လွမ်းစိမ့်
မေငြိမ်း
ဒီဇင်ဘာ ၁၆၊ ၂၀၁၁
အဲဒီနေ့က......
စဉ့်အုတ်ကွက်ရွှေညိုရောင်နံရံတွေကြားထဲ
ပြန်ရောက်သွားတာပေါ့။ လှေကားလေးတွေကို နံရံထဲမှာ ကပ်မြှုပ်လို့..။
အဲဒီအဆောက်အဦးတွေကိုက ရင်ခုန်ကြည်နူးစရာကောင်းတာလေ..။ အဲဒီ
လှေကားရင်းကော်ရစ်ဒါတွေမှာ ချစ်သူကျောင်းသူလေးတွေကို စောင့်နေတဲ့ ကျောင်းသားလေးတွေ
ရှိတတ်တယ်..။ လှေကားတွေပေါ်ကနေ စကားတပြောပြောနဲ့ ရယ်မောဆင်းလာကြတဲ့ ဆရာဆရာမတွေ
ရှိမယ်....။ အဲဒီလှေကားလေးတွေ.. ကော်ရစ်ဒါတွေပေါ်မှာပဲ ချစ်စကားတွေ လိုက်ပြောခဲ့ကြ...
လက်ကမ်းကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့ကြ... လက်ကမ်းလှုံ့ဆော်စာတွေ ဖြန့်ခဲ့ကြ... အကြောင်းမျိုးစုံနဲ့
ငိုခဲ့ကြ.. ရယ်ခဲ့ကြ.. ပျော်ခဲ့ကြ...။
ပြီးတော့ စားသောက်တန်းမှာဆို
ခိုင်ထူးတို့ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ သီချင်းတွေနဲ့ လတ်လတ်ဆတ်ဆတ်
ထွက်ထားတဲ့ သီချင်းသစ်လေးတွေ ပျံ့လွင့်နေလိမ့်မယ်...။ စားသောက်ဆိုင်လေးတွေမှာ
ရှက်စနိုးနဲ့ ပြုံးနေကြ... စိတ်ကောက်ရန်ဖြစ်နေကြ.. ခုမှ ချစ်စကားပြောနေ ကြတဲ့
ချစ်သူစုံတွဲတွေ.. တရုန်းရုန်းနဲ့ ကဗျာစာအုပ်လုပ်နေကြတဲ့ သူငယ်ချင်းအုပ်စုတွေ...။
အချိန်လုပြီး မုန့်စားကြရင်း ဟိုငေးဒီငေးလုပ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ... ရှိမယ်။
အားလုံးဟာ ရသကိုးပါးကို ခံစားရသလို
ခံစားလို့ မြိန်ခဲ့ကြ...။ ဒါပေမဲ့ အဲဒီ စဉ့်အုတ်ရွှေညိုရောင်ကျောင်းကလေးပေါ်မှာ
စစ်ဝတ်စုံတွေတော့ မလွှမ်းမိုးဖူးခဲ့ဘူး..။ ယုံလား..။
အဲဒါ RC 2 လို့ခေါ်တဲ့
လှိုင်နယ်မြေကောလိပ်လေးပေါ့။
အဲဒီကျောင်းလေးကို ကျောင်းသူဘ၀နဲ့
အလည်အပတ်သွားနေခဲ့တာ ထည့်မပြောဘဲ ဆရာမပေါက်စဘ၀နဲ့ နေခဲ့သမျှ ၁၀နှစ်တာကာလမှာတောင်
ဘယ်လောက် ချစ်ခဲ့.. စွဲလန်းခဲ့သလဲဆို... ခုပြန်တွေးသတိရတော့ လွမ်းရတဲ့ စိတ်က
တစိမ့်စိမ့်....။
+++++++++
တိုင်လုံးဖြူဖြူကြီးတွေကို ဖြတ်ပြီး
နေ့တိုင်းသွားနေကျ... ။ တခါမျှ မော့မကြည့်မိတဲ့နေ့ရယ်လို့မရှိ။
အဲဒီတိုင်ကြီးတွေကို ကြည့်တိုင်း စိတ်ထဲ အားရှိတာ။ တကယ်တော့ ဒီဝင်းက ကိုယ်နဲ့
တိုက်ရိုက် ပတ်သက်တာတော့လည်း မဟုတ်...။ ကံကောင်းလို့ ချစ်စရာစွယ်တော်ရိပ်မှာ
