Phoe Htet - Essay

အားနာတတ်တဲ့ အကိုကျော်
ဖိုးထက်
ဒီဇင်ဘာ ၁၄၊ ၂၀၁၁


ကျနော်သာ အမှတ်မမှားရင် အင်္ဂလိပ်ဘာသာစကားမှာ အားနာတယ်ဆိုတဲ့စကားလုံး မရှိဘူးလို့မှတ်သားဘူးတယ်။ သူတို့စကားမှာ ဘာသာစကားဆင်းရဲလို့ မရှိတယ်ဘဲထား။ မြန်မာလူမျိုးတွေမှာတော့ အားနာတယ်ဆိုတဲ့ စကားက လူမျိုးနဲ့တောင် တွဲပြီး မှတ်သားထားရမယ့် စကားလုံးလို့ ထင်တာပါဘဲ။ မြန်မာလူမျိုးများ အားနာတတ်တာနဲ့ပတ်သက်ပြီး ပြုံးစေ့စေ့ဖြစ်စေမယ့်စကားပုံတစ်ခုတောင် ရှိတယ်မို့လား။ ဘာတဲ့ “အားနာရင် ခါးပါ..ခါးပေါ်က ကလေး အဖေခေါ်စရာမရှိ” ဆိုတဲ့စကားပုံပါ။ သေသေချာချာ စေ့စေ့စပ်စပ် တွေးကြည့်ရင် အားနာ ချက်ကတော့ လွန်လွန်ကြူးကြူးကြီးဆိုတာ ပေါ်လွင်ပါတယ်။

ထားပါတော့ …ကျနော်တို့ ခင်ဗျားတို့လဲအားနာပြီးတော့ ပြောချင်တဲ့စကားမပြောဖြစ်လိုက်တာ၊ ငြင်းပါယ်လိုက်သင့်တဲ့အရာကို မငြင်းပါယ် ဘဲ လက်ခံလိုက်တာ ကျနော်တို့လူမျိုးတွေမှာ အနည်းနဲ့အများ ကြုံဘူးကြမှာပါ။ အဲဒီမြန်မာလူမျိုးတွေထဲမှာမှ ကိုကျော်သန့်လွင်ဆိုတဲ့ လူကြီးက အားနာတဲ့နေရာမှာ စံပြအဖြစ်ထားရမယ့်မြန်မာတစ်ယောက်လို့ ကျနော်ကတော့သတ်မှတ်ချင်သည်။

သူ့နာမည်က ကိုကျော်သန့်လွင်။ မြင်းခြံသား။ အသားခပ်လတ်လတ်၊ မျက်လုံး မျက်ဖန်ကောင်းကောင်းနဲ့ဆိုတော့ အညာသားလို့တောင် မထင်ကြတာများပါတယ်။ သူ့နာမည်ကြီးက အပြည့်အစုံခေါ်ရမှာ ပျင်းဖို့ကောင်းတာနဲ့ ကျနော်တို့က အစ်ကိုကျော်လို့ ခေါ်ကြတယ်။ အစ်ကိုကျော်နဲ့ ကျနော်တို့တွေနဲ့ဆို အသက်က ကွာလှဆို ၃ နှစ်၊ ၄ နှစ်ပေါ့။ ဒါပေမယ့်သူက ကျနော်တို့ထက်ပိုပြီးရင့်ကျက်သလို အေးအေး ဆေးဆေးနေတတ်လို့ ကျနော်တို့က အစ်ကိုကျော်လို့ဘဲ လေးလေးစားစားခေါ်ကြတာပါ။

အစ်ကိုကျော်က မြန်မာနိုင်ငံမှာ အင်္ဂျင်နီယာဘွဲ့ရပြီးသား။ စင်္ကာပူမှာ အလုပ်လာလုပ်နေတာကြာတဲ့အပြင် အရည်အချင်းရှိတဲ့ လူတယောက် ဆိုတော့ အလုပ်ကောင်းကောင်းရထားသူပါ။ သူနဲ့ကျနော်တို့တွေ့တဲ့အချိန်က ကျနော်တို့လဲ အသက်သုံးဆယ်နားကပ်နေပါပြီ။ အသက်သုံး ဆယ်ဆိုတဲ့အရွယ်က အတွေ့အကြုံတွေလဲ အတော်အသင့် ရှိကြပြီးပြီ။ မိတ်ဆွေအပေါင်းအသင်းလဲ ရွေးတတ်၊ ကောက်ချက်တွေ ချတတ် နေပြီလို့ ထင်တာဘဲ။ ကျနော်တို့ရဲ့ သူ့အပေါ်မှတ်ချက်က ချစ်စရာကြီးကွဆိုတာဘဲ ဖြစ်သည်။

