Ko Shwe Wine - Essay

ချစ်လို့ထိုးတဲ့ ခေါင်းလောင်းသံ
ကိုရွှေဝိုင်း
ဒီဇင်ဘာ ၁၇၊ ၂၀၁၁



ဘဘဗိုလ်ချုပ်ကျော်ဇောရဲ့ မွေးနေ့ဆုတောင်းစကားလေးကို ကြားလိုက်ရတော့ ရင်ထဲမှာ အတော့်ကို ကြည်နူးမိသွားတယ်ဗျာ။ ရှားရှားပါးပါး သက်ရှိထင်ရှားကျန်နေတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ထူးကြီးပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့သာ ဖြူဖြူစင်စင် တကယ်သဘောထားနိုင်ကြမယ် ဆိုရင် ဘဘကိုရော ကျွန်တော်တို့ ဘာလို့မေ့ထားနေကြတာပါလဲ။

ပါတီစုံဒီမိုကရေစီဝန်းကျင်အောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း တစ်ထောင့်တစ်နေရာက အားလုံးနဲ့အတူ လက်တွဲပါဝင်ကြစေချင် ပါတယ်။ ဒီမိုကရေစီလို့ တဖွဖွရွတ်နေကြတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ဒီမိုကရက်တွေပါလို့ အလုအယက်ကြော်ငြာနေကြတဲ့သူတွေအားလုံး ငါနဲ့မတူ ငါ့ရန်သူလို့သဘောမထားနေကြသင့်တော့ပါဘူး။

တကယ်တော့ NLD ပါတီဝင်တွေဟာလဲ ကျွန်တော်တို့ပြည်သူတွေပါ။
ကြံ့ခိုင်ရေးပါတီဝင်တွေဟာလဲ ကျွန်တော်တို့ပြည်သူတွေပါ။
တစည ပါတီဝင်တွေဟာလဲ ကျွန်တော်တို့ ပြည်သူတွေပါ။
ဗကပ ပါတီဝင်တွေဟာလည်း ကျွန်တော်တို့ ပြည်သူတွေပါ။
ဘယ်ပါတီမှမ၀င်တဲ့ အခြားပြည်သူပြည်သားတွေလည်း အများကြီးပါ။

ပါတီစုံဒီမိုကရေစီကို ကျွန်တော်တို့စိတ်ထဲမှာ တကယ့်ကိုလက်ခံပြီးပြီဆိုရင် ဘယ်ပါတီက နိုင်နိုင်၊ အခြားကိုယ့်ပါတီဝင်မဟုတ်တဲ့သူတွေ ကိုယ့်ကိုကန့် ကွက်မဲပေးတဲ့သူတွေရဲ့အကျိုးစီးပွားတွေကိုပင် ဆောင်ရွက်ကြရမှာပါဘဲ။

အနာဂါတ်နိုင်ငံရေးဝန်းကျင်မှာ NLD ဟာ တစညပါတီနဲ ပူးပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရဖွဲ့ရတဲ့အခြေအနေမျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူကမှ တထစ်ချယူဆထားလို့ မရပါဘူး။ တိုင်းပြည်အကျိုးစီးပွားကသာ အဓိကဖြစ်ပါတယ်။ နိုင်ငံရေးမှာ ထာဝရရန်သူဆိုတာမရှိဘူး။ ထာဝရမိတ်ဆွေဆိုတာမရှိဘူး။ ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတာ ကျွန်တော်တို့သင်ယူခဲ့ပြီးသားပါ။

ဗမာပြည်ဟာ မှောင်မိုက်ခဲ့တယ်။ နာကြည်းစရာတွေ၊ ၀မ်းနည်းကြေကွဲစရာတွေနဲ့ ခွင့်လွှတ်သည်းခံဖို့ ခက်ခဲလောက်အောင်ကို အဖိနှိပ်ခံခဲ့ရ တယ်။ အမုန်းတွေ အာဃာတတွေ အညှိုးအတေးတွေ ရှိခဲ့တယ်။

ဒါတွေကို ဘယ်မျိုးဆက်တွေထိအောင်ဆက်ပြီး အမွေပေးကြဦးမှာလဲ။ ကျွန်တော်တို့ကိုယ်တိုင် အဖိနှိပ်ခံခဲ့ရတဲ့ဝန်းကျင်ဆိုးကြီးမှာ ရုန်း ကန်ခဲ့ရတယ်။ ဒါပေမယ့် ဒါတွေကို ဒီမျိုးဆက်မှာတင် ရပ်ချင်ပါပြီ။ သားတွေသမီးတွေခေတ်အထိ ဒီပူလောင်မှုတွေ၊ အာဃာတတွေ၊ အမုန်း တရားတွေ လက်စားချေလိုမှုတွေကို လက်ဆင့်မကမ်းလိုတော့ပါဘူး။ အင်္ဂလိပ်က ဖိနှိပ်ကုပ်သွေးစုတ်တယ်။ ဂျပန်ကရက်စက်ယုတ်မာတယ်။ ဒါပေမယ့် ရာစုနှစ်တခုလုံး ထိုင်ပြီးလွမ်းမနေအားပါဘူး။ ကိုယ့်တိုင်းပြည်ကိုယ်ထူထောင်ဖို့အတွက်ဘဲ အာရုံပြုခဲ့ကြရတယ်။ ဘယ်သူက ဘယ်လောက်ထိအောင် ဘာလုပ်ခဲ့တယ်ဆိုတာကို သမိုင်းက အသိအမှတ်ပြုပြီး မှတ်တမ်းတင်ပြီးသားပါ။

