Saung Luu - Poem

ရာသီရိုင်း၏ ခံတွင်းဝ
ဆောင်းလူ
ဒီဇင်ဘာ ၁၄၊ ၂၀၁၁


ပြဒါးတလမ်း …. သံတလမ်း
အဲ့ဒီလမ်းထဲမှာမှ သူတို့ရှိတယ်ကြတယ် ..
ရဲရဲရင့်ရင့်နဲ့ပေါ့ …။

ဘောင်ခတ်ထားသော … ကတိစကားများ … အသိတရားများ ….
အံဝင်ခွင်ကျ ခွဲစိတ်ပြုပြင်ထားတဲ့ အတ္တအောက်မှာ … ချိုမြလို့
အို … ရှိစေတော့လေ
ဒါတွေဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ …။

အနာကျစိတ်တို့ စီးမျောရာ
ဟောဒီပတ်ဝန်းကျင် သားရဲတွင်း … ခံတွင်းဝမှာမှ
သူတို့က ငါးစာကို ရဲရဲဝံ့ဝံ့ ချဝံ့တယ်။
ဒါပေမယ့် ….
ငါးပွက်ရာတိုင်းမှာ မာယာတွေနဲ့ဆိုတာ
မဆိုစကောင်း … ဆိုစကောင်းပါလေ…။

ခိုးလမ်းတွေနဲ့ တွားသွားနေရတဲ့ ဒီခေတ်မှာကိုက
စစ်တလင်းဆိုတာကလည်း
စွန့်လွှတ်သူနဲ့ ပေးသူဆပ်ကြား
ကတုတ်ကျင်းထက်မှာ ယောင်နလို့ ဆွံ့အ။

တကယ်လို့များ ….
ဟော ဟိုအဝေး ဆောင်းရွက်ကြွေတွေကြားထဲက
လူမုန်းများတဲ့ ကဗျာတပုဒ်
ရာသီရိုင်းရဲ့ ခံတွင်းဝမှာ
နွေဦးကိုများ ကျောသပ်ချော့မြှူ ကျီစယ်နေခဲ့ရင်ဖြင့် ….။

Comments