ကျနော်တို့ သူငယ်ချင်းတွေစုပြီး စင်္ကာပူမှာ အိမ်စုငှားဖို့ သဘောတူမိကြတယ်။ အရင်က အလုပ်နဲ့နီးစပ်ရာ၊ အဆင်ပြေရာမှာ သူများ သူကြီး လုပ်တဲ့အိမ်မှာ တက်ငှားပြီးနေကြတာ။ ကျောတစ်ခင်းစာနဲ့ အိမ်သာတက်ဖို့၊ မျက်နှာသစ်ဖို့ရှိပြီး ကရိကထမများတဲ့သူတွေဆိုတော့ အိမ်ရှင်တွေနဲ့လဲ အဆင်ပြေကြပါတယ်။ သဘောသကာရလဲ ကောင်းကြတာများပါတယ်။ အဆင်မပြေတာက ကျနော်တို့ အဖွဲ့။ မြန်မာနိုင်ငံ မှာ ကျောင်းတက်ကတည်းက တစ်ဆောင်တည်း လေး၊ ငါးနှစ် အတူတူနေလာခဲ့တဲ့သူတွေ။ တစ်ချို့ဆို လေး၊ ငါးတန်းကတည်းက တစ်ရပ် ကွက်တည်းအတူပေါင်းလာတဲ့သူတွေတောင် ပါသေးတာ။ ဒီတော့ နည်းတဲ့သံယောဇဉ်မှမဟုတ်တာ။ ပြီးတော့ အဆောင်မှာ အတူတူ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်၊ သူ့အ၀တ်ကိုယ်ယူဝတ်၊ ကိုယ့်အ၀တ် သူယူဝတ်နဲ့နေလာခဲ့ကြတဲ့အကောင်တွေဆိုတော့ စည်း ကမ်းကလနား နည်းနည်းပါလာရင် ကောင်းမှန်းသိပေမယ့် စိတ်ကျဉ်းကျပ်လာကြပြီ။

ဒီတော့ ကျနော်တို့ စုပြီး အိမ်ငှားကြမယ်ဆိုပြီး အခန်းတစ်ခန်းစုငှားကြတယ်။ စင်္ကာပူပိုက်ဆံနဲ့ဆို အိမ်ခန်းခ၊ ရေ၊ မီး၊ အင်တာနက် အကုန် ပါပြီးကို တစ်လ ၂၃၀၀ လောက်ကျပါတယ်။ အခန်းလေးက MRT နဲ့ မနီးမဝေး၊ Master Bed Room တစ်ခန်းနဲ့ ရိုးရိုး အခန်းနှစ်ခန်းအပြင် မီးဖိုချောင်နဲ့ ဧည့်ခန်းကလဲ ကျယ်ကျယ်ဝန်းဝန်း။ ကျနော်တို့ အမာခံသူငယ်ချင်း ၆ ယောက်အတွက် လိုအပ်တာထက်တောင် ပိုမိုလုံခြုံနွေး ထွေးပါသေးတယ်။

အလုပ်တွေကနေ ကိုယ်စီ၊ ကိုယ်စီပြန်လာ။ ထမင်း၊ ဟင်း ချက်ချင်တဲ့ အကောင်ချက်၊ မချက်တဲ့ အကောင်တွေက အိုးခွက် ပန်းကန်တွေဆေး။ ကြိုက်တဲ့သူ ကြိုက်တဲ့ ဟင်း၊ အသား၊ ငါးဝယ်လာ။ ၀ယ်ခဲ့တဲ့ Slip လေးတွေကို မီးဖိုထဲက စက္ကူဗူးထဲမှာ စုထပ်ထား။ လကုန်တော့ စာရင်း စုရှင်း။ ဂိမ်းအတူတူဆော့ကြ၊ တစ်ခါတစ်လေ အရက်အတူတူသောက်ကြ၊ ဂစ်တာတီးကြ၊ သီချင်းဆိုကြ။ တစ်ယောက်နဲ့ တစ်ယောက် ငယ်ကျိုးငယ်နာဖော်ပြီး စကြ၊ နောက်ကြနဲ့ဆိုတော့ မနက်လင်းတိုင်း ကျနော်တို့အားအင်တွေက အလုပ် ပြန်ဝင်ဖို့ အသင့် ဖြစ်နေတတ်သည်။

အရင် အိမ်ငှားတွေနေကြတုံးက ကိုယ့်အခန်းလေးထဲ ကိုယ်နေ။ အပြင်ထွက်စားကြဆိုတော့ အိမ်ရှင်ကောင်းနေပစေအုံး စိတ်ထဲမှာ အိမ်ပြန် ရမှာကို ဘ၀င်မကျချင်ဘူး။ ကျနော်တို့ အိမ်လေးကို စရောက်ခါစက နှစ်ယောက် တစ်ခန်းနေ၊ ခြောက်ယောက် သုံးခန်း ကွက်တိ။ ဒါပေမယ့် အဆင်မပြေဘူး။ ဘာလဲဆိုတော့ အခန်းသုံးခန်းမှာ ရိုးရိုးတစ်ခန်းက အတော်လေးကျယ်တယ်။ ဟောခန်းလေးလို အခန်းဖွဲ့နဲ့ဆိုတော့ အဲဒီအခန်းလေးထဲမှာ စုပြီး အပျော်တမ်းဆယ်ပြားကြေး၊ ပြားနှစ်ဆယ်ကြေး၊ မနက်ခင်းစာဆိုင်မှာ ကျွေးကြေး၊ အိမ်သာ ဆေးကြေး၊ တံမျက်စည်း လှည်းကြေး ဖဲရိုက်ကြ။ တံခါးတွေ အလုံပိတ် အသံဗြဲကြီးတွေနဲ့ အော်ကြီးဟစ်ကျယ် သီချင်းဆိုကြဆိုတော့ အဲဒီအခန်း လေးမှာဘဲ စုပြုံတိုးဝှေ့နေသလိုဖြစ်နေသည်။ ကျန်တဲ့ အခန်း နှစ်ခန်းက အိပ်ချိန်ကြမှဘဲ ၀င်အိပ်တာများသည်။ ဒီတော့ ပိုက်ဆံနည်းနည်း သက်သာလဲ မနည်းဘူးထင်ကာ အခန်းငှားတင်ဖို့ ကျနော်က အဆိုတင်သွင်းသည်။ မဲခွဲဆုံးဖြတ်ကာ ယောက်ျားလေးတစ်ယောက် အိမ်ခန်းငှားတင်ဖို့ ဆုံးဖြတ်ကြသည်။