နေခွင့်ရခဲ့တာ။ ဒီမှာလည်း ၁၀နှစ်ပဲ..။ ၁၀နှစ်လုံးလုံးမှာ... တိုင်လုံးကြီးတွေကို
ချစ်ခဲ့သလို နံဘေးက စွယ်တော်ပင်ပုလေးတွေကို လည်း ချစ်ခဲ့။ ဗိသုကာဌာနဆီဆင်းမယ့်
ပေါင်းမိုးလှေကားလေးကိုလည်းချစ်ခဲ့။
ဂျီဟောရှေ့က ဖြတ်လျှောက်တိုင်း
စာရေးဆရာမ မစန္ဒာရဲ့ ဂျီဟောသူကို သတိမရမိတဲ့နေ့ မရှိ။ ကိုယ်တိုင် ဂျီဟောကို
ကြည့်ပြီး တူနှစ်ကိုယ် ဆိုတဲ့ ၀တ္ထုတိုတပုဒ်ရေးခဲ့ဖူးတာလည်း သတိရပါ့။
မှောင်အုံ့အုံ့ သီရေတာတွေနား သရဲကြောက်လို့ ဖြတ်မလျှောက်ရဲခဲ့တာလည်း ခုကျတော့
လွမ်းစရာ။ ကင်တီးကိုတော့ သတိမရချင်ဆုံးပါပဲ။ အိမ်မှာ ပျင်းတိုင်း
ကင်တီးဘက်ဆီလျှောက် နွေးအေး.. မေတ္တာပေါင်းကူး.. မော်လမြိုင်ဆိုင်။ မိန်းကလေးနည်းနည်း
ယောက်ျားလေးများများကျောင်းဆိုပေမဲ့ ကင်တီးလို တကယ့် စည်ပေ့ ဆူပေ့ဆိုတဲ့နေရာကနေ
အကြိမ်များစွာ ဖြတ်လျှောက်ခဲ့ဖူးသမျှ တခါမှ ကာယိနြေ္ဒမဲ့အောင် အစအနောက်ခံရတာမျိုး
မရှိဖူးခဲ့တာမျိုးက ရှားရှားပါးပါးပါ။ တခါမျှလည်း ကင်တီး အစအဆုံး ဖြောင့်အောင်
မလျှောက်ခဲ့ရဖူးတာလည်း မှတ်မှတ်ရရ.. ။ တဆိုင်ဆိုင်ထဲကနေ လှမ်းခေါ်တဲ့ သူငယ်ချင်းတွေ..
အကိုလို မောင်လို မိတ်ဆွေတွေနဲ့ ကြုံသလိုဝင်ထိုင် လေပစ်ရင်း ပျော်ပျော်ကြီး
ခရီးဖင့်နေကျ..။ ကွေး.. ကိုလွင်.. ဇာတာကြီး.. မောင်အံ့.. ချိုတူးဇော်.. ဗလ.. ပုတ်သင်ချို...
…..
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အချိန်တွေ....
+++++
ဟော.. ဒီနေရာလေးမှာပေါ့.. လူအုံအုံ
အုံအုံ နဲ့ Catoon Box လေး ရှိခဲ့တာ... ဟော.. သြဘာလမ်းရော ဘယ်နားမှာလဲ.. နောက်တော့
Lover's Lane... ။ အစားထိုးမရနိုင်တဲ့ နေရာတွေ...။ ဘယ်မှာလဲ...။ ပြီးတော့ ၈၈
မတ်လရဲ့ ညတုန်းက ကြယ်တပွင့်ကြွေခဲ့ရာ ပင်မရင်ပြင်ကြီး...။ ဆင်းရဲသားဂိတ်နားက
အထိမ်းအမှတ်နေရာလေး..။ အဲဒါလေးတွေပဲ ပြန်မြင်ချင်ပါသေးတယ်..။ အဲဒီနေရာလေးတွေကို
စိတ်မှန်းနဲ့ပဲ လွမ်း....။
တကယ်ဆို အဲဒီ နေရာတွေမှာပဲ .. အဲဒီ
အမိစက်မှုတက္ကသိုလ်ရင်ခွင်မှာပဲ ၈၈နောက်ပိုင်း ကျောင်းသားတွေရဲ့ ဘ၀တွေ အသစ်တဖန်
ပြောင်းပြန် စခဲ့ကြရတာ..။ ဒါကြောင့်ပဲ ထင်ပါရဲ့ .. ခုချိန်ထိ..