ကျွန်တော်တို့တိုင်းပြည်ဟာ အရှိန်ပြင်းပြင်းနဲ့ ပြန်ပြီးနိုးထဖို့ အခွင့်အရေးပေါင်းစုံရှိနေတဲ့ နိုင်ငံမျိုးပါ။ မျှော်လင့်ချက်မဲ့နိုင်ငံမျိုး မဟုတ်ပါဘူး။ ထိုင်းဟာ ဒီမိုကရေစီစံနစ်ဆီကို အဆင့်တစ်ခုအထိကူးနိုင်ခဲ့ပြီ။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်တို့မြင်တွေ့နေရတဲ့အတိုင်းပါဘဲ။ ထိုင်းဒီမိုက ရေစီဟာ မရင့်ကျက်မတည်ငြိမ်သေးတဲ့အပြင် ပါတီတွေကြောင့် လူထုတွေဟာ ရန်ဘက်တွေလို အချင်းချင်းစောင်နေကြတယ်။ ရန်လို နေကြတယ်။ အမျိုးသားအကျိုးစီးပွားထက် တစ်စုတစ်ဖွဲ့ တစ်ပါတီ ဂိုဏ်းဂဏကိစ္စတွေကိုဘဲ ရှေ့တန်းတင်နေကြတယ်။ ကျွန်တော်တို့က ဒါမျိုးကို သင်ခန်းစာယူသင့်တယ်။ မဖြစ်အောင် ကာကွယ်သင့်ကြပါတယ်။

အဘိုးသခင်ကိုယ်တော်မှိုင်းက ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တမ်းတခဲ့ဘူးတယ်။ ဒါပေမယ့် အဘိုးမမြင်သွားခဲ့ရ ပါဘူး။ အမေဒေါ်အမာလည်း မမြင်သွားခဲ့ရဘူး။ ကျန်တဲ့သူတွေလည်း အများကြီး၊ ဒီလိုဘဲပေါ့လေ။

ဘဘဗိုလ်ချုပ်ကျော်ဇောတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ ဆရာဒဂုံတာရာတို့၊ ဘဘဦးတင်ဦးတို့၊ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်ကြီးတွေ၊ တိုင်းရင်းသားခေါင်း ဆောင်ကြီးတွေ၊ အချို့သော စစ်ခေါင်းဆောင်ဟောင်းကြီးတွေ တစားပွဲထဲထိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလိုကိစ္စမျိုး ဆွေး နွေးတိုင်ပင်နေကြမယ်ဆိုရင် ဘယ်လောက်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းမျိုးဖြစ်မလဲဗျာ။ တွေးရင်းတောင် ကြက်သီးထမိပါတယ်။

ဒီလိုအချိန်မျိုးမှာ ဘယ်သူ့ကိုတော့ ကန့်ထားလိုက်ဦးမယ်။ ဘယ်သူကတော့ ဖြည်းဖြည်းပေါ့ဆိုတာမျိုးမစဉ်းစားဘဲ ဖြစ်သင့်ဖြစ်ထိုက်တာကို ရဲရဲရင့်ရင့်သတ္တိရှိရှိ ဆောင်ရွက်နိုင်ကြမယ်ဆိုရင် တတိုင်းတပြည်လုံး သာဓုခေါ်ပြီး နိုင်ငံတကာကလည်း ကျေနပ်နေကြမှာပါ။

မြန်မာပြည်ရဲ့ ဒီအကူးအပြောင်းကာလမှာ ထူးချွန်ထက်မြက်တဲ့ တိုင်းပြည်အပေါ်မှာ စေတနာမှန်တဲ့သူတွေအားလုံးရဲ့အင်အားကို တကယ် ပဲလိုအပ်နေတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ မကြာခင်ကာလတခုမှာ ပြင်မှကိုဖြစ်တော့မယ်ဆိုတာကို အားလုံးကလက်ခံထားကြသလို စစ်တပ် ဘက်မှာလည်း ဒါကိုနားလည်နေကြောင်း အချက်ပြမှုတွေကိုလဲ တွေ့နေရပါပြီ။ ဒါကိုကြည့်တတ်ရင် မြင်နိုင်ပါပြီ။