စင်္ကာပူမှာ တစ်ကိုယ်ရေ တကာရအတွက်တော့ အခန်းငှားရတာလွယ်သည်လို့ ပြောလို့ရသည်။ myanmarinsingapore လိုမျိုး ၀ဘ်ဆိုဒ် တွေထဲဝင်ကာ ကိုယ်လိုချင်တဲ့ နေရာပတ်ဝန်းကျင်ကို ရှာငှားနိုင်သည်။ အခန်းငှားမည်။ နှစ်ယောက်ခန်း။ လေ၀င်လေထွက်ကောင်း။ light cooking ရသည် ဘာညာဆိုသည့် အခန်းငှားချင်သည့် ကြော်ငြာတွေ မမြင်ချင်၊ အတွေ့ချင်အဆုံး။

အိမ်ရှင် သူကြီးတွေ စိတ်ကြိုက် စည်းကမ်းတွေ၊ ကြော်ငြာတွေနဲ့ဆန့်ကျင်စွာ ကျနော်တို့ ကြော်ငြာတင်လိုက်သည်။ “အခန်းခ ၃၅၀ SGD(ရေ၊ မီး၊ အင်တာနက်ပါပြီး)၊ စပေါ်ပေးစရာမလို၊ နှစ်ယောက်ခန်း Master Bed Room၊ ယောက်ကျားလေးသီးသန့်၊ ကြိုက်သလိုနေ၊ စိတ်ကြိုက်နေ၊ အိပ်စရာရှိသလောက် ဧည့်သည်ခေါ်လာလို့ရ၊ ထမင်းဟင်း စုပေါင်းချက်၊ စုပေါင်းစား၊ စားချင်သလိုစား၊ လကုန်ပေါင်းရှင်း။ ဧည့်သည်ပါလာလို့ ကျန်သေးရင် ၀င်စား၊ အသန့်အပြန့်ကြိုက်လွန်းသူများ အဆင်ပြေမည်မဟုတ်” ဆိုသည့် ကျနော်တို့ Requirement ကို ပွင့်ပွင့်လင်းလင်း ကြော်ငြာတင်လိုက်သည်ကို စ၊ နောက်နေသည်များ ထင်ကြလေသည်လား မသိ။ တစ်လခန့်အထိ ဆက်သွယ်ရန်ပေးထားသော ကျနော့် တယ်လီဖုန်းသို့ တစ်ယောက်မှ မခေါ်၊ မစုံစမ်း။

ကြော်ငြာတင်ပြီး တစ်လခန့်ကြာမှ ကျနော့်ဆီသို့ ဖုန်းဝင်လာသည်။ အခန်းကိစ္စစုံစမ်းချင်လို့ပါခင်ဗျဆိုသည့် ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာ သာဖြင့် အစ်ကိုကျော်က စုံစမ်းလာသည်။ အဲဒီအချိန် ကျနော်က City Hall မှာ အိမ်က ကွမ်းစားတတ်သူတွေ ကွမ်းမှာလို့ လမ်းကြုံဝင် ၀ယ်ပေးချိန်။ ကျနော်က ရတယ်အစ်ကို အစ်ကိုဘယ်မှာလဲ ကျနော် City Hall မှာဗျဆိုတော့ သူကလဲ City Hall ရောက်နေသည်ဆိုသည်နှင့် အခန့်သင့် တွေ့ဖြစ်သွားသည်။

စတွေ့သည်နှင့် ဒီလူကြီး ငါတို့နှင့် ဖြစ်ပါ့မလားဆိုသည့် ကျနော့်အတွေးက အရင်ဝင်မိသည်။ လူကြီးက သန့်သန့်ပြန့်ပြန့်။ ရည်ရည်မွန်မွန်။ ပြူပြူငှာငှာ။ အစ်ကိုနေချင်ရင် ရတယ်။ ဒါပေမယ့်အစ်ကိုလဲ ကြော်ငြာဖတ်ပြီးလောက်ပါပြီ။ အဲဒါ ကျနော်တို့ နောက်ထားတာ မဟုတ်ဘူး အစ်ကို။ ကျနော်တို့က တကယ့်ဗရုတ်တွေများတာ အစ်ကိုဖြစ်ပါ့မလားဆိုသည့် မေးခွန်းကို ဟာ..အစ်ကို စလုံးမှာနေလာတာ ငါးနှစ်ပြည့် တော့မယ် ဘယ်သူနဲ့မဆို နေတတ်ပါတယ်။ ညီလေးတို့ အစ်ကို့ကိုမကြိုက်ရင်လဲ အချိန်မရွေးပြော။ အားနာဖို့ မလိုဘူး။ အစ်ကို ဆင်းပေးပါ့ မယ်ဆိုသည့်စကားကြောင့် ကျနော်ကတောင် ပြန်အားနာသွားရသည်။