အဲဒီကျောင်းတော်ကြီးခမျာ မေ့လျော့ ပျောက်ပျက်အောင်.. ဖျောက်ဖျက်ဖို့ အမျိုးမျိုး
ကြိုးစားလုပ်ကြံခံခဲ့ ရတာ...။ ခုချိန်ထိ......
++++++
လွမ်းစိမ့်..တဲ့။
စက်မှုတက္ကသိုလ်.. တဲ့။
RC 2 တဲ့။ ဒါရိုက်တာချိုတူးဇော်က
ပြောပါတယ်..။
ဟင့်အင်း..
ကျမသိပါတယ်....
ဒါရိုက်တာ ပြောလို့သာ ကျမတို့
ကြံဖန်ပြီး RC 2 လိုက်ရ.. RIT လိုက်ရပေမဲ့..
ကျမရင်ထဲ တကယ်ရောက်ရောက်သွားတာက
တချိန်တုန်းက ပုံရိပ်ဟောင်းတွေ.. ။
ဒါရိုက်တာ ကြိုးစားတုပြထားရှာတဲ့ RC2
နဲ့ နွေးအေးတွေ.. မေတ္တာပေါင်းကူးတွေ..ထွန်းနွားနို့ဆိုင်
ပုံရိပ်တွေက ကျမကို
အလွမ်းမပြေစေခဲ့ပါ...။
ဒီရုပ်ရှင်ကို ကြည့်ရင်း ဂျပ်ဆင်ထိပ်က
လရိပ်ပြာကိုလည်း ကျမ သတိရနေသေးတာပါ...။
အနှစ် ၂၀စာအလွမ်းတွေ....
ခုဆို ၂၃နှစ်စာ....
ကျမတို့အနားက ပျောက်သွားတဲ့ RC 2
လို.. Main လို.. RIT လိုပါပဲ...။
ကျမတို့ရဲ့ သူငယ်ချင်းတွေ... တောတွေ
တောင်တွေထဲ...။ ထောင်တွေ တန်းတွေထဲ...။ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ဘယ်သူမှ
မပျော်ရွှင်ကြရတဲ့ ဘ၀တွေထဲမှာ...။ တစစီ ပြတ်လိမ့်သွားတဲ့ ပုလဲကုံးလို...။
တန်ဖိုးကြီးပါလျက်နဲ့ ပြိုပျက် လွင့်ပျောက်ကြရ...။ ခုထိ.. ခုထိ.. ဘာတခုမှ
အလျော်ပြန်မရသေးတဲ့ နှစ်၂၀ကျော်ကာလက..။ ရှည်ရှည်လျားလျား မင်းမူဆဲ...။
ဒါရိုက်တာချိုတူးဇော်က လွမ်းစိမ့်...
တဲ့။
သူက ပြောဖူးပါတယ်..။
မြန်မာစကားမှာ နေစိမ့် တယ်ဆိုတာ
ရှိတယ် မဟုတ်လား.....
ကျွန်တော်ဟာ . . .
ကြီးတောင့်ကြီးမားနဲ့
လွမ်းစိမ့် သူပါဗျာ... တဲ့။
မြန်မာစာအရကတော့...
လွမ်းစိမ့်ဆိုတာ.. လွမ်းစေအံ့.. လို့
အဓိပ္ပါယ်ရပါတယ်။
ဒါမှမဟုတ်...
တစိမ့်စိမ့်လွမ်းရတာလား...။
ကျမအတွက်တော့ နှစ်မျိုးစလုံးထိ
အဓိပ္ပါယ်သွားတဲ့ စကားလုံးလေးပါ....
ကျမတို့တတွေ...
တစိမ့်စိမ့်နဲ့ တသက်စာ
လွမ်းစေရအောင်....
လွမ်းစိမ့်က ပြုစားခဲ့ပါတယ်။
(ဒီဇင်ဘာ ၁၄)
(မေငြိမ်းဘလော့ဂ်က
ယူတယ်။ ခွင့်မတောင်း)
Comments