစ်ဖြန့်ဖြူးရေးဋ္ဌာနက လုပ်ချင်ရာလုပ်နေနိုင်တာပါ။
ပြည်တွင်းမှ ဝေဖန်ခွင့်မရှိ
ရှေ့လမှ စတင်မယ့် မီတာခ တိုးမြှင့်မယ့် အစီအစဉ်ကို လူထုတွေ အနေနဲ့ ဘယ်ပြည်တွင်းမီဒီယာမှာမှ ဝေဖန်ပြောဆိုခွင့် မရှိပါဘူး။ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဟာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတခုပါ၊ အကျိုးအမြတ် ရလိုတဲ့ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ လုပ်ငန်းတခုမဟုတ်ပါဘူး။ အခြားဘယ်လုပ်ငန်းမှလည်း ပြိုင်ဆိုင် ခွင့်မပေးထားတာကြောင့် လျှပ်စစ်ထုတ်လုပ်ရာမှာ တိုင်းပြည် သယံဇာတတွေဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့၊ ရေအား၊ လောင်စာဆီတွေ သုံးစွဲပြီး လူထုရဲ့ သက်သာချောင်ချိဖို့ ရည်ရွယ်လုပ်ဆောင် သင့်ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး ဖိုရမ်တွေ အလုပ်ရုံဆွေးနွေးပွဲတွေ ပညာရှင်တွေ ဖိတ်ပြီးကျင်းပခဲ့ပါတယ်။ အခုလို လျှပ်စစ်မီတာခ တိုးမြှင့်တဲ့ အစီအစဉ်ဟာ သာမန်လူတွေ အားလုံးရဲ့ ၀င်ငွေကို ထိခိုက်စေမှာဖြစ်သလို ကျန်းမာရေး၊ လူမှုရေးလို အသုံးစရိတ်တွေ လျှော့သုံးရမှာဖြစ်လို့ ဆင်းရဲမှုကို နက်ရှိုင်းစေမယ့် အစီအစဉ်တခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။    

Comments