ဒီလိုနှင့် အစ်ကိုကျော် ကျနော်တို့အိမ်ပေါ်သို့ရောက်လာသည်ဆိုပါစို့ရဲ့။ အစ်ကိုကျော့်လစာက ကျနော်တို့ထက် နှစ်ဆခန့်များသည်။ ဒီထက်မက ကောင်းတဲ့အခန်းတွေမှာ သူငှားနေမယ်ဆို နေလို့ရသည်။ သူနှင့် ကျနော်နေသော နှစ်ယောက်ခန်း Master Bed Room မှာ သူသန့်ပြန့်သလောက် ကျနော်ရှုပ်သည်။ သူက ဒိုင်ခံရှင်းသည်။ သူချည်းလုပ်ရလို့ ဘာအသံမှ မကြားရ။ သူ့အလုပ်က ဖိအားတွေများလာရင် ကျနော်တို့နှင့်ဝင်ရောကာ သီချင်းဆို၊ ဂစ်တာတီး၊ ဖဲဝင်ရိုက်၊ ဂိမ်းဝင်ဆော့ကာ ကွမ်းသွေးမမြမြနှင့် ကျနော်တို့ ရှုပ်တာထက်ပင် ပိုရှုပ်နေ တတ်သေးသည်။ ကျနော်တို့က “အစ်ကို ကျနော်တို့နဲ့ ဘာလို့လာနေတာလဲ၊ စပိုင်ကြီးတော့ မဟုတ်ပါဘူးနော်” ဆိုသည့် ကျနော်တို့ နောက် တာကို “ဟကောင်လေးတွေရ ငါက ဒီလိုနေချင်တာကွ။ သန့်ချင်တဲ့အခါလဲ သန့်ပေါ့ကွာ။ မသန့်ချင်တဲ့အခါလဲ မသန့်နဲ့ပေါ့ကွာ ဒီလိုနေ ရတာကို သဘောကျလို့ကွ” ဆိုသည့် သူ့အဖြေသည် ကျနော်တို့ သဘောကို ခွေ့စေသည်။

အစ်ကိုကျော်ရဲ့ ကျနော်တို့အပေါ် ကောင်းကွက်၊ ဆိုးကွက်များကို စာရွက်တစ်ရွက်စီမှာချရေးရလျှင် မကောင်းကွက်က ဆေးလိပ် ဖင်ဆီခံ အလွတ်ပေါ်မှာ ရေးလို့ရသလောက် ကောင်းကွက်တွေကတော့ A4 စာရွက် တစ်ရွက်တောင် လောက်ပါ့မလားမသိ။ သူ့မကောင်းကွက်က ကျနော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်နေစေသဖြင့်သာ မကောင်းကွက်လို့သတ်မှတ်ခြင်းသာဖြစ်သည်။ ထိုအချက်က အားနာ တတ်ခြင်းဘဲဖြစ်သည်။

အစ်ကိုကျော် အားနာတတ်တာကြီးက တကယ့်ရောဂါတစ်ခုလိုဖြစ်နေသည်လို့ ဆိုရမည်။ သူတစ်ဖက်သားအတွက် စဉ်းစားလွန်းအားကြီးလွန်း လှသည်။ ဖိနပ်ချွတ်မှာ ဖိနပ်ချွတ်တာတောင် သူများလာလို့ ဖိနပ်ချွတ်ရင် နေရာမရှိမှာစိုးလို့ဆိုသည့် ဟိုး ချောင်ထဲမှာ သူ့ဖိနပ်ကို ချွတ် ထားတတ်သည့်အကျင့်ကို ဇီဇာကြောင်သည်ဟု ရောက်ခါစက ကျနော်တို့အထင်အမြင်လွဲမိကြသည်။ နောက်အနေကြာလာမှ အလုပ်တစ် ခုခုလုပ်တိုင်း သူများအတွက် ထည့်စဉ်းစားတတ်တာကို သတိပြုမိကြသဖြင့်သာ လွန်လွန်းတယ် အစ်ကိုကဟု မှတ်ချက်ပေးမိကြသည်။

ဂစ်တာတီးကြ၊ သီချင်းဆိုကြမယ်ဆို သူဆိုချင် အော်ချင်တာက လေးဖြူသီချင်းတွေနဲ့ ထီးဆိုင်သီချင်းတွေ။ သူက “ဟာ ဒီသီချင်း မိုက်တယ်..ငါတို့ဆိုကြရအောင်” ပြောသည်ကို တစ်ယောက်ယောက်က “ဟိုသီချင်းလေးက ပိုမိုက်တယ်အစ်ကိုရ” ဟု တစ်ယောက်ယောက်က ၀င်ပြောရင် “အေး အေး အဲဒါအရင်ဆိုကြတာပေါ့” ဖြစ်သွားသည်။ အစ်ကိုကျော်အားနာတတ်သည်များကို စာရေးချရလျှင် စစ်နှင့် ငြိမ်း ချမ်းရေး တစ်တွဲစာလောက်ဖြစ်သွားနိုင်သည်စိုးသဖြင့် အထင်ကရလေးတွေကိုဘဲ ပြောပြချင်သည်။