ဒေါက်တာလှကျော်ဇောတို့လို ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေ၊ မြန်မာ့မြေပေါ်နိုင်ငံရေှးမှာ မြင်ချင်မိပါတယ်။ တကယ်တော့ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့လိုလူတွေကိုလည်း လွှတ်တော်ထဲမှာပါစေချင်ပါတယ်။ ထောင်ထဲက ကျောင်းသားခေါင်းဆောင်၊ တိုင်းရင်း သားခေါင်းဆောင်၊ အခြားထက်မြက်တဲ့ နိုင်ငံရေးသမားတွေအားလုံးကို ဒီနေ့ရေစီးကြောင်းမှာ အားလုံးလိုက်ပါညီညွတ်စေချင်တာပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်တို့၊ ဒေါက်တာလှကျော်ဇောတို့ ၊ ဒေါ်စန္ဒာဝင်းတို့၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့၊ ဒေါ်သန်းသန်းနုတို့၊ ဒေါ်နေခြည်ဗဆွေတို့ မျက်နှာချင်းဆိုင်ထိုင်ပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်တယ်ဆိုရင် အားလုံးကမျက်ရည်ဝဲလာသည်အထိ ၀ိုင်းဝန်းကြိုဆိုကြမှာ အသေအချာပါ။ ဘာလို့ဒါကို မလုပ်နိုင်ကြရမှာလဲ။

ပြည်ပမှာဆိုရင်လည်း ရှစ်လေးလုံးမျိုးဆက် ထက်မြက်ထူးချွန်သူတွေက အများအပြား သီးနေပွင့်နေကြပါပြီ။ တိုင်းပြည်အတွက်ဖြစ်ဖို့ပဲ လို တော့တာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်း လူတော်လူကောင်းတွေ အများအပြားရှိနေသေးတာကို အားလုံးအသိပါ။ အခုအချိန်ဟာ ဆောင်းပါးတွေရေးပြီး စကားနိုင်လုနေရ စကားနာထိုးနေရတာကို ကျေနပ်နေသင့်တဲ့အချိန်မဟုတ်တော့ပါဘူး။ လူထုနှင့်အဆက်ပြတ် လွန်းပါက ဘယ်နိုင်ငံရေးပါတီမဆို ကာလတခုမှာ ပြဿနာရှိလာမှာ အသေအချာပါ။ လူ့ဘောင်သစ်လိုပါတီမျိုးကလည်း ဒါမျိုးကို သတိ မလစ်သွားဖို့ လိုပါတယ်။

ဒါပေမယ့် နောက်ထပ်စိန်ခေါ်မှုတစ်ခုက ဘယ်လိုဝန်းကျင်မျိုးကို ဖန်တီးကြနိုင်မလဲဆိုတာပါဘဲ။ အားလုံးတူညီတိုင်းပြည်အကျိုးကို ဆောင် ရွက်နိုင်ကြမည်ဆိုတဲ့အရေးက နွေးထွေးဖို့ လှိုက်လှဲဖို့ ဂုဏ်သိက္ခာရှိကြဖို့လိုတယ်ဆိုတာကတော့ အထူးပင်ပြောစရာမလိုပါ။ အားလုံးကိုယ်စီ သက်တောင့်သက်သာ ပူးပေါင်းပါဝင်နိုင်မယ့် ဂုဏ်သိက္ခာရှိမယ့်ဝန်းကျင်မျိုးဖြစ်ဖို့ လိုအပ်လှပါတယ်။

စကားလုံးတွေ ဝေါဟာရတွေကို ပါးစပ်အရသာခံပြီး ရေရွတ်နေကြတာထက် အားလုံးက လက်တွေ့ကို ရဲရဲကြည့်ကြ၊ ရဲရဲမြင်ကြ၊ ရဲရဲပြင် ဆင်ကြဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုတော့ ညာလို့ရချင်ရကြမှာပါ။ သမိုင်းကိုတော့ ညာလိုမရပါဘူး၊ အရှိတရားကိုတော့ ညာလို့မရပါဘူး။ ဒါကိုနှစ်ဘက်စလုံးက လက်ခံနိုင်ရပါမယ်။

အချိုးအကွေ့တိုင်းမှာ သတိမြဲမြံဖို့ ဆိုတာကတော့ လိုအပ်လှပါတယ်။ သတိကြီးတာနဲ့ သံသယကြီးတာ အဓိပ္ပါယ်အများကြီး ကွာလှပါတယ်။ ယုံကြည်မှုတည်ဆောက်တာကို ကနဦးအဆင့်လို့ သဘောတူညီကြတယ်ဆိုရင်တော့ ယုံကြည်အောင်လုပ်ဆောင်ပြဖို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိလှပါတယ်။

နှစ်ပေါင်းများစွာ အခြေတည်လာခဲ့တဲ့ ပြဿနာပေါင်းစုံကို တခဏတာအချိန်လေးအတွင်း ကိုယ်လိုချင်သမျှ အကုန်လုံးဖြစ်ဖို့ကတော့ မ လွယ်လှပါဘူး။ စေတနာမှန်ကြရင်တော့ ပန်းတိုင်ဟာ သိတ်မဝေးတော့ပါဘူးလို့ဆိုပါရစေ။

Comments