Ashin Pyinnar Nanda - Articles

ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ (ဖြစ်ပျက် သင်္ခါရ)
အရှင်ပညာနန္ဒ
ဇန်န၀ါရီ ၁၃၊ ၂၀၁၂


သမ္မတဦးသိန်းစိန်ရဲ့ ဇန်နဝါရီ ၁၂ ရက် နေ့လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်အရ ဒီကနေ့လွတ်မြောက်လာသူတွေထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မနီလာသိန်းနဲ့ ကိုဂျင်မီစသူတို့ပါဝင်သလို တိုင်းရင်းသား ခေါင်းဆောင်တွေထဲက ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ စိုင်းညွှန့်လွင်တို့လည်း လွတ်မြောက်လာပါတယ်။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရနဲသံဃာတော်တချို့လည်း လွတ်မြောက်လာပါပြီ။ ဒါ့အပြင် ၀န်ကြီးချုပ်ဟောင်းနဲ့ စစ် ထောက်လှမ်းရေးအကြီးအကဲဟောင်းတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နဲ့ ထောက်လှမ်းရေးဟောင်းများ၊ အာဏာရှင်ကြီး ဦးနေ ၀င်းရဲ့ သမက်နဲ့မြေးတွေလည်း လွတ်မြောက်လာကြောင်း သတင်းတွေဖတ်ရ နားထောင်ရပါတယ်။

အများကထင်မှတ်ထားသလိုနိုင်ငံရေးအကျဉ်းသားတွေဒီလောက်မြန်မြန်ဆန်ဆန်လွတ်မြောက်လာမှာမဟုတ်ဘူးလို့ ထင်ကြေးတွေပေးနေ ချိန်မှာ မထင်မှတ်ဘဲ နိုင်ငံရေးအကျဉ်းသားအတော်များများလွတ်လာလို့ အားလုံးတအံ့တသြဖြစ်ရတာကတော့ အမှန်ပါ။ မစည်ကားသင့် တဲ့နေရာဌာနမှာ သက်ဆိုင်ရာမိသားစုတွေ အပြုံးပန်းကိုယ်စီနဲ့ ကြိုဆိုနှုတ်ဆက်ကြ၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြပုံတွေကိုတွေ့လို့ တကယ့်ကို ကြည်နူးဝမ်းသာဖြစ်ရပါတယ်။

ဘာဘဲဖြစ်ဖြစ်လွတ်ပေးတယ်ဆိုတော့ဝမ်းသာတယ်။ လွတ်ပေးတဲ့သမတဦးသိန်းစိန်ကိုလည်း (ရှားရှားပါးပါး) ကျေးဇူးတင်ရမှာပါ။ ဒီထက် မက ပွင်းလင်းမြင်သာတဲ့ လူသာဓုခေါ် နတ်သာဓုခေါ်မဲ့အပြောင်းအလဲတွေဖြစ်အောင် လုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပါတယ်။

အဲဒီလွတ်မြောက်လာသူတွေထဲမှာ ထူးထူးခြားခြားသတိပြုမိတာကတော့ ၀န်ကြီးချုပ်ဟောင်းနှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုပါ။ သူ့အိမ်ရှေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူအဖမ်းဆီးခံရတာနဲ့ပတ်လို့ ဘယ်သူ့ကိုမှ အာဃာတမထား ကြောင်း၊ တရားဓမ္မတွေ ပိုလုပ်ဖြစ်လို့ ကံ ကံရဲ့အကျိုးကိုနားလည်ပြီဖြစ်ကြောင်း၊ နိုင်ငံရေးမလုပ်တော့ကြောင်း၊ တိုင်းပြည်အတွက်အလုပ် လုပ်နိုင်တဲ့လူငယ်တွေများစွာရှိကြောင်း၊ ဒေါ်အောင်းဆန်းစုကြည်ကိုထောက်ခံကြောင်း၊ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမှာဖြစ် ကြောင်းစတဲ့ စကားတွေကိုကြားရလို့ ဓမ္မသံဝေဂရမိပါတယ်။ သူအာဏာရှိစဉ်က ဒီလိုအမြင်မျိုး သဘောထားမျိုးရှိခဲ့ရင် ဘယ်လောက်ကောင်း မလဲလို့ စဉ်းစားမိပါတယ်။