တစ်ရက်က သောကြာနေ့ညမှာ ကျနော်တို့ အစ်ကိုကျော်တိုက်သောအရက်ပုလင်းကို လူရှစ်ယောက် ၀ိုင်းသောက်၊ သီချင်းဆိုတာ အတော် ညနက်မှ အိပ်ဖြစ်ကြသည်။ အစ်ကိုကျော်က နောက်ရက်စနေ သူများတွေ ရုံးပိတ်ချိန်မှာ အင်ဒိုနီးရှားဘက်ကို အလုပ်အတွက် ခရီးသွားစရာ ရှိသည်။ မူးမူးရူးရူးနှင့် သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ် တောင်းဆိုနေကြသည်ကို အစ်ကိုကျော်တီးပေးရင်း ကျနော်တို့နှင့် အတူတူ အိပ်ရာ ၀င်ကြသည်။ ကျနော်က ဧည့်ခန်းထဲမှာပါလာသော သူငယ်ချင်းနှင့်အတူ အိပ်သည်။ မနက်လေးနာရီခန့်ကျတော့ ကျနော့်ဗိုက်က နည်းနည်း လေးနာချင်သဖြင့် အမှောင်ထဲမှာ မျက်စိဖွင့်ကာလှဲနေမိသည်။

အစ်ကိုကျော့်အခန်းတံခါးပွင့်သံ ကျွီဆိုသည့်အသံနှင့်အတူ ခြေထောက်တစ်ဖက်က ဒူးအထိထွက်လာပြီးမှ ကိုယ်ခန္ဒာကနောက်မှ လိုက် ထွက်လာသည်။ ခေတ်ဟောင်းရုပ်ရှင်တွေထဲက သူခိုးသွားနည်းခြေထောက်ဖြင့် ခြေဖျားထောက်ကာ ခြေထောက်ကို အကားနိုင်ဆုံးကားပြီး ကျနော်တို့အိပ်နေသော ဧည့်ခန်းကိုကျော်ကာ မီးဖိုထဲသို့ဝင်သည်။ နောက် ယင်းခြေလှမ်းများဖြင့်ပင် အခန်းထဲက တဘက် (မေ့ခဲ့ဟန် ရှိသည်) ကို ပြန်ယူသည်။ အမှောင်ထဲမှ မြင်နေရသော ကျနော့်မှာသာ သူလမ်းသွားပုံကြီးက ရီစရာဖြစ်နေသဖြင့် ဗိုက်နာတာတွေတောင် ဘယ်ဆီဘယ်ဝယ်ရောက်ကုန်မှန်း မသိ။ ကျနော်မနေနိုင်သဖြင့်သာ ထပြီး “အစ်ကိုရယ် ကိုယ့်အိမ်ကိုယ်သွားတာဘဲ။ အသံ အရမ်းမမြည်ရင် ပြီးရောပေါ့။ ရဲရဲတင်းတင်းလျှောက်ပါ” လို့ ကျနော်ထပြောတော့ “ဟာ..အေး မင်းနိုးနေတာလား။ တိုးတိုးပြောပါ။ ဘေးက မင်းသူငယ်ချင်း နိုးသွားပါ့မယ်” ဆိုပြီး ကျနော့်ကိုတောင် ပြန်ငေါက်သွားသေးသည်။ ထိုကဲ့သို့သော အစ်ကိုကျော်ပါပေ။

တစ်ခါတစ်ရံ အစ်ကိုကျော့်အားနာတာလေးတွေက အရမ်းချစ်စရာကောင်းသလို လှပလွန်းသည်။ MRT အတူတူစီးကျရင်း ထိုင်ခုံရလို့ ထိုင်ကြပြီဆို ထိုင်ခုံမရသူတွေထဲက ဘယ်သူ့ကို သူ့ထိုင်ခုံပေးလိုက်ရမလဲဆိုသည့် အတွေးနှင့် မျက်လုံး အိနြေ္ဒမရဖြစ်နေသဖြင့် အထင်အလွဲ ခံရသည်။ ထိုင်ပြန်ပြီဆိုလျှင်လဲ ဘေးကလူတွေ ထိခိုက်မိမှာစိုးသဖြင့် သူ့ကိုယ်ခန္ဓာကြီးကို တတ်နိုင်သလောက် ကြုံ့ထားသည်။

တစ်ရံခါကလဲ လမ်းကူးခုံးကျော် လှေခါးတစ်ခုအပေါ်သို့ သူနှင့် ကျနော်နှင့် အတူတူအတက်။ အလုပ်ကိစ္စက နည်းနည်းအလျင်လိုနေသည်။ ထိုအချိန် ခြေထောက်သိပ်မသန်သော အဘိုးကြီးတစ်ယောက်က လှေခါးကို ဖြေးဖြေးချင်းစတက်နေသည်။ ကျနော်က လှေခါးကို တစ်ထစ် ကျော် တက်လိုက်တော့ ကျနော့်ပုခုံးကို နောက်မှလှမ်းဆွဲကာ “မင်း အတော်မသိတတ်တဲ့အကောင် ..လာ နောက်မှတက်..ဒီနားမှာ ခန ထိုင်..ဆေးလိပ်သောက်ရင်း အဘိုးကြီး ဟိုဘက်ရောက်မှကူးမယ်” ဆိုပြီး ကျနော့်ကို မာဆတ်ဆတ်ပြောကာ ငေါက်ပါသည်။ အလျင်လို နေသော ကျနော်က “အစ်ကိုရယ် မကြောင်စမ်းပါနဲ့။ ဘာမှမဖြစ်ပါဘူး” ဆိုတော့.. “မင်းသွားချင်သွား။ ငါ စိတ်မလုံဘူး” ဆိုပြီး ပေကတ်ကာ ရပ်နေသဖြင့် ကျနော်တို့အလုပ်ကိစ္စကို နောက်ကျခံလိုက်သည်။

နောက်တစ်ခါက အိမ်အောက်က ပန်းခြံလေးထဲမှာ ကျနော်တို့တတွေ စုဆင်းထိုင်ပြီး ကွမ်းစားသူစား၊ ဆေးလိပ်သောက်သူသောက်ကာ ခရီးစုသွားကြဖို့ တိုင်ပြင်ကြရင်း အစ်ကို့ကျော့်မျက်လုံးတွေက ကျနော်တို့ဝိုင်းထဲမှာမရှိ။ တကယ်ဆို ခရီးစုသွားကြဖို့စသူက သူ။ အကုန်လုံးက စိတ်ပေါက်ပြီး သူ့မျက်လုံးကြည့်ရာလိုက်ကြည့်တော့ ကျနော်တို့နှင့် မနီးမဝေး wheel chair ပေါ်မှာ ထိုင်နေသော ကလေးလေးက ဘေးမှာ ခုန်ပေါက်ဆော့ကစားနေသော ကလေးလေးတွေကို သူက Third Party အနေဖြင့် ငေးကြည့်နေခြင်းဘဲဖြစ်သည်။ သူ့စိတ်အခံကို သိပြီးသား ကျနော်တို့က “နေပါ အစ်ကိုကျော်ရယ် ကလေးက သဘောပေါက်နားလည်မှာပါ” ပြောလဲမရ ငေါက်ခနဲ့ ထသွားကာ မုန့်တွေ ၀ယ်ပြန်လာ သည်။ ၀ယ်လာသည့်မုန့်တွေက ကလေးကြိုက်မုန့်တွေ။ ဂျယ်လီတွေ၊ ချောကလက် ဝေဖာတွေ။

ကလေးတွေ အနီးနားက စောင့်ကြည့်ပေးနေကြသော ကလေးမိဘတွေဆီသွားကာ သူ့မှာ သားတစ်ယောက်ရှိကြောင်း။ ဒီနေ့ သူ့မွေးနေ့လေ ငါမပြန်နိုင်ဘူး။ သူ့အစား ငါ ဒီမှာ မွေးနေ့ပွဲလေး ကျင်းပချင်တာ မင်းတို့ကလေးတွေနဲ့ မွေးနေ့ပွဲလေး ကျင်းပခွင့်ပြုပါဆိုပြီး ပလီတီချောက်ချက် ပြောကာ wheel chair ပေါ်က ကလေးကို မင်းက ငါ့သားအတွက် အစားလုပ်ပေးကွာဆိုပြီး မသန်မစွမ်းဖြစ်နေရှာသောကလေးလေးကို ထင်ရှားအောင်လုပ်ကာ သူပါဝင်ပြီး ဂစ်တာတီး သီချင်းတွေဆိုပြ၊ ကျနော်တို့ကိုလဲ မွေးနေ့ ဦးထုပ် ချွန်ချွန်တက်တက်ကြီးတွေ ကြောင်တောင် တောင်ဆောင်းခိုင်းကာ ၀င်ပါစေသည်။ ကလေးလေးတွေက သူဝယ်ကျွေးသောမုန့်တွေနဲ့ ပျော်လို့၊ ပြုံးကြည်လို့။ ပန်းခြံလေးသေးသေး လေးထဲမှာ အစ်ကိုကျော်ရေးသော ကဗျာတစ်ပုဒ်ရဲ့ အဓိကဇာတ်ဆောင်ကတော့ wheel chair ပေါ်က ကလေးလေးပေါ့။

ထိုကဲ့သို့ သဘော၊ သကာရ ပြည့်သော အစ်ကိုကျော် ရှူးရှူးရှားရှားဖြစ်ကာ ငါလူသတ်မိတော့မယ်ကွာ။ ငါ မခံစားနိုင်တော့ဘူး။ ငါ အလုပ် ပြောင်းချင်ပြောင်း၊ မပြောင်းရင်လဲ ဒီခွေးနဲ့ ခရီးအတူမသွားတော့ဘူးဆိုပြီး အိမ်ကို ပြန်ရောက်လာသည့်နေ့က ကျနော်တို့မှာ ပြူးပြူးပြာပြာ တွေ ဖြစ်ကုန်ရသည်။

ဖြစ်ပုံက ...
အစ်ကိုကျော့်အလုပ်က ခဏ ခဏ ခရီးသွားရသည်။ ရောင်းထားသောပစ္စည်းတွေကို အာရှတစ်ခွင်လိုက်ကာ service လုပ်ပေးရသော အလုပ်ဖြစ်သည်။ အာရှတစ်ခွင် အစ်ကိုကျော်မရောက်ဘူးသော နိုင်ငံမရှိသလောက်။ တလကို အနည်းဆုံးတခေါက်တော့ သူခရီး ထွက်ရသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘာရိန်း၊ ကိုရီးယား စသည့် နိုင်ငံ ကမ်းလွန်ရေနံတွင်းတူးစင်တွေကို သူနှင့် သူ့တွဲဖက်တယောက်နှင့် တွဲကာ သွားရသည်။