အားလုံးသိကြတဲ့အတိုင်း ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်ဆိုတာ သူအာဏာပါဝါရှိစဉ်က နိုင်ငံရေးသမားတွေ၊ ကျောင်း သားတွေ၊ ရဟန်းသံဃာတော်တွေကို မတရားပုဒ်မတွေတပ်ပြီး၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သူပါ။ နောက်ဆုံးအပြစ်ရှာမရရင် ဘိန်းပြစ်ပြီး နိုင်ငံရေးသမားတွေကို ဖမ်းဆီးခဲ့သူပါ။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဘဲ သူအဏာရှိစဉ်က ထောင်ဒဏ်ချမှတ်ခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးစတဲ့နိုင်ငံရေးသမားတွေနဲ့အတူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပါပြီ။ သူ့စကားတွေအရ နောင်တတွေ သံဝေဂတွေရနေတဲ့ ပုံတော့ ပေါက်ပါတယ်။(အထင်ပြောတာပါ) မဇ္ဈိမသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ သူ့ကိုဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အာဃာတမရှိပါဘူး။ အန် ကယ်က အခုဆိုရင်ဘာသာရေးလုပ်နေတာပါ။ ဘာသာရေးအခြေခံပြီးတော့မှ ဒါက ဖြစ်ပြီးရင်ပျက်မယ်။ ကံကံ၏အကျိုး ဒါတွေကို သိပ်ပြီး တော့ သဘောပေါက်သွားပြီ။ ဘုရားတရားလုပ်နေရတဲ့အတွက် အခုလိုလုပ်နေရတာကိုပဲ ကံကောင်းတယ်လို့ တဖက်ကယူဆမိတယ်လေ။ အဲဒီတော့အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝ ပြန်ပြီးနေရတော့မယ်ဆိုတော့ ပိုပြီးစိတ်ချမ်းသာတယ်” တဲ့။ ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတရား၊ ကံကံရဲ့အကျိုးပေးတရားတွေကို အမှန်တကယ်သဘောပေါက်သွားသူဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။

ဒီနေရာမှာ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေးကို သတိရမိတယ်။
သူတည်းတယောက်၊ ကောင်းဘို့ရာမူ၊
သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း။

ဗိုလ်ခင်ညွန်းဆိုတာ န၀တ/နအဖလက်ထက်မှာ တန်းခိုးသြဇာကြီးလွန်းလို့ လက်ညိုးညွှန်ရာရေဖြစ်စေခဲ့သူပါ။ တန်ခိုးအာဏာ စည်းစိမ်ဥစ္စာ တွေကလည်းပြည့်စုံ၊ တပည့်သားမြေးအခြံအရံတွေပေါများတော့ တနေ့အချိန်မှာ ထောင်နန်းစံ အဖမ်းခံရမယ်ဆိုတာ တွေးမိမှာတောင် မဟုတ်ပါဘူး။ ရာထူးအာဏာစည်းစိမ်တွေနဲ့ တသက်လုံးနေရမှာလို့ ထင်နေခဲ့မှာပါ။ မထင်မှတ်ဘဲ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အစိုးရအဖွဲ့ထဲကထုတ်ပယ်ခံရပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ၄၄ နှစ်ချမှတ်ခံရတဲ့အခါမှာတော့ ပုထုဇဉ်လူသားတယောက်အနေနဲ့ ဘယ်လောက်ခံစားရမယ်ဆိုတာ ခန့်မှန်းသိနိုင်ပါတယ်။ ရုပ်ရေက အိုစာနေပြီး တခေါင်းလုံးဖြူဖွေးနေတာ ကို ဗွီဒီယိုဖိုင်တခုမှာတွေ့ ခဲ့ဘူးပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာဘဲ သူ့သားတယောက်ကို ခဏဆိုခေါ်သွားတာ ခုထိပြန်မလာသေးကြောင်း၊ အ၀တ်အစားလည်း အပိုပါမသွားကြောင်း သားအပေါ်စိုးရိမ်စိတ်တွေနဲ့ ပြောတာကြားလိုက်ရပါတယ်။