သူကတော့ ပုံမှန်ခရီးသွားရသောလူ။ သူ့တွဲဖက်တယောက်က အမြဲပြောင်းနေသည်။ ခရီးက ပြန်လာတိုင်း ကျနော်တို့အတွက် တစ်ခုမဟုတ် တခုပါလာတတ်သော ယမကာ တခုခု သောက်စား၊ ဆို၊ တီးရင်း သူ့ဖိအားတွေကို ဖြေဖျောက်ရှာသည်။ ဟိုတနေ့က ကိုရီးယားကို သူနှင့် level တူ အိန္ဒိယသားတယောက်နှင့် ခရီးသွားရသည်။

ဤနေရာတွင် အစ်ကို့ကျော့် personal ကို သိဖို့လိုအပ်လာသည်။ အစ်ကိုကျော့်မှာ လက်ထပ်ရမည့်ရည်းစားရှိသည်။ မိဘတွေကို ပြန်ကြည့် နေရသဖြင့် အိမ်ထောင်ရေးဘက်ကို ဦးစားမပေးနိုင်ရှာသောအစ်ကိုကျော်သည် သူ့ငယ်ချစ်ကြီးကို အတော်ချစ်ရှာသည်။ ညနေအလုပ်က ပြန်လာတိုင်း ဖုန်းဆက်သည်။ ခရီးဝေးရောက်တိုင်း တရက် တခေါက်တော့ ဖုန်းဆက်သည်။ ပိုက်ဆံကို စည်းစနစ်ကျကျသုံးသောသူပီပီ အကြာကြီးတော့ စကားမပြော။ ကျနော်တို့က “ဖုန်းခဈေးကြီးလဲ ပြောပါ အစ်ကိုကျော်ရာ၊ ဒါမှမဟုတ်လဲ အင်တာနက်ကပြောပေါ့” ဆိုတော့..” မြန်မာနိုင်ငံအင်တာနက်နဲ့သာပြောနေရရင် စိတ်ခံစားချက်တွေက ဓာတ်ပြားထစ်သလို ထပ်ထပ်၊ ထပ်ထပ်ပြီး ထစ်နေလို့ ဖီးလ် လင်မလာဘူးကွာ။ ဖုန်းဆိုတာမျိုးက စိတ်ဖီးလ်လင်လာတဲ့အချိန်၊ အရမ်းသတိရတဲ့အချိန်၊ အလုပ်ပန်းလို့ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ အသံကြားရဖို့ အရမ်းကောင်းတဲ့ ဆက်သွယ်ရေးစနစ်ကွ။ အင်တာနက် ကောင်းတာမှန်ပေမယ့် စိတ်အလိုကျဖို့ ငါတို့နိုင်ငံအင်တာနက်နဲ့ မဖြစ်သေးပါဘူးကွာ” ဆိုပြီး သူ့အသဲကြီးဆီကို သူ ဖုန်းဆက်ရှာသည်။

အများသိတော်မူကြသည့်အတိုင်း သူများနိုင်ငံတွေ လေး၊ ငါးနာရီရသောဖုန်းကဒ်သည် မြန်မာနိုင်ငံကို ဆက်သည်ဆိုသည်နှင့် နာရီဝက် ကျော်ကျော်လေးသာရသည်ဆိုတော့ အစ်ကိုကျော့်ရဲ့တစ်လ ဖုန်းကဒ်စရိတ်က မနည်းလှပါ။ ကျနော်တို့က “ဒါဆို မြန်မြန်ဆက်၊ မြန်မြန် ပြော ချွေတာပေါ့ဗျ” ဆိုတော့ ..” အေး..အသဲကြီး.ချစ်..နေကောင်း..ကျန်းမာ..အေး.ဒါဘဲဆိုပြီး ဖုန်းချပြောနည်း နင်တို့ဘဲပြောကြ..စစ် တိုက်တာမဟုတ်ဘူး..ငါ့ကိုယ်တစ်ခြမ်းနဲ့ စကားပြောနေတာ” ဆိုပြီး ပြန်ဘုတောသဖြင့် ငြိမ်နေခဲ့ကြရသည်။

အခုလဲ သူတစ်ဘက်သားအတွက် အရမ်းစဉ်းစားလွန်းသောလူကို လူသတ်ချင်အောင် ဘာလုပ်လိုက်လဲဝိုင်းမေးတော့ ကျနော်တို့မှာ ငိုအား ထက် ရီအားသန်ကြရသည်။