ထောက်လှမ်းရေးလက်ထက်က အဲဒီလိုခနဆိုပြီးခေါ်သွားခံရသူတွေ တချို့နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရ၊ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှုတွေကြောင့် ထောင်ထဲမှာ အသက်ဆုံးရှုံးရသူတွေ အများကြီးရှိခဲ့တယ်ဆိုတာ ထောင်လှမ်းရေးတွေ သိမှသိပါလေစ။ ဗိုလ် ခင်ညွှန့်လို သားသမီးပေါ်မှာ စိုးရိမ်နေမဲ့မိဘတွေရှိနေမယ်ဆိုတာ အဲဒီတုန်းက ဘာကြောင့်များမတွေးမိခဲ့တာပါလိမ့်။ ဘယ်အရာတွေကဖုံးကွယ်ထားခဲ့သလဲဆိုတာ ထောက်လှမ်းရေးဟောင်းတွေ ပြန်လည်စဉ်းစားသင့်တယ်။

တကယ်ဆို ဦးခင်ညွှန့်မိသားစုက နေအိမ်အကျယ်ချုပ်နဲ့ ကိုယ့်အိမ်မှာကိုနေရတာပါ။ ထောင်နဲ့စာရင် အများကြီးသက်သာပါတယ်။ ရာထူး ပြုတ်ရုံလောက်ပါ။ ဇနေတိ သဒိသံ ပါကံဆိုတဲ့အတိုင်း နောက်ဆုံးတော့ ကိုယ်လုပ်ခဲ့အတိုင်း ကိုယ်လည်းပြန်ခံရတာဘဲမဟုတ်လား။

ဝဋ်ဆိုတာလည်တတ်ပါတယ်။ အနှေးနဲ့အမြန်ဘဲ ကွာခြားတာပါ။ ဘုရားရှင်တောင်မှ ပြေးရှောင်လို့မရပါဘူး။ အချိန်တန်ရင် ၀ဋ်ကျွေး ဆိုတာကို ဆပ်ရမှာပါ။ တူသောအကျိုးပေးတတ်ပါတယ်။ အာဏာရှိသူတွေ ဆင်ခြင်နိုင်ပါစေ၊ သတိသံဝေရကြပါစေလို့ မေတ္တာနဲ့ သတိပေး ပါရစေ။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက တန်ခိုးအာဏာပါဝါရှိစဉ်က ထောက်လှမ်းရေးလက်ချက်ကြောင့် မတရားအဖမ်းခံခဲ့ရပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသူတွေ၊ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေကို ဦးခင်ညွှန့်လုပ်ခဲ့တဲ့အမှားတွေအ တွက် ၀န်ချတောင်းပန်လိုက်မယ်ဆိုရင် အသေဖြောင့် အနေဖြောင့်ပြီး ဒီဘ၀မှာဘဲစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ တရားဓမ္မတွေကျင့်ကြံပွားများနိုင်ပါလိမ့်မယ်။ ရှက်စရာ ကြောက်စရာမဟုတ်ပါ။ အမှားကိုအမှားမှန်းသိပြီး ပြုပြင်နိုင်သူကို ပညာရှိ သူတော်ကောင်းလို့ ဗုဒ္ဓဘုရားရှင်က ချီးမွမ်းတော်မူခဲ့တယ်မဟုတ်လား။

ကိုယ်ချင်းစာနာနိုင်ကြပါစေ။ ။

Comments

Aung Aung said…
Bo Khin Nyunt is an evil, the criminal of Burma's modern history. He didn't go to the hell in this life yet, house arrest is so mild for the crime he has committed. All military intelligence (MI) people are bad people, torture, jail and separate people from their loved ones. Don't confuse - Nay Win, Than Shwe and Khin Nyunt are history's criminal.