ကုလားက သူနှင့် မရှေးမနှောင်း အလုပ်ဝင်သောသူ။ ရာထူးလဲတူ၊ လစာလဲတူ၊ ခံစားခွင့်လဲတူ။ ဘာမတူသလဲဆိုတာ ခရီးသွားမှ ပေါ်လွင် လာသည်။ ကိုရီးယားကို ခရီးအတူထွက်တော့ အစ်ကိုကျော်က ထုံးစံအတိုင်း မြန်မာနိုင်ငံက ကောင်မကြီး (ကျနော်တို့က အသက်ကြီးပြီ ကောင်မကြီးလုပ်ပါဟု ၀ိုင်းပြောထားသဖြင့်) ဆီ ဖုန်းဆက်သည်။ ဖုန်းကဒ်ဝယ်တော့ အစ်ကိုကျော်ကတောင် နှစ်ကဒ်ပိုဝယ်လိုက်သေးသည်။ ဖြစ်ချင်တော့ စကားပြောကြရင်း စကားကတောက်ကဆဖြစ်ကာ ဖုန်းထဲကနေ ရန်ဖြစ်တာ ဖုန်းကဒ်ထက်ဝက်ကျော်ကုန်သွားသည်။ အဲဒီ အချိန်ထိ ကုလားက ဖုန်းကဒ်တစ်ကဒ်တောင် မကုန်သေး။ ဖုန်းကဒ်ဝယ်ပြီးကတည်းက တယ်လီဖုန်းနှင့် နားမဲမဲကြီး ပူးကပ်ချီထားလား မှတ်ရလောက်အောင် တောက်လျှောက်ဖုန်းပြောလာသည်။

ကမ်ချီစားကောင်းကြောင်းလဲ ဆက်။ ကိုရီးယားကောင်မလေးတွေ ကြည့်လို့ကောင်းကြောင်းလဲ တစ်ဖက်က သူ့မိန်းမကို တဟီးဟီးနှင့် စနောက်နေသေးသည်။ တည်းဖို့အခန်းရောက်တော့လဲ အခန်းကနာရီဖြင့်ပေးရသော အင်တာနက်သုံးကာ အင်းင်္ကျီကြီးချွတ်၊ အဆီပြန်နေ သော မျက်နှာမည်းကြီးဖြင့် တစ်ဖက်ကလဲ ဘာတွေ ဘယ်လိုလုပ်ပြနေသည်မသိ။ အားနာသဖြင့် အပြင်မှာ ရေရေရာရာမရှိဘဲ ထွက်လမ်း လျှောက်ပေးလိုက်သေးသည်။

နှစ်နာရီလောက် လမ်းလျှောက်ထွက်ပြီး ပြန်လာတော့ သကောင့်သားက အိပ်ယာပေါ်မှာ ဘယ်အချိန်ကတည်းက ဖုန်းပြောနေသည်မသိ။ ဖုန်းကို အားသွင်းစက်နှင့်တွဲချိတ်ကာသူ့ကို လှမ်းပြုံးပြရင်း ဆက်ပြောနေသည်။ သာမန်စိတ်အခြေအနေဆို အစ်ကိုကျော် ဘာမှခံစားရမည် မဟုတ်။ တစ်ဖက်က ကောင်မကြီးနဲ့ကလဲစကားက ကတောက်ကဆဖြစ်ထားသည်။ ဖုန်းကလဲ ထပ်ဆက်ချင်သေးသည်။ ဒီကုလား မသိ တတ်တာကို သည်းမခံချင်တော့။

အလုပ်ကို မြန်မြန်သွက်သွက်ပြီးအောင်လုပ်ပြီး ဒေါသကို ချိုးနှိမ်သည်။ ဒါတောင် သကောင့်သားက ဖုန်းကို မကြာခဏ အားတိုင်း ဆက်နေ သည်။ ထမင်းစားပြီ။ ရေချိုးတော့မယ်၊ အပြင်ထွက်မလို့။ လက်ဆောင်ဝယ်တာတောင် ဘာအရောင်လေး မကောင်းဘူးလား။ တခါတရံ သီချင်းလေးတောင် ဆိုပြနေသံကြားရသည်။ တစ်ခါတစ်ရံ ခြင်ထောင်သံနဲ့ တိုးတိုး တိုးတိုး။

စင်္ကာပူ ချန်ဂီလေဆိပ်ကိုပြန်ရောက်တော့ ကုလားကို နှုတ်မဆက်တော့ဘဲ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာပြီး သတ်မိတော့မယ်။ ငါသည်းမခံတော့ဘူးဟု ဆိုလာသော အစ်ကိုကျော့်ကို ကျနော်တို့က “လာပါ အစ်ကိုရာ ရေချိုး။ အပြင်ထွက် တစ်ခုခုစားကြရအောင်” ပြောကာ ဇွတ်ဆွဲခေါ်ထုတ်လာရသည်။

ဒါတောင် “ခွီးမှဘဲ ..ကိုယ်ချင်းစာစိတ်လုံးဝမရှိတဲ့ လူတွေ..အဲဒီလူတွေရှိနေသမျှ ဘာမှဖြစ်မလာဘူး..ေxာက်ရူးတွေ. .ခွေးတွေ.ကိုယ်ချင်း စာစိတ်ကို မရှိဘူး ..လုပ်ချင်တာလဲ လုပ်ပေါ့ .. နည်းနည်းလောက်တော့ ကိုယ်ချင်းစာစိတ်လေးထားကြပေါ့…” စသည့် စသည့် တတွတ်တွတ် ရွတ်ဖတ်သံကို မကြားချင်ယောင်ဆောင်ကာ ဇွတ်အရက်တိုက်၊ သီချင်းတွေဆို၊ သူ့ကိုဝိုင်းစပြီး မူးလို့ အိပ်ပျော်သွားတာတောင် “ကိုယ်ချင်း စာကြပါ” ဆိုပြီး ငိုသံပါကြီးနှင့် ထထအော်နေသဖြင့် အခန်းအလုံပိတ်ပြီး သိပ်လိုက်ရပါတော့သည်။

Comments